ပျော်ရွှင်ကြည်နူးရတဲ့ နွေရက်များအကြောင်း

ပျော်ရွှင်ကြည်နူးရတဲ့ နွေရက်များအကြောင်း

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ  အက်ဆေး ဖြစ်ပါသည်။

 သန်းစိုးနိုင်ရေးသည်

လူတိုင်း ဘဝမှာ လွတ်လပ်ပျော်ရွှင်ရတဲ့ ဘဝတွေ ကိုယ်စီရှိခဲ့မှာ သေချာတယ်။ ဘဝမှာ အပျော်ရွှင်ဆုံး အချိန်တွေကို အမျိုးမျိုး ဆစ်ပိုင်းပြသူတွေရှိတယ်။ ၁ဝ တန်းစာမေးပွဲ အောင်ချိန်က ဘဝမှာ အပျော်ရွှင်ဆုံးပဲလို့ ဆိုတဲ့သူလည်း ရှိဖူးတယ်။ ချစ်သူရည်းစားဆီက အဖြေရတဲ့ အချိန်ကသာ အပျော်ဆုံးလို့ ဘီယာဝိုင်းမှာ အာပေါင်အာရင်း သန်သန်နဲ့ ပြောခဲ့ဖူးတဲ့ သူငယ်ချင်းလည်းရှိခဲ့တာပဲ။ လူဆိုတာ ကိုယ့်ဖြတ်သန်းမှုနဲ့ ကိုယ်ပဲ မဟုတ်လား။ ရှင်လိင်ပြန်၊ ထောင်ထွက်၊ အိမ်ထောင်ကျတဲ့ရက်လို့ ပျော်ရွှင်ရတဲ့ ရက်တွေကို မှတ်ကြသူတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ ငယ်ဘဝ နွေဦးရက်တွေက ဘဝမှာ  ပျော်ရွှင်ကြည်နူး အမှတ်ထင်ထင် ရှိခဲ့ရတဲ့ ရက်မြတ်မင်္ဂလာတွေ ဖြစ်ခဲ့တယ်။

ငယ်ဘဝ နွေဦးတွေက ပျော်ရွှင်မှုတွေကို အုံနဲ့ ကျင်းနဲ့ သယ်ဆောင်လာလေ့ရှိတယ်။ ရွက်ဟောင်းတွေ တဖြောဖြော ကြွေလို့ ပုရစ်ဖူးတွေ ဝေစည်ချိန်မှာ ကျွန်တော်တို့ရဲ့ ပခုံးထက်က လွယ်အိတ်တွေ ဘုံးခနဲ ပစ်ချလိုက်တာနဲ့ လွတ်လပ်မှုတွေက ခန္ဓာကိုယ်ရဲ့ သွေးကြောတွေထဲ စီးဝင်သွားတယ်။ အခုလို နွေကျောင်းပိတ်လို့ နွေဦးကာလ ရောက်ရင် ကစားနည်းပေါင်းစုံကို ကစားကြတော့တာပဲ။ လွတ်လပ်ပေါ့ပါးမှုက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ် ထင်တာပါပဲ။ ဒီနေ့ခေတ် ကလေးငယ်တွေရဲ့ နွေဦးတွေက ကျွန်တော်တို့ နွေဦးတွေလောက် လွတ်လပ်ပေါ့ပါးမှု မရှိတာ သေချာတယ်။ ကျောင်းပိတ်ရက်ရှည် ဖြစ်သည့်တိုင် သင်တန်းပေါင်းစုံနဲ့မို့ ကစားခွင့် နားခွင့် မယ်မယ်ရရ မရရှာဘူး။ မိဘတွေရဲ့ လောဘက သူတို့လေးတွေကို ဖိအားဖြစ်စေတယ်။

နွေဦးကာလတွေမှာ ကျွန်တော်တို့ စားခဲ့ သောက်ခဲ့ရတဲ့ အစားအသောက်တွေအကြောင်း စဉ်းစားကြည့်တော့ ရာသီပေါ် သီးနှံတွေနဲ့ မြန်မာမုန့်ပဲသရေစာတွေ အများဆုံး စားခဲ့ကြတာပါ ပဲ။ တစ်ခါတလေ တစ်ချောင်း တစ်မတ် (၂၅ ပြား)တန် သကာ ရည် နီနီရဲရဲ ဆမ်းထားတဲ့ ရေခဲချောင်းမျှသာ ဖြစ်တယ်။ ငါ့မှာ ပိုက်ဆံ ဖောဖောသီသီ ရှိတဲ့ အခါ ရေခဲချောင်းတွေ တဝကြီးစား မယ်ဆိုတဲ့ ကလေးအတွေးတောင် တွေးခဲ့ဖူးသေး။ ကလေးဘဝ ကတော့ မိဘပေးတဲ့ မုန့်ဖိုးပဲ ရခဲ့လို့ ရေခဲချောင်းလည်း ဖောဖော သီသီ မစားခဲ့ရဖူးပါဘဲ ပိုက်ဆံရှာရတဲ့ လူလတ်ပိုင်းအရွယ်သာ ရောက်လာခဲ့တယ်။

ဒီနေ့ခေတ် ကလေးငယ်တွေက ကျွန်တော်တို့ရဲ့ ငယ်ဘဝ ပျော်ရွှင်မှုတွေကို နားလည်နိုင်ပါ့မလား မသိဘူး။ ဝတ်တော့လည်း အိမ်နေရင်း မြင်းခေါင်းစွပ်ကျယ်လက်ပြတ်၊ သွားစရာ လာစရာ ရှိတော့ စီဝိုင်စီလေး အရိပ်ပန်းလေး အပ်ချုပ်ဆိုင် ပြေးအပ်ပြီး ဝတ်ကြ။ စားတော့ သောက်တော့လည်း ပဲစိမ်းစားဥ၊ မာလကာ သီး၊ ကန်စွန်းဥပြုတ်၊ ပြောင်းဖူးဖုတ်၊ ဌာပနာထုပ်၊ ပြန်ပေါင်းထုပ်၊ ကြံရည်၊ ဘာလီရည်၊ ဇီးဖျော်ရည်၊ ဘိလပ်ရည် ဒီလောက်ပါပဲ။ ဒီထက်လည်း မပိုလှပါဘူး။ ရွှေရင်အေးဖျော်ရည်ဆိုတာ အမေ ဈေးက ပြန်လာတဲ့အခါ ဝယ်လာပါမှ သောက်ရတဲ့ ဖျော်ရည်။ သစ်ခွဖျော်ရည်တို့၊ သံဘူးဖျော်ရည်တို့ဆိုတာ မြို့ထဲက အအေးဆိုင်တွေ ရောက်ပါမှ ဟန်လုပ်သောက်ရတဲ့ ဖျော်ရည်တွေ။ ကျွန်တော်ငယ်ငယ်က သစ်ခွဖျော်ရည်နဲ့ သံဘူးဖျော်ရည်တွေကို အရသာခံ သောက်ရကောင်းမှန်း မသိခဲ့ဘူး။ ကျွန်တော့်အစ်ကို တွေ၊ ဦးလေးတွေကတော့ သံဘူးဖျော်ရည်နဲ့ သစ်ခွဖျော်ရည်ကို ခုံခုံမင်မင် သောက်ကြတယ်။ ဒီနေ့ခေတ်မှာ သစ်ခွဖျော်ရည်တို့၊ သံဘူးဖျော်ရည်တို့ ရှိမှ ရှိသေးရဲ့လား မသိဘူး။ ကျွန်တော်တို့ ဘာ မှ ထွေထွေထူးထူး စားသောက်ခဲ့ရတာ မဟုတ်ခဲ့လို့ ဘာကြောင့် ပျော်ရွှင်ခဲ့တယ်ဆိုတာ ဒီနေ့ခေတ် ကလေးငယ်တွေ နားလည်နိုင်  ဖို့ မလွယ်လှဘူး။ အစားကောင်း အသောက်ကောင်းတွေ အလျှံ ပယ် ရနေပေမယ့်လည်း ဘဝက ပျော်စရာ ဖြစ်ချင်မှ ဖြစ်တာကိုး။ တိုင်းကာထွာကာနဲ့ တို့ကာ ထိကာ စားရပေမယ့်လည်း ပျော်ချင် ရင် ပျော်နေရတာ မဟုတ်လား။

ကျွန်တော်တို့ ငယ်ဘဝ နွေဦးတွေက ဘာကြောင့် ပျော် စရာကောင်းခဲ့ပါလိမ့်။ လွတ်လပ်ပေါ့ပါး ပျော်ရွှင်ခဲ့ရလို့ ထင်တာ ပါပဲ။ ကျောင်းသွားစရာမလို၊ ကျူရှင်တက်စရာမလို၊ မနက် ရောက်ပါပြီ ဆိုကတည်းက ဗြောင်းဆန်အောင် ဆော့။ မိဘတွေ ကို တတ်နိုင်သလောက် ကူညီလုပ်ကိုင်ပေး။ နေ့လယ်နေ့ခင်းတွေ မှာ လက်ဖက်ရည်လေး ဘာလေး သောက်၊ တရေးတမော အိပ်၊ ညနေပိုင်းရောက်တော့လည်း မောရမှန်း မသိ၊ ပန်းရမှန်း မသိ ဆော့ကစားခဲ့ကြတာပါပဲ။ အခါကြီးရက်ကြီး ဥပုသ်နေ့တွေ ရောက်တဲ့အခါ ရပ်ရေးရွာရေး လုပ်ကြတဲ့အခါလည်း ရှိခဲ့တာပဲ။ ကျွန်တော်တို့ ရှေ့က နောင်တော်ကြီးတွေ အစ်မတော်တွေက ရှေ့ က ဦးဆောင်ဦးရွက်ပြုပြီး လုပ်ပြတဲ့အခါ ကျွန်တော်တို့လည်း မနေနိုင်တော့ဘူး။ ရပ်ရွာအတွက် ကိုယ်နိုင်သလောက် ကျရာ နေရာက ဝင်ထမ်းကြရတော့တာပဲ။

ကျွန်တော်တို့ ကစားတဲ့ ကစားနည်းတွေက ကြွေပန်းကန်ကွဲတွေကို ဇယ်တောက်တမ်း ကစားခဲ့ကြတယ်။ ဆေးလိပ်ဖင်စီခံ တိုတွေကို တန်းနေအောင် ထောင်ပြီး ရှပ်ဒိုးနဲ့ ပစ်ခဲ့ကြတယ်။ ကိုယ်ပစ်မယ့် ရှပ်ဒိုး ကိုယ့်ဘာသာ လုပ်ခဲ့ကြတယ်။ သောက်ရေ အိုးကွဲတွေ၊ စဉ့်အင်တုံကွဲတွေက ရှပ်ဒိုးလုပ်ဖို့ အကောင်းဆုံး ပစ္စည်းတွေ။ ပေသီးလှိမ့်တဲ့အခါလည်း ရှိသလို မုန့်ထုပ်တွေမှာ ပါတဲ့ တံဆိပ်တွေကို စုပြီး တံဆိပ်ပစ်တယ်ဆိုတာလည်း လုပ်ခဲ့ ကြတယ်။ သားရေပင် (ရာဘာကွင်း သို့မဟုတ် ကြက်ပေါင်ကွင်း) တွေ ဝါးခြမ်းပြားငုတ်လေးပေါ် တင်လို့ မှန်အောင် ပစ်ပြီး ဝါးခြမ်း ပြားပေါ်က ရာဘာကွင်းတွေ အောက်ပြုတ်ကျအောင် ပစ်ရတဲ့ ကစားနည်းလည်း ရှိတယ်။ စွန်လွှတ်တာ၊ ဂျင်ပေါက်တာ စတဲ့ ကစားနည်းတွေလည်း ကစားခဲ့ကြသေးတယ်။ တစ်လက်မ ပတ် လည်လောက်ရှိတဲ့ ဂျပ်စက္ကူလေးပေါ် ရောင်စုံအရုပ်တွေ ရေး ခြယ်ထားတဲ့ ပိုလိုကားထပ်ကြေး ကစားခဲ့တာလည်း ရှိတာပေါ့။ အနည်းဆုံး ဘာမှ ကစားစရာ မရှိရင် မြေပြောင်ပြောင်မှာ တုတ်ခညောင်းနဲ့ စက်ဝိုင်းဝိုင်းပြီး စက်ဝိုင်းကို လေးစိတ် စိတ် လိုက်တယ်။ စက်ဝိုင်းစိတ်တစ်စိတ်ကို ကြက်ခြေခတ်ပြီး နတ်ရေ ကန်အဖြစ် ထားကာ လူနှစ်ယောက် မျက်နှာချင်းဆိုင်ပြီး တစ် ယောက် ကျားနှစ်ကောင်စီနဲ့ ပိတ်ဖမ်းတဲ့ ကစားနည်းလည်း ကစားခဲ့တာပဲ။ အုပ်စုဖွဲ့ ကစားနည်းတွေဖြစ်တဲ့ ထုပ်ဆီးတိုး၊ ညောင်ပင်တစေ ္ဆ၊ ရွှေတံခါးကြီး ဖွင့်ပါဦး၊ လေယာဉ်ပျံ ရှပ်ဒိုး၊ တိုင်ဦးတမ်း၊ ရွှေစွန်ညို စတဲ့ ကစားနည်းတွေကိုတော့ ညနေ နေညို ချိန်ကနေ ညဦးပိုင်းအထိ မမောနိုင် မပန်းနိုင် ကစားကြတယ်။ ဝိုင်းဖွဲ့ထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေလည်း အများကြီးပဲ။ ကြက်ပျံ၊ ငှက်ပျံ ကစားတာတို့၊ လက်ချောင်းလေးတွေ စုပြီး ဝှက် တာတို့ ကစားခဲ့တာ မှတ်မိတယ်။ တချို့ကစားနည်းတွေ၊ ကစားပုံ ကစားနည်းတွေ မေ့နေပြီ။ တချို့ ကစားနည်းတွေကတော့ အခု ထိ မှတ်မိပေမယ့် ကစားနည်းရဲ့ နာမည်ကို မမှတ်မိတော့ဘူး။ ကစားနည်းတိုင်းမှာ သူ့စည်းမျဉ်းနဲ့ သူအတိအကျ ရှိတယ်။

ဆော့ဖို့၊ ကစားဖို့အတွက် ငွေကုန်ကြေးကျ မရှိခဲ့သလို အစားအသောက်အတွက်လည်း နင်ပဲငဆ ကုန်ကျခဲ့တာ မရှိဘူး။ ခရီးယာယီအဖြစ် ဟိုဟိုဒီဒီ သွားခဲ့ လာခဲ့ကြတာလည်း သိပ်မရှိ လှပါဘူး။ ဒါပေမဲ့ ပျော်ရွှင်ကြည်နူးခဲ့ရတာပါပဲ။

ကျွန်တော်တို့ အပူအပင်ကင်းကင်း လွတ်လပ်ပျော်ရွှင်ခွင့် ရခဲ့တာက ကျွန်တော်တို့ရဲ့ ရှေ့မျိုးဆက်က အစ်ကိုတွေ၊ အစ်မတွေ ကလည်း ဦးဆောင်မှု ကောင်းခဲ့တာကြောင့်လည်း ပါလိမ့်မယ်။ သူတို့ကိုယ်တိုင် ရပ်ရေးရွာရေးမှာ တက်တက်ကြွကြွ လုပ်ခဲ့ကြ သလို ကျွန်တော်တို့ကိုလည်း သူတို့နဲ့ အတူပါလာအောင် စည်းရုံး သိမ်းသွင်းနိုင်ခဲ့ကြတယ်။ ၈၈ ခုနှစ် ခေတ်ပြောင်းတော်လှန်ရေး အရေးတော်ပုံကြီးမှာ သူတို့တွေ တတ်စွမ်းသလောက် ပါဝင်ခဲ့ကြ တယ်။ သူတို့မျိုးဆက် ဦးဆောင်မှုနဲ့ မင်းသုံးဆက် ပြုတ်ကျသွား အောင် တိုက်ထုတ်နိုင်ခဲ့ကြတယ်။ ခေတ်ပြောင်းတော်လှန်ရေး မှာ ကျရာနေရာက ပါဝင်ခဲ့ပေမယ့် သူတို့က ထင်ပေါ်ကျော်ကြား လူကြိုက်များသူတွေ မဟုတ်ကြလို့ လူသိနည်းတယ်။ တကယ်တော့ သူတို့က သမိုင်းမှာ ဂုဏ်ပြုအပ်တဲ့သူတွေသာ ဖြစ်ပါတယ်။ အဲဒီအထဲက အများစုက အခုတော့ မိသားစုဝမ်းရေးအတွက် ရရာအလုပ်တွေ လုပ်လို့ ဝမ်းရေး ဖြေရှင်းနေကြရတယ်။

တချို့တွေ ဇာတိချက်ကြွေ မွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေး ရောက်ကုန်တယ်။ (တော်လှန်ရေးရဲ့ အသီးအပွင့် အဖြစ် ပြည်ပနိုင်ငံတွေ ရောက်ကုန်ကြသူတွေလည်း ရှိတယ်။) တချို့ကတော့ အရွယ်ကောင်းစဉ်မှာပဲ ကွယ်လွန်သွားခဲ့ရှာကြပြီ။  တချို့လူတွေ ကွယ်လွန်တော့ အသက် ၄ဝ ဝန်းကျင်အရွယ် ရှိ သေးတယ်။ သူတို့ဟာ လူ့အဖွဲ့အစည်းကို တတ်စွမ်းသလောက် ကူညီမယ်ဆိုတဲ့ အသိစိတ်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့ကြ သူတွေသာ ဖြစ်တယ်။ သူတို့ကြောင့် ဘယ်သူမှ အသက်ရှူ မကျပ် ခဲ့ရအောင် စည်းကမ်းရှိရှိ နေထိုင်သွားခဲ့ကြတယ်။ သူတို့ ကျွမ်း ကျင်တဲ့ ဘာသာရပ်က အနေအစား ရိုးရှင်းခြင်း။ ဒါ့အပြင် ရောင့် ရဲတင်းတိမ်မှု ဘာသာရပ်မှာ ဂုဏ်ထူးထွက်ကြသူတွေ ဖြစ်တယ်။ ကူညီရိုင်းပင်းမှု၊ စာနာဖေးမမှု၊ အများနဲ့ သပ္ပာယ်ယ ဖြစ်အောင် နေထိုင်မှုတွေမှာလည်း အထူးအောင်ကြသူတွေပေါ့။ သူတို့ အကြောင်း ပြန်တွေးလိုက်တိုင်း ကြိတ်မနိုင် ခဲမရတဲ့ ဝေဒနာတစ် ခု အမြဲ ခံစားရတယ်။

ကျွန်တော်တို့ရဲ့ အစ်ကိုတွေ၊ အစ်မတွေ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုပုံက သိပ်အနုပညာဆန်တာပဲ။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းတယ်။ ရောင့်ရဲစွာ နေထိုင်ကျင့်ကြံတယ်။ အတတ်နိုင် ဆုံး ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် သတိကြီးကြီးထားပြီးနေတယ်။ ရပ်ရေးရွာရေးကိစ္စတွေ၊ တော်လှန်ရေးကိစ္စတွေမှာ တက်ကြွသလောက် သူတို့ တစ်ကိုယ်ရေတစ်ကာယကိစ္စတွေမှာ သိပ် သွေးအေးတာပဲ။ စစ်မောင်းသံ တဒူဒူ၊ စစ်ခရာသံ တတွီတွီ၊ စစ် ဖိနပ်သံ တဖြောင်းဖြောင်းကြားမှာ သူတို့အလုပ် သူတို့ တည် တည်ငြိမ်ငြိမ် လုပ်သွားကြတယ်။ ရပ်ရွာအတွက် ဘောလုံးကန် ကြမယ်ဟေ့ ဆိုတော့လည်း သူတို့မျိုးဆက်တွေပဲ လူစုပြီး ကန် လိုက်ကြတာ အချိန်တန်တော့ ဒိုင်းဆုပိုက်ပြီး ပြန်လာကြတာပဲ။  ကျွန်တော်တို့မှာ သူတို့အသင်း ကန်မယ့်နေ့ဆို ချက်ပလက်ခေါင်း တိုကြီးတွေ စီးပြီး ဘောလုံးကွင်းအရောက် အသံပြာအောင် အား ပေးခဲ့ရတာတွေ မှတ်မိသေးတယ်။ အံ့သြစရာကောင်းတာက သူ တို့ ကစားသမား ၁၈ ယောက်မှာ ကိုယ်ပိုင်ဘောလုံးရှိသူ တစ် ယောက်မှ မပါဘူး။ သူများဘောလုံးငှားပြီး လေ့ကျင့်ရင်းနဲ့ မြို့ နယ် ဒိုင်းဆုကြီး ရအောင် ယူပြနိုင်ခဲ့ကြတယ်။ အားကစားဂျာနယ် ဆိုလို့ တံခွန်နဲ့ အင်အားဂျာနယ်သာ ရှိတဲ့ ခေတ်မှာ ကိုယ့်မိသားစု အလုပ်လည်း လုပ်ရင်း ဘောလုံးလည်း ကန်ခဲ့ကြသေးတယ်။

ခေတ်ပြောင်းတော်လှန်ရေး ပြီးတဲ့နောက် ခရုဆန်ကျွတ်ဘဝ ရောက်သွားတဲ့ ရွှေပြည်ကြီးမှာ သူတို့က လူရာဝင်သူတွေ မဟုတ်တော့ဘဲ ရိုးရိုးကုပ်ကုပ်နဲ့ ဘဝကို ဖြတ်သန်းကြတော့တယ်။ အလုပ်အကိုင်၊ အခွင့်အလမ်း နည်းပါးလှတဲ့ အခြေအနေမှာ မိသားစုဝမ်းရေးအတွက် သူတို့ နိုင်တဲ့ ဝန် ဆက်ထမ်းခဲ့ကြတယ်။ လက်သမား၊ မြေတူး၊ မွေးမြူရေး၊ ပွဲစား၊ စက်ဘီးပြင်၊ ဆီစက် အလုပ်သမား၊ စက်ဘီးပြင်၊ ကွမ်းယာဆိုင်၊ ထီဆိုင် သူတို့ အစုံ လုပ်ခဲ့တာပါကလား။ ယုတ်စွအဆုံး ဆိုက်ကားတောင် နင်းခဲ့ကြ တယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာ သူတို့မှ အစစ်။ သာရေး နာရေးရှိရင် ဖိတ်ကြားရေးကအစ ချက်ပြုတ်ကျွေးမွေးရေး၊ တည်ခင်းဧည့်ခံရေးအားလုံး ပတ်စာခွာဖျာသိမ်းတဲ့အထိ သူတို့ တာဝန်ယူကြတယ်။ ကျွန်တော်တို့မှာ အဲဒီလို ဦးဆောင်လမ်းညွှန်သူတွေ ကောင်းကောင်း ရခဲ့ပါလျက်နဲ့ ကိုယ်ဦးဆောင်ရမယ့် အလှည့်မှာ ဟုတ်တိပတ်တိ မည်မည်ရရ ဦးဆောင်နိုင်စွမ်း မရှိတဲ့ ကိုယ့်အဖြစ်ကို တွေးမိတိုင်း တစစ်စစ် နာကျင်ကိုက်ခဲရတယ်။

အခုလို နွေဦးရာသီ ရောက်တိုင်း ကျွန်တော့်မှာ ငယ်လွမ်း ဝေဒနာ အမြဲ ခံစားရတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် နောက် ကနေ မားမားမတ်မတ် ရပ်မယ့်သူတွေ ရှိတယ် ဆိုတဲ့ အသိက ကျွန်တော်တို့ကို နောက်ကျောလုံစေခဲ့တာလည်း ပါမှာပေါ့။ မြေသင်းနံ့နဲ့အတူ ပါလာတဲ့ သြင်္ကန်ရနံ့တွေက နွေဦး ရက်တွေကို ပိုလို့ သတိရစေတယ်။ အထူးသဖြင့် ဖော်ကွဲနေတဲ့ သင်းကွဲ ဥသြ ငှက်ရဲ့ လွမ်းလွမ်းဆွေးဆွေး တွန်ကျူးသံက လွမ်းစရာ ကောင်းလှ တယ်။ အခုခေတ် နွေဦးတွေမှာ ဥသြငှက်ရဲ့ တွန်သံသာကို ကြား ကြရသေးရဲ့လား မသိ။ လွမ်းတေးသီသံ မကြားရ တဲ့ နွေဦးတွေက တစ်ခုခု လစ်ဟာနေသလိုပဲ။ မပြည့်စုံလှဘူး။ ဒီတစ်ခါ မိတ်ဆွေ တွေနဲ့ ဆုံရင် ငယ်ဘဝ နွေဦးတွေအကြောင်း စားမြုံ့ပြန်ချင်ပါ သေးတယ်။

 

#MawKunMagazine
#Than Soe Naing

ဆက်သွယ်မှာယူနိုင်စေရန်…….

           

OFFICE    :  No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239
: 09791663065

website: www.mawkun.com

facebook: @mawkunmagazine

mawkun.chronicle@gmail.com

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."