အယ်ဒီတာ့အာဘော်
ပဋိပက္ခများဖြစ်ပွားခဲ့သော ပြည်နယ်လေးခုတွင် ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာတိမ်းရှောင်သူများခိုလှုံရာစခန်းများအား ပိတ်သိမ်းရေးနှင့် ၎င်းတို့အား နေရပ်ပြန်ပို့ရေးအတွက် အစိုးရက စတင်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းလုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ကြိုဆိုရမည်ဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင် ထောက်ပြစရာများလည်းရှိနေပြန်သည်။
ကချင်၊ ရှမ်း၊ ကရင်နှင့် ရခိုင်ပြည်နယ်လေးခုရှိ စခန်းပေါင်း ၁၄၀ ကျော်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ၁၆၀,၀၀၀ ကျော်ရှိနေပြီး ၎င်းတို့ကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ နေရပ်ပြန်ပို့နိုင်ရေး ဇွန် ၂ ရက်က နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားသည်။
အကြောင်းအမျိုးမျိုးကြောင့် စခန်းသို့ရောက်ရှိနေသူများအား စခန်းထဲတွင် ပိတ်လှောင်ထားမည့်အစား နေရပ်ပြန်ပို့နိုင်ရေး ဆောင်ရွက်မှုသည် ကြိုဆိုစရာဖြစ်သော်လည်း ထိုစီမံကိန်းအား အကောင်အထည်မဖော်ခင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ ကို ဦးစွာကြိုတင်ရှင်းလင်းပေးရန် လိုအပ်ပါလိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင် နေရာဒေသနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ခံအခြေနေများပေါ်မူတည်ပြီး မတူကွဲပြားသော စိန်ခေါ်မှုများ မုချမသွေကြုံတွေ့ရပါလိမ့်မည်။
ဥပမာ – ရခိုင်ပြည်နယ်ရှိ စခန်းများမှ မွတ်ဆလင်များအား ၎င်းတို့နေရပ်ဟောင်းသို့ ပြန်ပို့မည်ဆိုပါက မြေပြင်အခြေအနေ အဆင်သင့်ဖြစ်ပြီလားဆိုသည်ကို ဦးစွာဆန်းစစ်ရပါလိမ့်မည်။ ပြန်မပို့ခင် ဒေသခံတိုင်းရင်းသားများ လက်ခံလာအောင်၊ နှစ်ဘက်လူမှုအဖွဲ့အစည်းကြား သဟဇာတပြန်ဖြစ်အောင်၊ အမုန်းများ အာဃာတများ လျော့နည်းပျောက်ကွယ်သွားအောင် ဦးစွာလုပ်ဆောင်ရပါလိမ့်မည်။
ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်ကဲ့သို့သော ဒေသများမှ စစ်ဘေးရှောင်နေရပ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအတွက်မူ ပထမဦးဆုံး လုပ်ရမည့်အလုပ်မှာ ၎င်းတို့စစ်ဘေးရှောင်ဖြစ်ရသည့် ပြဿနာ၏ ဇာစ်မြစ်ကို ဦးစွာဖြေရှင်းရမည်ဖြစ်သည်။ ယင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်ကြား တိုက်ခတ်မှုများ ရပ်စဲရေးနှင့် အရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးတို့ ဖြစ်သည်။
ယင်းတို့ကို ဦးစွာမဖော်ဆောင်နိုင်ဘဲ နေရပ်ပြန်ခိုင်းမည်ဆိုပါက ဘယ်အချိန် စစ်ရှောင်ဘဝပြန်ရောက်မည်ကို ဒေသခံများ မုချစိုးရိမ်ကြရပါလိမ့်မည်။ ထိုသောကတို့ဖြင့် လောင်မြိုက်ကာ အိပ်ကောင်းခြင်းအိပ်နိုင်ကြလိမ့်မည်မဟုတ်သကဲ့သို့ မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း စိတ်ဖြောင့်ဖြောင့် လုပ်နိုင်ကြလိမ့်မည်မဟုတ်ပါ။
အကယ်၍ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးရပြီဆိုလျှင်ပင် စစ်ရှောင်များအား နေရပ်ပြန်ခိုင်းရေးကို အလျင်စလိုလုပ်ဆောင်၍ ရမည်မဟုတ်ပါ။ ထိုသို့မလုပ်ဆောင်ခင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တပ်မတော်တို့ ထိပ်တိုက်ထိတွေ့ခဲ့ရာ နေရာတစ်ဝန်း မြေမြှုပ်မိုင်းများ ရှင်းလင်းဖယ်ရှားရေးသည် ဦးစွာလုပ်ဆောင်ရမည့် လွန်စွာအရေးကြီးသော ကိစ္စတစ်ခုဖြစ်ပါသည်။ ထို့ပြင် နှစ်ပေါင်းများစွာ စွန့်ခွာခဲ့ရသောကြောင့် ပြိုကျပျက်စီးကုန်သော၊ ခြုံနွယ်ပိတ်ပေါင်းတို့၏ ဝါးမြိုခြင်းကိုခံခဲ့ရသော အိမ်များ၊ ကျောင်းများ၊ ဆေးခန်းများ ပြန်လည်ပြုပြင်တည်ဆောက်ပေးရေးနှင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်အခြေအနေရောက်စေရေးအတွက် ကူညီရပါလိမ့်ဦးမည်။
ခြုံပြောရမည်ဆိုလျှင် စခန်းများပိတ်သိမ်းရေးကိုပဲ ဦးစားပေးလုပ်ဆောင်ပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရခြင်း၏ ပြဿနာအရင်းအမြစ်ကို တူးထုတ်မပစ်နိုင်လျှင် နောက်နောင်ပြဿနာများထပ်မံပေါ်ပေါက်လာပါက စစ်ရှောင် စခန်းဟောင်းနေရာများတွင် စခန်းသစ်များပေါ်လာပြီး စစ်ဘေးရှောင်အဆိုးသံသရာထဲမှ ပြည်သူများရုန်းမထွက်နိုင် ဖြစ်ရမည်ကို စိုးရိမ်ရပါကြောင်း ကျွန်ုပ်တို့မော်ကွန်းက သတိပေးလိုပါသည်။