အောင်ပိုင်
မတ် ၂၂
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံရတဲ့ ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသက်မှတ်တာဟာ ပုဒ်မထက် လုပ်ရပ်ပေါ်မူတည်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မော်ကွန်းကို ပြောပါတယ်။
“ကျနော်တို့ဆိုလည်း ရာဇဝတ်ပြစ်မှုနဲ့ ထောင်ချခံရတာပဲ။ ဒါပေမယ့် နိုင်ငံရေးဆောင်ရွက်ချက်အရ ဖမ်းဆီးခံရတဲ့အတွက် ကျနော်တို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံရဖူးပါတယ်။ လုပ်ရပ်ပေါ်ပဲ မူတည်ပါတယ်။ ပုဒ်မကို အစွဲမထားပါနဲ့ လို့ပြောချင်ပါတယ်။” လို့ ၎င်းကဆိုပါတယ်။
ပြည်ထောင်စုပြိုကွဲအောင် ဟောပြောစည်းရုံးလှုံ့ဆော်တာဟာ တခြားသောပြည်နယ်တွေကိုပျံ့နှံ့သွားနိုင်ပြီး ခွဲထွက် ချင်လာနိင်ကြောင်းနဲ့ ထိုခွဲထွက်ချင်စိတ်တွေကြောင့်သာ တိုင်းပြည်ဟာ နှစ်ပေါင်း ၅၀ ကျော် စစ်ဖိနပ်အောက် ရောက်ခဲ့တဲ့အတွက် ပြတ်ပြတ်သားဆန့်ကျင်ဖို့လိုတာကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေ အဖြစ်သတ်မှတ်တာပါ လို့လည်း ၎င်းကဆက် ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ “ကျနော်တို့ AAPP က (ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို) နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပါတယ်။ သမိုင်းကြောင်းအရပြန်ကြည့်ပြီးတော့ သတ်မှတ်ရတာဖြစ်ပါတယ်။ AAPP ရဲ့ ၁၉ နှစ်တာကာလ ဖြတ်သန်းမှုမှာ ပုဒ်မ ၁၂၂ ဟာ နိုင်ငံရေးအမှုထဲမှာ မဖြစ်မနေပါတယ်ဆိုတာကို လက်ခံထားပါတယ်။ ဒေါက်တာအေးမောင်ကို ထောင်ချတာကလည်း ဟောပြောပွဲမှာ နိုင်ငံရေးစကားတွေပါတယ်၊ အမျိုးသားရေးကိစ္စတွေပါတယ်၊ ဒီပုဒ်မနဲ့လည်းစွဲဆိုတဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။” လို့ဆိုပါတယ်။
လက်တလောမှာ AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ပြစ်ဒဏ်ကျပြီးသား ၅၉ ဦးနဲ့ တရားရင်ဆိုင်နေရသူ အယောက် ၃၀၀ နီးပါးရှိနေပြီး အများစုက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ၊ လယ်သမားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး တောင်းဆိုဆန္ဒပြသူတွေဖြစ်ပါတယ်။
အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် တို့ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုက ဟောပြောမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ မတ်လ ၂၁ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် အပြစ်ဒဏ်ကျခံရန် ချမှတ်ခဲ့ပါတယ်။