ဒေါက်တာစိုးဝင်းမြင့်ပါမောက္ခ  အရီဇိုးနားပြည်နယ်တက္ကသိုလ် အမေရိကန်ပြည်ထောင်စုနှင့် အင်တာဗျူး

ဒေါက်တာစိုးဝင်းမြင့်ပါမောက္ခ  အရီဇိုးနားပြည်နယ်တက္ကသိုလ် အမေရိကန်ပြည်ထောင်စုနှင့် အင်တာဗျူး

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိ သစ်တောပြုန်းတဲ့နှုန်းအတိုင်းဆက်သွားရင် ဘယ်ကာလလောက်မှာ တစ်နိုင်ငံလုံး လွင်တီးခေါင်ဖြစ်သွားနိုင်သလဲ၊ အဲဒီ အခြေအနေကို မရောက်အောင်ကျွန်တော်တို့ ဘယ်လိုကြိုတင် ဟန့်တားနိုင်မလဲ၊အစိုးရသစ်လက်ထက်မှာ ဘာတွေကအခွင့်အလမ်းတွေဖြစ်ပြီး ဘာတွေက စိန်ခေါ်မှုတွေအဖြစ် ဆက်ရှိနေမလဲ၊ တိုင်းပြည်ငြိမ်းချမ်းသွားတဲ့အချိန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်လာတဲ့အခါသစ်တောတွေ မပြုန်းတီးအောင် ဘယ်လိုလုပ်သင့်လဲ စတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်တက္ကသိုလ်၊ ပထဝီနှင့် မြို့ပြစီမံကိန်းဌာနမှ ပါမောက္ခဒေါက်တာစိုးဝင်းမြင့်ကို မော်ကွန်းက ဘော်စတွန်မြို့မှာ ဧပြီလအတွင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဒေါက်တာစိုးဝင်းမြင့်ဟာ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတပညာရှင်လည်း ဖြစ်ပါတယ်။အောက်မှာ ဖော်ပြထားတာတွေကတော့ အဆိုပါအင်တာဗျူးကနေ ထုတ်နုတ်ဖော်ပြလိုက်တာဖြစ်ပါတယ်။

မော်ကွန်း။ ။ ကျွန်တော်တို့နိုင်ငံရဲ့ သစ်တောပြုန်းတီးမှု အခြေအနေက ဘယ်လောက်အထိ ဆိုးရွားတဲ့အခြေအနေ ဖြစ်နေပြီလဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ လက်ရှိတောပြုန်းတဲ့ နှုန်းထားက ဝ ဒသမ ၈၁ ရာခိုင်နှုန်းအထိ နှစ်စဉ်ရှိတယ်။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ယှဉ်ရင် သိပ်အဆိုးကြီးတော့မဟုတ်ဘူး။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တချို့တိုင်းပြည်တွေရဲ့ ပြုန်းတီးမှုဟာ ကျွန်တော်တို့လောက်နီးပါး၊ တချို့က ကျွန်တော်တို့ထက်ကျော်တာပေါ့။

မော်ကွန်း။ ။ FAO (စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း –Food and Agriculture Organization) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ကမ္ဘာမှာ သစ်တောပြုန်းတီးမှု တတိယ အများဆုံးဆိုပြီး ပြောထားတယ်။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ FAO  က ပြောတာ မှန်ပါလိမ့်မယ်။ ကျွန်တော်တို့က ကာလအတိုင်းအတာ တစ်ခုအတွင်းမှာတွက်တဲ့အတွက် ထားပါတော့။ ကျွန်တော့်စီမံကိန်းဆိုရင် ၂ဝဝဝနဲ့ ၂ဝ၁ဝ ခုနှစ်အတွင်းပဲ ဂြိုဟ်တုဓာတ်ပုံတွေ၊ ကောင်းကင်ဓာတ်ပုံတွေ ကြည့်ပြီး တွက်တော့ ၂ဝဝဝ နဲ့ ၂ဝ၁ဝ ခုနှစ်အတွင်းမှာ ဒီလောက်ဆိုတဲ့ နှုန်း ထွက်တာပေါ့။ ကျွန်တော်ကသာ ၁၉၈၅ ခုနှစ်ကနေပြီးတော့ ၂ဝ၁ဝ အထိ လုပ်လို့ရှိရင်တော့ နှုန်းထားက ဒီထက် အများကြီး များနေမှာပေါ့။

သစ်ထုတ်တဲ့နှုန်းထားတွေက ၂ဝဝဝ မတိုင်ခင် တအားကြီးများခဲ့တယ်ဆိုရင်တော့ အဲဒီနှုန်းထားထက် များနိုင်တာပေါ့။ သာမန်အတိုင်းဆိုရင်တော့ ပြီးခဲ့တဲ့နှစ်တွေ၊ ဆယ်စုနှစ် နှစ်ခု၊ သုံးခုလောက်မှာ ကျွန်တော်တို့တိုင်းပြည်နိုင်ငံခြားဝင်ငွေတွေအများကြီးလိုနေတဲ့အချိန်မှာသစ်တောထွက်ကုန်ကိုပဲအလေးပေးပြးီတော့မှီခိုနေရတဲ့အတွက် သစ်တောပြုန်းတီးမှုက တော်တော်များနိုင်တာပေါ့။

မော်ကွန်း။ ။ လက်ရှိအနေအထားအတိုင်းဆိုရင် နှစ်ကာလ လောက်ကြာရင် အဆိုးရွားဆုံးအခြေအနေ ရောက်သွားနိုင်မလဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့သုတေသနတွက်ချက်ထားတဲ့အတိုင်းဆိုရင် လက်ရှိတောပြုန်းတဲ့နှုန်းထားအတိုင်းသွားရင်တစ်နိုင်ငံလုံးပြောင်သလင်းခါပြီးသစ်တောလုံးဝမကျန်တော့တဲ့အခြေအနေကို ၁ဝ၈ နှစ်ကြာရင်ရောက်လိမ့်မယ်။ အဲဒါက ၂၁၂၅ ခုနှစ်ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ၂,၃၅၃ ဒသမ ၂၂ စတုရန်းကီလိုမီတာအကျယ်ရှိတဲ့ တောတွေပြုန်းနေတယ်။

မော်ကွန်း။ ။ အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်မသွားအောင် ပြန်လည်ပျိုးထောင်မယ်ဆိုရင် ဘယ်လိုဗျူဟာတွေနဲ့ ဘယ်လို စနစ်တကျလုပ်ဖို့ လိုအပ်မလဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ စီးပွားဖြစ် သစ်ထုတ်လုပ်ခြင်းကို အခုအစိုးရကလည်း တစ်နှစ် ရပ်တန့်ထားတယ်လေ။ ၂ဝ၁၇ခုနှစ်ကနေ တစ်နှစ်တစ်နှစ် တိုးတိုးသွားပြီး နောက်ဆုံးတော့လုံးဝ မထုတ်တော့တဲ့ အဆင့်ထိ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သစ်တောဘက်ကနေ နိုင်ငံခြားငွေရှာတာတော့ ရပ်သွားမှာပေါ့။ ဒါပေမဲ့လည်း တခြားနေရာတွေမှာ ရှိဦးမှာပေါ့။ တခြားနေရာတွေဆိုတာက သူတို့ခေါ်တဲ့ Green Economy ပေါ့။ အစိမ်းရောင်စီးပွားရေးစနစ်ကို ဦးတည်ရမှာပေါ့။ ခရီးသွားလုပ်ငန်းကိုသဘာဝသယံဇာတတွေ၊ သစ်တောတွေ၊ ရေမြေတောတောင် သဘာဝအလှတွေနဲ့ စီးပွားဖြစ်လုပ်ဖို့ပေါ့။ တောတွေ၊ တောင်တွေမပျက်ဘဲနဲ့ အဲဒီအလှအပကို လာပြီး ခံစားတဲ့သူ နိုင်ငံခြားသားတွေဆီက ဝင်ငွေတွေ ရအောင်လုပ်ပြီး အဲဒီကိစ္စတွေ တိုးတက်အောင် လုပ်သွားရမှာပေါ့။

ပဲခူးရိုးမကတော့ သစ်ထုတ်လုပ်ရေးကို ဆယ်နှစ် ရပ်ဆိုင်းထားတယ်။ အဲဒီလို ရပ်ဆိုင်းထားတဲ့အတွက် ဖြစ်လာမယ့် အကျိုးတွေက အများကြီးပဲလေ။ ကျွန်တော်က မျှော်လင့်တာကတော့တစ်နိုင်ငံလုံးကို ၂ဝ၁၈ မှာလည်း သစ်ထုတ်လုပ်ခြင်းကို နောက်ထပ် တစ်နှစ် ရပ်ဆိုင်းလိုက်သည်လို့ဆိုရင် ပိုကောင်းမယ်။နောက်ဘိတ်ဆုံးကျတော့ လုံးလုံးရပ်ဆိုင်းလိုက်သည်ဆိုတာမျိုးကို ဖြစ်စေချင်တာပေါ့။

ကျွန်တော်တို့တိုင်းပြည်က တစ်နှစ်တစ်နှစ် တောခုတ်တာရပ်လို့ ကာဗွန်တန် ၁,၃၇၇,ဝဝဝ ရပ်အောင် လုပ်တာကိုယူရင်အမေရိကန်ဒေါ်လာ ၈,၉၅ဝ,၅ဝဝ တန်ဖိုးရှိတဲ့ ကာဗွန်တွေ လေထဲကို ထုတ်တာ ရပ်လိုက်တယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါကကာဗွန်တစ်မျိုးတည်း စဉ်းစားတာပါ။ သစ်တောက ကောင်းအောင် အကျိုးပြုပေးတဲ့ ကိစ္စတွေအများကြီးကို ထည့် မစဉ်းစားထားပါဘူး။

(သစ်တောတွေမထိန်းနိုင်လို့) သဲကန္တာရ ဖြစ်သွားရင်ပြောင်းမရတော့ဘူး။ အဲဒီအခြေနေမတိုင်ခင်မှာ တော်တော်တန်တန် အပင်လေးတွေ၊ ချုံပုတ်အရွယ် အပင်လေးတွေ၊ နွယ်ပင်ပေါင်းပင်လို အဆင့်မျိုးလောက်မှာ သစ်တောတွေ ပြန်ဖန်တီးနိုင်မှ မြေဆီလွှာကို ပြန်ဖန်တီးနိုင်လိမ့်မယ်။ အဲဒီလို မထိန်းနိုင်လို့ကတော့ တောကောင်းကနေ တောညံ့ဖြစ်၊ တောညံ့ကနေ ပိုပြီး ဆိုးရွားတဲ့ တောဖြစ်၊ အဲဒီကနေ ပိုပြီး ခပ်နိမ့်နိမ့်တောဖြစ်။ ကမ္ဘာမှာဖြစ်နေတဲ့ သဲကန္တာရကြီးတွေဆိုတာ အရင်က တောကြီးတွေပဲပေါ့။ အဲဒီလိုနည်းနဲ့ သဲကန္တာရဖြစ်တာပေါ့။ သဲကန္တာရ ဖြစ်တဲ့အချိန်ကျရင် အဲဒီ သဲကန္တာရမှာ ရှိတဲ့ သဲက မြေဆီမြေနှစ် ဘာမှကို မရှိဘူး။ ဘာပင်မှ မရှင်သန်နိုင်ဘူး။ အပင်စိုက်သေမှာပဲ။ နို့ မဟုတ်ရင်ကတော့ မြေဆီမြေလွှာကောင်းတဲ့ဟာတွေ ကုန်ကားကြီးတွေနဲ့ သယ်ပြီး အပေါ်ကပုံပြီးတော့ စိုက်မယ်ဆိုရင်တော့တစ်မျိုးပေါ့။ ပုံမှန်အားဖြင့်တော့ အဲဒီအဆင့်ကိုရောက်သွားရင်ပြန်ပြောင်းလို့ မရတော့ဘူး။ ဟိုကြားထဲက အဆင့်တွေကတော့ တောကောင်းကြီးတွေ ပြန်ဖြစ်အောင်လုပ်လို့ရတယ်။ အဲဒီတော့ ပထမဦးဆုံးက စီးပွားဖြစ် သစ်ထုတ်ခြင်းကို ရပ်ရမှာပေါ့။

ရာသီဥတု ဖောက်ပြားတာရော၊ မြေဆီလွှာတိုက်စားတာရော၊ နောက် မြေပြိုတာတို့၊ မြေပြိုလို့ လူတွေသေတာတို့၊ ရေတိုက်စားလို့ လူနေအိမ်ခြေတွေ ဒုက္ခရောက်တာရော၊ တောရွာတွေ၊ အိမ်ခြေတွေ ရေအောက်ရောက်တာတွေရော၊ စိုက်ခင်းတွေရေဝင်လို့ ပျက်တာတွေရော အကုန်လုံးက တောပျက်ခြင်းနဲ့ပဲတိုက်ရိုက် ဆက်သွယ်နေတာဆိုတော့ ရပ်ရမှာတော့ တောပျက်တာကိုပေါ့။

(စီးပွားဖြစ် သစ်ထုတ်တာတွေ ရပ်လိုက်တဲ့ အကျိုးကျေးဇူးအဖြစ်) ကျွန်တော်တို့တိုင်းပြည်က ငွေကို မမြင်ရပေမယ့် အဲဒီငွေတွေနဲ့ အလားသဏ္ဌာန်တူတဲ့ (အကျိုးကျေးဇူးတွေကို)စုဆောင်းမိတယ်ဆိုတာကို ကျွန်တော်တို့က နားလည်ရမှာပေါ့။ နားလည်ရမယ်ဆိုတာ ပြည်သူလူထုကလည်း နားလည်ပေးရမှာပေါ့။ ဒီအတိုင်းဆိုလို့ရှိရင် မစဉ်းစားရင် မမြင်ဘူး တော်ရုံတန်ရုံလေ။ဘာပြုလို့လဲဆိုတော့ သူ့အစိုးရ လုပ်စရာရှိလို့ လုပ်တာ ကိုယ်နဲ့မဆိုင်ပါဘူးဆိုတာမျိုး ဖြစ်နေတာ။

တကယ်တမ်းက သူတို့ အဲဒီလို ရပ်တဲ့အတွက် နိုင်ငံခြားဝင်ငွေ၊ ပြည်တွင်းဝင်ငွေတွေ ဘယ်လောက်ထိခိုက်မယ်ဆိုတာကိုသိရဲ့သားနဲ့ အထိခိုက်ခံပြီးတော့ တိုင်းပြည်အတွက် ကောင်းပါစေ၊ပြည်သူပြည်သားတွေအတွက် ကောင်းပါစေဆိုပြီးတော့ မိုးခေါင်တာတွေနည်းသွားအောင်၊ မုန်တိုင်းကျတာတွေ နည်းသွားအောင်၊ အပူဒဏ်၊ အပူလှိုင်းခတ်တာတွေ များမလာအောင် ဒီလိုတွေ လုပ်မယ်ဆိုပြီးတော့ စေတနာ၊ မေတ္တာတွေ ထားပြီးတော့လုပ်တာကို ပြည်သူတွေကလည်း သိရင်တော့ ကောင်းတာပေါ့။

နောက် ပြည်တွင်းမှာ တောပျက်ဖို့အတွက် အရေးပါတဲ့အခြားအချက်တွေက ထင်းမီးသွေးထုတ်လုပ်မှု။ ထင်းမီးသွေးထုတ်လုပ်မှုနဲ့ အလားတူ အခြားဘာတွေရှိနိုင်သေးလဲဆိုတော့ကျွန်တော်တို့ အဲဒီတောနေပြည်သူလူထုက တောနီးနားဝန်းကျင်က နေအိမ်အသုံးအဆောင်တို့၊ တံတားတို့အတွက် သုံးတဲ့ အသုံးအဆောင်တွေအတွက် တောထိခိုက် ပျက်စီးတာတွေလည်းရှိတယ်။ သိပ်ပြီး တောမပြုန်းရင်တောင်မှ တောအရည်အသွေးကျလာတာပေါ့။

အရည်အသွေးကျလာတာတွေ များလာရင်တော့ ပြုန်းသွားမှာပေါ့။ တောင်ယာခုတ်တယ်ဆိုရင် တောကို အပြောင်းရှင်းပြီးမှ စိုက်ပျိုးရေးလုပ်တာကိုး။ အဲဒါကလည်း တောပြုန်းတာကိုး။အဲဒါမျိုးကို ဘယ်လို ဥပဒေနည်းလမ်းတွေနဲ့ သုံးရမလဲ။ အဲဒါကျ တော့ လုံးလုံး ရပ်လို့ရတယ်လို့ မထင်ဘူး။ ထင်းမီးသွေးထုတ်တယ်ဆိုရင်လည်း အရင်တုန်းကလို ဗုံးပေါလအော ထုတ်ချင်သလို ထုတ်ခွင့်ပြုတာမျိုး မဟုတ်ဘဲနဲ့ စည်းနဲ့ကမ်းနဲ့ ဒီအကွက်ကတော့ ထုတ်၊ ဒီအကွက်ကတော့ မထုတ်နဲ့ ဆိုပြီးတော့ စည်းကမ်းလေး ဘာလေးနဲ့ လုပ်ပေါ့။

နောက် ကျွန်တော် ရှေ့လျှောက်မြင်တဲ့ဟာက အရှေ့တောင်အာရှနိုင်ငံတွေ သွားကြည့်တယ်ဆိုရင် တကယ့်ဖိအားကဘာလဲဆိုတော့ ငါးမွေးကန်တွေနဲ့ ပုစွန်မွေးကန်တွေပေါ့။ သန်းပေါင်းများစွာ ချမ်းသာတဲ့အလုပ်က အဲဒီအလုပ်ကိုး။ အဲဒီတော့ငါးမွေးကန်တွေနဲ့ ပုစွန်ကန်တွေက ဒီရေတောတွေမှာအကုန်လုံးဆောက်ကြတာလေ။ ဒီရေတောတွေမှာ ငါးမွေးကန်တွေ၊ ပုစွန်မွေးကန်တွေ ဖြစ်လာလို့ရှိရင် ဥပမာ-ဗီယက်နမ်တို့၊ ယိုးဒယားတို့ဆိုရင် မျက်စိတစ်ဆုံး ငါးကန်ချည်းပဲ။ ဒီရေတောတွေ ပြုန်းပြီးတော့ ဟိုဘက်မှာ ဘာဆိုဘာမှ မမြင်ရတော့ဘူး။ အဲဒါ ပုစွန်ကန်ချည်းပဲဆိုတော့ အဲဒါ နိုင်ငံခြားဝင်ငွေတွေ သန်းချီရတာပေါ့။အဲဒါမျိုးတွေ အများကြီးမဖြစ်ခင်မှာ ဘယ်လိုဥပဒေတွေနဲ့ လုပ်မယ်၊ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်မယ်ဆိုတာကို စဉ်းစားပေးဖို့ပေါ့။

မော်ကွန်း။ ။ အရပ်သားအစိုးရစစ်စစ်လက်ထက်မှာ အခွင့်အလမ်းတွေက ဘာတွေဖြစ်ပြီးတော့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ သစ်တောကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းမှာပေါ့။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ အခုအချိန်က အရပ်သားအစိုးရတက်တဲ့အတွက် အကောင်းဆုံးအချိန်။ နိုင်ငံခြားအထောက်အပံ့အကူအညီတွေ အများကြီး ရအောင်လုပ်၊ ကျွန်တော်ကအဲဒါကို အကျိုးအမြတ်လို့မြင်တာပဲ။ အရင်တုန်းက အစိုးရကတော့ သူက လက်နှေးရင်လည်း နှေးနေမယ်။ ဒါကတော့နိုင်ငံရေးတွေရော အကြောင်းအကျိုးဆက်စပ်မှုတွေအကုန်လုံးပါနေတော့ လုပ်ချင်တိုင်းလည်း အားရပါးရ မလုပ်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိချင်ရှိနေမှာပေါ့။

သစ်တောစိုက်ခင်းတွေ ထောင်တယ်ဆိုရင်လည်း အကူအညီ အပံ့အပိုးတွေများအောင်၊ ဒီရေတောကိစ္စတွေ ကောင်းအောင် လုပ်မယ်ဆိုရင်လည်း ဒီရေတောတွေအတွက် အလှူထောက်ပံ့ကြေးတွေ ထည့်ချင်တဲ့ အဖွဲ့တွေ အများကြီးပဲလေ။အဲဒါကို ကိုယ်က သိအောင်လုပ်ဖို့၊ ဒါမှမဟုတ်ရင်လည်း အပူပိုင်းဒေသ တောတွေကို ကောင်းအောင်လုပ်ပေးချင်တယ်၊အပူပိုင်းဒေသရဲ့စားသောက်ကုန်တွေ၊သီးနှံတွေဖွံ့ဖြိုးအောင်လုပ်ချင်တယ်ဆိုတဲ့ အဖွဲ့အစည်းတွေကလည်း ရှိတယ်ဆိုရင် အဲဒီ အကူအညီတွေနဲ့ အဲဒီ အထောက်အပံ့တွေ ရအောင် လုပ်ဖို့ပေါ့။

မော်ကွန်း။ ။ စိန်ခေါ်မှုအနေနဲ့ ဘာတွေရှိမလဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ တစ်လျှောက်လုံးလုပ်လာတဲ့ဟာတွေမှန်သမျှ နှစ်ပေါင်း သုံး၊ လေး၊ ငါးဆယ်၊ ခြောက်ဆယ်လုပ်လာတဲ့ဟာတစ်ခုကို ပြောင်းပြီး မလုပ်ဘူးဟေ့ဆိုရင် အဲဒါ အကြီးအကျယ်စိန်ခေါ်မှုပဲ။ ဥပမာ- သစ်တောတွေ ခုတ်တာ စာပေးစရာမရှိဘူးဖြစ်မှာပေါ့တို့၊ ဒါမျိုးဆိုရင်လည်း စိန်ခေါ်မှုတစ်ခုပေါ့။ ဥပမာဆင်ပိုင်တဲ့လူတွေကလည်းသစ်မှ မထုတ်တော့ဘူးဆိုရင် ဆင်ပိုင်ထားတာ ဘာသွားလုပ်မှာလဲ။

မြန်မာ့သစ်လုပ်ငန်းမှာ ထောင်နဲ့ချီရှိတဲ့ ဆင်တွေ ဘယ်လိုလုပ်သုံးတော့မှာလဲလို့ ပြောစရာရှိတာပေါ့။ အဲဒါတွေအားလုံးကကြီးမားတဲ့ စိန်ခေါ်မှုတွေချည်းပဲ။ အဲဒီလိုဆိုရင် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း စဉ်းစားရမယ်။ သစ်လုပ်ငန်းက ပိုင်တဲ့ ဆင်တွေ၊ သစ်မထုတ်တော့တဲ့ဝန်ထမ်းတွေက အဓိကပေါ့ဗျာ။ သစ်မထုတ်တော့တဲ့ ဝန်ထမ်းတွေအတွက် ဘယ်လို လုပ်ငန်းတာဝန်တွေ ခွဲပေးမလဲ။ သူတို့ကသစ်လုပ်ငန်းအလုပ် မလုပ်တော့ဘူးဆိုရင် ဒုက္ခရောက်ကြပြီ။

ဒါပေမဲ့ အဲဒါကို အခွင့်အလမ်းအနေနဲ့ ပြန်စဉ်းစားရင် ပိုကောင်းတဲ့ ကိစ္စတွေလည်း ဖြစ်နိုင်တယ်။ Green Economy(အစိမ်းရောင်စီးပွားရေး)ပေါ့ဗျာ၊ နိုင်ငံခြားသားတွေ လာလည်ချင်စိတ်ရှိအောင်လို့ Wildlife Sanctuary (တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော)တို့၊ နောက်တော့ Bio Diversity (ဇီဝမျိုးစုံမျိုးကွဲ)တို့၊ နောက် National Park (အမျိုးသားဥယျာဉ်) တို့ အဲဒီလိုလုပ်ရင် နိုင်ငံခြားသားတွေ တအားလာချင်တာ။

အဲဒီနိုင်ငံခြားသားတွေကို ကျွေးဖို့မွေးဖို့တို့၊ နေရာထိုင်ခင်းကိစ္စတွေ၊ အစားအသောက်ကိစ္စတွေ မြန်မာ့သစ်လုပ်ငန်းက ဝန်ထမ်းတွေ အဲဒီတာဝန်တွေ ယူ၊ သူတို့က စီးပွားရေးဌာနအနေနဲ့ဆက်သွယ်ဆောင်ရွက်။ သစ်လုပ်ငန်းအလုပ်ကိုတော့ မလုပ်တော့ဘူး။ အခြား နိုင်ငံခြားဝင်ငွေရအောင်လုပ်မယ့်ဟာမျိုး။ဗြုန်းခနဲ ခရီးသွားတွေ သန်းပေါင်းများစွာ ဝင်လာတာမျိုးတော့မဖြစ်ဘူး။ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ ဖြစ်မှာပါ။ အခုကြည့်ရင် ယိုးဒယားတို့၊ အင်ဒိုနီးရှားတို့ အခုဆို ဗီယက်နမ်ပေါ့။ လာလည်တဲ့ခရီးသွားတွေ အများကြီးပဲ။

နောက် စိန်ခေါ်မှုတစ်ခုက လူတွေရဲ့ စိတ်တွေကိုပြောင်းဖို့။ဒေသခံပုဂ္ဂိုလ်တွေ အကုန်လုံးကို မင်းတို့တောတွေကို စည်းမဲ့ကမ်းမဲ့လျှောက်မခုတ်နဲ့ဆိုရင် ကျွန်တော့်အဘိုးတွေ လက်ထက်ကတည်းက ခုတ်လာကြတာ၊ ကျွန်တော့်လက်ထက်ကျမှ မခုတ်ရဘူး၊ ဘာအဓိပ္ပာယ်ရှိလဲ ဆိုတာမျိုး မေးစရာရှိတာပေါ့။ စီးပွား ရေးသမားကလည်း ဘယ်လိုပြောမလဲ။ ငါးကန်တွေ၊ ပုစွန်ကန်တွေဆိုတာ ခင်ဗျားတို့ အခွန်တွေ အများကြီးရတယ်၊ နိုင်ငံခြားဝင်ငွေတွေ အများကြီးရတယ်၊ အဲဒါ ကျွန်တော်တို့ကို ပိတ်ပင်တယ်၊ကျွန်တော်တို့ကို စည်းတွေ ကမ်းတွေ ပိုပြီးမြှင့်၊ ပိုခက်ခဲအောင်၊ ပိုကျပ်တည်းအောင် လုပ်တယ်လို့ မြင်မှာပေါ့ဗျာ။

စီးပွားရေးသမားကလည်း စီးပွားရေးဘက်ကပဲ။ ဒါတွေအကုန်လုံးကို ကြံ့ကြံ့ခံပြီးတော့ စည်းကမ်းပိုတင်းကျပ်ပြီးတော့လုပ်ရမှာပေါ့။ ဒါမှ တောကတက်မှာကိုး။ ပုဂ္ဂလိက တောဆောင်ရွက်သူတွေက ကျွန်တော်တို့က ဧကတစ်ထောင် ဝယ်ထားတာ၊ကျွန်တော် တာဝန်ယူတယ်ဆိုပြီးတော့ ငမြောက်ငခြောက်ပဲ လုပ်မယ်၊ သေချာလည်း ဂရုမစိုက်ဘူးဆိုရင် သူက ပိုက်ဆံနဲ့ ဝယ်ထားတာပဲရှိမယ်။ တကယ်ကောင်းအောင်မလုပ်ဘူး။ နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ ကိစ္စကြီးတစ်ခုကို ရပ်ရင်တော့ အဲဒါ သက်ရောက်မှုအကြီးကြီးပဲ။ ကြိုပြီးတော့ ပြင်ဆင်ထားရမှာပေါ့။

မော်ကွန်း။ ။ တစ်နိုင်ငံလုံးသစ်ထုတ်လုပ်ရေးကို တစ်နှစ်ရပ်လိုက်တယ်။ ပဲခူးရိုးမမှာတော့ ဆယ်နှစ်ပေါ့။ ဘယ်နှနှစ်လောက်အထိတစ်နိုင်ငံလုံးအနေနဲ့ ရပ်လိုက်မှ သက်ရောက်မှုကို မြင်ရမလဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ မှန်းကြည့်တာပေါ့။ ဒီလို တစ်နှစ်ရပ်လိုက်လို့ရှိရင် တစ်နှစ်ရပ်လိုက်တဲ့အတွက် ဘာအခက်အခဲတွေ ဖြစ်မလဲ၊ အဲဒါတွေ မဖြစ်အောင် ဘယ်လိုလုပ်လို့ရမလဲ၊ အဲဒီလိုမဟုတ်ရင်လည်း ကိုယ်မမြင်နိုင်တဲ့ အကန့်အသတ်၊ အကျပ်အတည်းတွေ ဘယ်လိုအခက်ခဲမျိုးတွေ ဖြစ်မလဲဆိုတာကို မသိတော့ ရပ်ကြည့်မယ်၊ ရပ်ကြည့်ပြီးတော့မှ အဲဒီလို ဖြစ်လာတဲ့အခက်အခဲတွေကို ဖြေရှင်းနည်းတွေသိရင် နောက် ပြုပြင်မွမ်းမံမှုလုပ်စရာရှိလည်း လုပ်မယ်၊ နောက်ထပ် တိုင်းတစ်တိုင်းတိုးမယ်၊နောက်ထပ် တိုင်းသုံးတိုင်း တိုးစရာရှိ တိုးမယ်၊ ဒါကတော့ မူဝါဒရေးဆွဲသူတွေရဲ့ အလုပ်။

ကျွန်တော့်စိတ်အထင် အဲဒီလို တစ်နှစ်ရပ်လိုက်တဲ့ကိစ္စကပြင်ပက နိုင်ငံခြားတိုင်းပြည်တွေကရောဘာပြောမလ။ဲ ပြးီ တော့ကုလသမဂ္ဂတို့၊ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကရောဘာပြောမလဲ။ မြေစမ်းခရမ်းပျိုးတဲ့ဟာမျိုးတွေလည်းဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ အဲဒီဟာတွေက ကိုယ်မမြင်နိုင်တဲ့အတွက် ရပ်ကြည့်လိုက်မှ အခက်အခဲ၊ အကျပ်အတည်းတွေကို ပိုနားလည်နိုင်ရင်အုပ်ချုပ်မှုမှာ ပိုကောင်းလာမယ်၊ စီမံကိန်းအသစ်တွေလုပ်မယ်၊ဌာနရဲ့ဖွဲ့စည်းပုံတွေ ပြောင်းမယ်ဆိုရင်လည်း ပိုပြီး ကြပ်ကြပ်မတ်မတ် ကျကျနန လုပ်နိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် တစ်နှစ်ရပ်တာလို့ ယူဆတာပေါ့။

တစ်နှစ် သစ်ထုတ်တာကို ရပ်တဲ့အတွက် ဝ ဒသမ ၈၁ ရာခိုင်နှုန်း တောမပြုန်းတော့ဘူးလို့ ပြောလို့ရတာပေါ့။ နောက် သစ်ပင်တွေက ရပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့က ရပ်လိုက်ရင်သူတို့က ထွားထွားနေတာ။ အပင်က ပိုရှည်လာမယ်၊ သစ်ရွက်တွေ ပိုများလာမယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့ကျတာကသစ်တောစိုက်ခင်းတွေ ပိုပြီးတော့ ထူထောင်ရမှာပေါ့။ အထူးသဖြင့်တော့ မြေဆီမြေလွှာတိုက်စားနိုင်တဲ့ တောင်စောင်းတွေမှာသစ်ပင်သစ်တော အရမ်းနည်းတယ်ဆိုရင် အဲဒီလို အရမ်းနည်းတဲ့နေရာတွေကို ဦးစားပေးအနေနဲ့ ပိုပြီးဆောင်ရွက်ရမယ်။ ဥပမာ- အရင်က မြေပြိုတာဖြစ်ခဲ့တဲ့ နေရာမျိုးတွေ၊ ရေကြီးတာ ဖြစ်ခဲ့တဲ့နေရာမျိုးတွေ၊ အဲဒီလို နေရာမျိုးတွေရှိရင် အဲဒီလိုနေရာမျိုးတွေကို ဦးစားပေး။ အဲဒီလိုနေရာမျိုးတွေ မရှိဘူးဆိုရင် သစ်ပင်သစ်တော အရမ်းနည်းတဲ့ တောင်စောင်းတွေကို ဦးစားပေး လုပ်သင့်တာပေါ့။ ဒါတွေက မြေတိုက်စားပြီး မြေဆီလွှာခန်းခြောက်ဖို့ပိုလမ်းများနေတာ။

ခန်းခြောက်ပြီးရင်တော့ လုပ်မနေနဲ့တော့။ မြေဆီလွှာ ခန်းခြောက်ခါစဟာတွေ၊ ချုံနွယ်မြက်ပင်တွေနဲ့ ပေါင်းပင်တွေနဲ့ မြေကြီးပေါ်မှာရှိနေရင်တော့ အဲဒီအခြေနေက လုပ်လို့ရသေးတယ်။တောကြီး ပြန်ဖြစ်အောင် လုပ်လို့ရတယ်။ မြေဆီလွှာလည်းမတိုက်စားအောင် လုပ်လို့ရတယ်။ ခုနက မြေပေါ်ယှက်ပေါက်တဲ့အပင်တွေ၊ ချုံပင်ပေါင်းပင်တွေ၊ နွယ်ပင်တွေ မရှိတော့ဘူးဆိုရင်သွားပြီးလို့သာ မှတ် ဆိုတာမျိုး ဖြစ်သွားရော။ အဲဒါတွေ ပျောက်သွားရင်တော့ ကန္တာရအခြေအနေကို ပြောင်းဖို့ များသွားပြီ။

မော်ကွန်း။ ။ အလယ်ပိုင်းဒေသမှာဆိုရင် အပူပိုင်းဒေသဟာတဖြည်းဖြည်းနဲ့ ကျယ်လာတယ်။ ကန္တာရတစ်ပိုင်း ဖြစ်လာပြီလို့လည်း သုံးသပ်တာတွေ ရှိနေတယ်။ ဖြစ်နေတဲ့အနေအထားကိုသာ အချိန်မီ မထိန်းနိုင်ဘူးဆိုရင် နောင်နှစ်ပေါင်း ဘယ်လောက်အကြာမှာ လူတွေ စိုက်ပျိုးနေထိုင်လို့ မရနိုင်လောက်တဲ့ အနေအထားထိ ဖြစ်သွားနိုင်လဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ အဲဒါတော့မှန်းရခက်တယ်။သုတေသနမလုပ်သေးဘဲနဲ့ အတိအကျကြီးမပြောချင်ဘူး။ ပုံမှန်အတိုင်းကတော့ အခုလက်ရှိရှိနေတဲ့ ဘာအပင်မှမပေါက်ဘဲနဲ့ ချုံပုတ်လေးသာသာပဲ ဖြစ်နေတဲ့နေရာတွေ အကုန်လုံး သစ်တောတွေ ပြန်မစိုက်နိုင်ဘူးဆိုရင်တော့ နည်းနည်းကြာသွားရင် သဲကန္တာရဖြစ်သွားမယ်။ သဲကန္တာရ ဖြစ်သွားရင်လည်း တဖြည်းဖြည်းနဲ့ ကျယ်လာနိုင်တာပေါ့။ အိမ်မှာမွေးတဲ့ ကျွဲနွားတိရစ္ဆာန်တွေ ကျောင်းတာများရင်လည်း အဲဒါကြောင့် သဲက္တာရဖြစ်တာတွေလည်း အများကြီး။ အဲဒီလိုဟာမျိုးတွေကိုပါ ဘယ်လို ကုစားရမလဲ၊ ဥပဒေနဲ့ နည်းနဲ့လမ်းနဲ့ ဒီလိုဟာမျိုးတွေကို တင်းတင်းကျပ်ကျပ် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာတွေကိုတော့ အထက်ကပေါ်လစီရေးဆွဲတဲ့ ပုဂ္ဂိုလ်တွေ ဆောင်ရွက်ရမှာပေါ့။

မော်ကွန်း။ ။ အခုနောက်ပိုင်း ပုဂ္ဂလိကစိုက်ခင်း လုပ်ခွင့်ပေးတာတွေလည်း များလာတယ်။ အဲဒီဟာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကရော ဘာတွေ ဖြစ်လာနိုင်လဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ ပုဂ္ဂလိကစိုက်ခင်း ကောင်းခြင်း၊ဆိုးခြင်းကိုတော့ သိပ်မပြောချင်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းနဲ့လည်း ပတ်သက်တာပေါ့။ ပုဂ္ဂလိကစိုက်ခင်းမှာစိတ်ကောင်းစေတနာနဲ့ တိတိကျကျဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ ရှိနိုင်သလို စည်းနဲ့ကမ်းနဲ့ မဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနိုင်တာပေါ့။ စိုက်ခင်းတွေကို စစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေဆိုရင်လည်း စစ်ဆေးရေးတွေ တိတိကျကျလုပ်ပေါ့။ တာဝန်ရှိတဲ့ နယ်ခံအရာရှိကစစ်ဆေးရုံနဲ့ မဟုတ်ဘူး၊ အထက်ကအရာရှိတွေလည်း အခါအားလျော်စွာ ဝင်ပြီးတော့ စစ်ဆေးတာမျိုးတို့၊ မှတ်တမ်းရေးတာမျိုးတို့၊ ချက်ချင်း အစီရင်ခံစာ ရေးတင်တာမျိုးတွေ လုပ်ရမှာပေါ့။ တတ်နိုင်ရင် ဆုပေးဒဏ်ပေးတဲ့စနစ်လည်း လုပ်ရင် လုပ်ရမှာပေါ့။ ပုဂ္ဂလိကစိုက်ခင်း အရမ်းအောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင် ညစာစားပွဲကို တိုင်းဦးစီးမှူးက ခေါ် ပြီးတော့ ဆုပေးပွဲကျင်းပပေးတာမျိုးဖြစ်ဖြစ်၊ ကောင်းကောင်းမလုပ်တဲ့ စိုက်ခင်းတွေကို သတိပေးတာတို့၊ အဲဒါမျိုးတွေနဲ့ တင်းတင်းကျပ်ကျပ်ဖြစ်အောင်၊ ဥပဒေနဲ့ အရေးယူတယ်ဆိုရင် ကျန်တဲ့သူတွေလည်းလိုက်လုပ်မှာ။

မော်ကွန်း။ ။ သစ်တောတွေပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ ဘယ်နိုင်ငံရဲ့ ပုံစံကို ကျွန်တော်တို့ ယူသင့်လဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ သစ်မထုတ်တော့တဲ့ နိုင်ငံတွေရှိတာပေါ့။ အာရှနိုင်ငံတွေမှာအများကြီး။ အဲဒီနိုင်ငံတွေကိုလည်းစံနမူနာ ယူလို့ ရတာပေါ့။ ဘူတန်က အခြေခံဥပဒေမှာကို ထည့်ဆွဲထားတယ်။ (ဘူတန်နိုင်ငံ၏ အခြေခံဥပဒေတွင် သစ်တောဖုံးလွှမ်းဧရိယာကို နိုင်ငံဧရိယာ၏ ၆ဝ ရာခိုင်နှုန်းအောက် မကျရအောင်ထိန်းသိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။) စံနမူနာယူစရာပေါ့လေ။ကျွန်တော်တို့နိုင်ငံက ဒီလိုမျိုး လိုက်လုပ်သင့်တယ်လို့တော့ ဆိုလိုတာ မဟုတ်ဘူးပေါ့လေ။

စီမံခန့်ခွဲမှုကတော့ ဘာမှ သိပ်ပြီးတော့ ကော်ပီလုပ်စရာမရှိပါဘူး ။ ကျွန်တော်တို့ ဟိုးအရင်တုန်းက FAO က အတိုင်ပင်ခံတို့၊ ပညာရှင်တို့လာပြီးတော့ မြန်မာနိုင်ငံက သစ်တောအုပ်ချုပ်ရေးစနစ်ကို ယူကြည့်တာ၊ ပေးထားတဲ့စနစ်က အင်မတန်ပြည့်စုံတယ်ဆိုပြီးတော့ မှတ်ချက်ပြုသွားတာ။ များသောအားဖြင့် သစ်တောအုပ်ချုပ်ခြင်းစနစ်က အင်မတန်ကောင်းတယ်။

ဗြိတိသျှခေတ်တုန်းကတည်းက ရေးသွားတဲ့ဟာပေါ့လေ။အဲဒီတုန်းက အုပ်ချုပ်ရေးစနစ်လုပ်သွားတာတွေက အင်မတန်ကောင်းတယ်။ ဒါပေမဲ့ ကောင်းအောင်ရေးထားတဲ့ဟာဆိုပေတဲ့လည်း အဲဒီအတိုင်း တိတိကျကျ လိုက်နာ မဆောင်ရွက်နိုင်ရင်တော့ အဲဒီအတိုင်းဖြစ်မှာ မဟုတ်ဘူးပေါ့။ လက်ရှိ တောစနစ်မှာကိုပဲ သစ်တောအုပ်ချုပ်ရေးစနစ် ကျွမ်းကျင်နိုင်နင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါပဲ။

သူတို့တွေ လက်ရှိအုပ်ချုပ်တဲ့စနစ်အတိုင်းဆောင်ရွက်ပြီးတော့ တောဘယ်လိုကောင်းအောင်လုပ်မလဲ၊ ဥပဒေတွေ ထိန်းသိမ်းနိုင်အောင်ဘယ်လိုလုပ်မလဲ၊ တစ်နိုင်ငံလုံး စီးပွားဖြစ် သစ်ထုတ်ခြင်းတွေ ရပ်သွားအောင် ဘယ်တော့လုပ်ကြမလဲ၊ နောက်ထင်းမီးသွေးထုတ်တာတွေ လျော့အောင် ဘယ်လိုလုပ်ကြမလဲ၊နောက် တောင်ယာခုတ်တာတွေလည်း ရပ်ဖို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေ စည်းမဲ့ကမ်းမဲ့ ချဲ့ချင်သလိုချဲ့တာတွေမဖြစ်အောင် ဥပဒေတွေနဲ့ ဘယ်လိုထိန်းမလဲ။ အဲဒါတွေ လုပ်ရင် သူ့ဟာသူ တောကအလိုလိုတက်သွားမှာပါ။

မော်ကွန်း။ ။ တစ်ချိန်ချိန်မှာ၊ ဒီအစိုးရသက်တမ်းငါးနှစ်အတွင်းဖြစ်ဖြစ်၊ အခြေခံဥပဒေ ပြင်ဆင်မွမ်းမံမယ်၊ ရေးဆွဲမယ်ဆိုရင် သစ်တောတွေ ကာကွယ်ထိန်းသိမ်းရေး၊ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုအပိုင်းတွေကို အခြေခံဥပဒေမှာ ရေးဆွဲပြဋ္ဌာန်းသင့်တယ်လို့ ယူဆလဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ လုပ်တဲ့ပေါ်လစီတွေ၊ ဥပဒေတွေကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကပဲ ဆောင်ရွက်ရတာပေါ့။ အခြေခံဥပဒေမှာတော့အများကြီး အသေးစိတ်မလိုဘူးပေါ့။ကျွန်တော်တို့ အခြေခံဥပဒေထဲမှာ အဲဒီလို ထည့်ချင်တယ်ဆိုရင်လည်း ကောင်းတာပေါ့။ ဒါပေမဲ့လည်း ထည့်ဖို့လည်း လိုချင်မှလည်း လိုမှာပေါ့လေ။ လက်ရှိတော့ ဘယ်လောက်နှုန်းထား ရှိတယ်၊ လက်ရှိထက် နောင် ဘယ်တော့မှ မလျော့အောင် ထိန်းသိမ်းမယ်ဆိုတာမျိုးကို အခြေခံဥပဒေထဲမှာ ထည့်ဆွဲရင် ပိုပြီးတင်းတင်းကျပ်ကျပ် ဖြစ်သွားတာပေါ့။

အခြားဘယ်သူမှ ထူးထူးခြားခြား ကိစ္စတစ်ရပ်ဆိုပြီးတော့ဆောင်ရွက်တဲ့ဟာမျိုးတွေ ဆောင်ရွက်လို့ မရတော့ဘူးပေါ့။ထားပါတော့၊ စိုက်ခင်းမြေတွေ၊ စိုက်ပျိုးရေးမြေတွေ၊ စပါးစိုက်ခင်းတိုးပွားလာအောင်၊ ပိုပြီးထုတ်ရအောင် တိုးချဲ့မယ်ဆိုလို့ရှိရင်အခုနက အခြေခံဥပဒေနဲ့ထိန်းထားလို့ရှိရင် အကြီးအကျယ်လိုက်တားရမှာ။ လူဦးရေက များလာလို့ များတဲ့လူဦးရေကို ကျွေးမွေးဖို့အတွက် စားနပ်ရိက္ခာတွေပိုလိုတယ်ဆိုရင် အခြေခံဥပဒေမှာသာ ထည့်ရေးထားရင် (သစ်တောမြေကို) ပေးလို့ မရဘူး။လက်ရှိ ရှိနေတဲ့တောထက် ပိုများအောင်ပဲလုပ်လို့ရမယ်၊ ထိလို့မရဘူးဆိုတဲ့ အနေအထား ဖြစ်သွားမှာပေါ့။ ဒါပေမဲ့သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီးပွားဖြစ်သစ်တောထုတ်လုပ်ခြင်းကို တစ်သက်တာ ရပ်ဆိုင်းလိုက်သည်။ဆိုရင်တော့လည်းပဲ အခြေခံဥပဒေမှာ ဘာမှတော့လုပ်စရာမလိုပါဘူး။

မော်ကွန်း။ ။ သစ်တောဘက်က ဆရာ့ကို အကြံတောင်းတာတွေရှိလား။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ အကြံဉာဏ်တောင်းတယ်ဆိုတာထက် စကားပြောဖူးတာတွေရှိတာပေါ့။ ကမ္ဘာ့ဘဏ်ပွဲမှာတွေ့တဲ့အထဲမှာ စိုက်ပျိုးရေးကလည်းပါတယ်၊ သစ်တောဘက်ကလည်း ပါတယ်။

မော်ကွန်း။ ။ အရင်အစိုးရလက်ထက်တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သစ်တောအရာရှိတွေကို အကြံပြုရတာ၊ ဆွေးနွေးရတာနဲ့အခု လက်ရှိအစိုးရလက်ထက် သစ်တောအရာရှိတွေကို ဆွေးနွေးအကြံပြုရတာ ဘယ်လိုကွာဟမှုတွေရှိလဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ အစိုးရနှစ်ခုနှိုင်းယှဉ်ပြီး ပြောသလိုဖြစ်နေမှာပေါ့။ အဲဒီလိုတော့လည်း မပြောချင်ဘူး။ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အရပ်သားအစိုးရဆိုတာမျိုးကို ပြောရတာက ပိုလွယ်ကူပြီးတော့ ပြောလို့လည်း ပိုဘဝင်ကျသလိုထင်တာပေါ့။ အရင်အစိုးရတို့၊ စစ်အစိုးရတို့တုန်းက ပြောမယ်ဆိုရင် လူကြီးပိုင်းကို ဆွေးနွေးမယ်ဆိုရင်လည်းလက်လှမ်းမမီဘူး။ သိပ်လည်း မသိဘူး။ အခု အရပ်သားအစိုးရတက်တယ်ဆိုတော့ကိုယ်တတ်နိုင်တာလေးတွေပြောမယ်ပေါ့။သူတို့ယူချင်မှလည်းယူမယ်ပေါ့။ ယူသင့်မှလည်း ယူမှာပေါ့။ကျွန်တော်ကတော့ ကြုံတိုင်း တတ်နိုင်သလောက် အကြံပေးတာတော့ လုပ်ပါတယ်။

မော်ကွန်း။ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေကြတယ်။အချို့နေရာတွေမှာ တိုက်ပွဲတွေရှိနေတုန်းပဲ။ ငြိမ်းချမ်းရေးအောင်မြင်သွားတဲ့အခါ၊ တိုင်းရင်းသားဒေသတွေမှာ သေနတ်သံတွေတိတ်သွားတဲ့အခါ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကြပြီဆိုရင် အဲဒီအခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း သက်ဆိုင်ရာပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံတာတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်တာတွေ ရှိလာနိုင်တာပေါ့။ လောလောဆယ်မှာ မငြိမ်းချမ်းသေးတော့သစ်တောတွေ ကျန်သင့်သလောက်တော့ ကျန်နေသေးတာပေါ့။ငြိမ်းချမ်းရေးရပြီးသွားလို့ ဖွံ့ဖြိုးရေးလုပ်ငန်းတေ ွလုပ်လာကြရင်ဒီပြည်နယ်တွေမှာ လက်ရှိ သစ်တောတွေ ရှိနေတဲ့ နေရာတွေမှာဘယ်လောက်ထိအောင် ခြိမ်းခြောက်ခံရနိုင်တယ်လို့ မြင်လဲ။

ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်။ ။ ဖွံ့ဖြိုးရေးတွေလုပ်လာရင်ဖိအားတွေများလာရော။ ဥပဒေကတော်တော်လေးထိန်းမှ အနေတော်လောက်ကျမှာပေါ့လေ။ အခြားဝန်ကြီးဌာနတွေလည်းပဲကိုယ့်လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်ရမယ့်ဟာထဲမှာ ထိပ်တိုက်တွေ့လာမယ်ဆိုရင်လည်း ရဲရဲတင်းတင်းပြော၊ အဲဒီလိုမှ အားလုံးကောင်းမှာပေါ့။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေက အများကြီးကို ပါလာတော့မှာလေ။

ငါး၊ ပုစွန်ကန်တွေ၊ နောက်တော့ အထပ်မြင့်အဆောက်အအုံတွေရော၊ (ဈေးဝယ်စင်တာတွေ၊ ရုံးတွေ ပါဝင်တဲ့)Commercial Complex တွေရော၊(စက်ရုံ၊ အလုပ်ရုံတွေ ရှိတဲ့)Industrial Estate တွေရော နေရာတိုင်း နေရာတိုင်း တိုင်းနဲ့ပြည်နယ်တွေမှာ အကုန်ဝင်မှာ။ တော်ရုံတန်ရုံ တောကောင်းကြီးတွေ မဟုတ်တောင် ခပ်ညံ့ညံ့ တောပျက်လောက် နေရာတွေမှာလုပ်ရင်ကို တောပျက်တောင် အထိမခံနိုင်ဘူးဆိုတာမျိုး၊ သစ်တောကြိုးဝိုင်းဆို ထိကို မထိနဲ့ မြေပြောင်နေရင်တောင်မှ မထိနဲ့ဆိုတာမျိုး ဖြစ်ချင်လည်း ဖြစ်ရမှာပေါ့။ စက်ရုံကြီးတွေ ဝင်မယ်ဆိုရင်တောင် ကြံ့ကြံ့ခံပြီးတော့ တခြားမှာ မြေတွေအများကြီးရှိတယ်၊ဒါကိုတော့ အထိမခံနိုင်ဘူးဆိုတာမျိုး၊ တိတိကျကျ ဥပဒေလိုက်နာပြီးတော့ ဖြစ်ရမှာပေါ့။ ဖွံ့ဖြိုးမှုလုပ်တိုင်းက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဖို့ အမြဲတွဲတွဲပါနေတာ။ စီးပွားရေးကောင်းပြီဆိုရင် သဘာဝဝန်းကျင် ထိပြီ ဆိုတာမျိုးဖြစ်နေတာ။ကိုယ်က ကြိုပြီး ပြင်ထားပြီးတော့ အဲဒါတွေ မထိအောင်လုပ်ပါ။        ။

၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ အင်တာဗျူး ဖြစ်ပါသည်။

ဉာဏ်လင်း မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."