မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၇ မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ကျော်ဇေယျ ရေးသည်။
ဆိုက်ခေါင် (ဇူလိုင်-ဩဂုတ်၊ ၂၀၁၉)
အသက် ၇၉ နှစ်အရွယ် ဦးအောင်ကြီးဟာ စည်းရိုးခတ်ထားတဲ့ သူပိုင်ခဲ့ဖူးတဲ့မြေယာတွေကို ကြည့်လိုက်၊ လက်ထဲက မိတ္တူစာရွက်တချို့ကို ကြည့်လိုက်နဲ့ ဝေခွဲမရဖြစ်နေတယ်။
စည်းရိုးခတ်ထားတဲ့ ဆူးကြိုးတွေရဲ့အပေါ်မှာတော့ အနီအောက်ခံပေါ်မှာ အဖြူရောင်စာလုံးနဲ့ “မကျူးကျော်ရ၊ ဥပဒေအရ ထိရောက်စွာအရေးယူမည်” လို့ ရေးထားတဲ့ ဗီနိုင်းတချို့ချိတ်ဆွဲ သတိပေးထားတယ်။
“ခြံစည်းရိုးတောင်ခတ်နေကြပြီဆိုတော့ သူတို့ဒီဥပဒေနဲ့များ ရယူသွားကြပြီလားမသိဘူး”လို့ လက်ထဲက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ မိတ္တူစာရွက်တွေကို မျက်မှောင်ကြုတ်ကြည့်ရင်း ဦးအောင်ကြီးကပြောတယ်။
ဦးအောင်ကြီးနေထိုင်ရာ ဆိုက်ခေါင်ရွာဟာ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲမှာရှိတာပါ။ ဒီရွာဟာဘဏ်တွေ၊ စတိုးဆိုင်တွေ၊ ဈေးတွေနဲ့ ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်ဟာ ဟိုပုံး၊ ပင်လောင်းမြို့နယ်တို့နဲ့အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပါဝင်တာဖြစ်ပါတယ်။
“ဒီလိုဥပဒေရှိတယ်ဆိုတာ သိလည်းမသိဘူး၊ ကြားလည်းမကြားဖူးဘူး။ ဒါ ပထမဆုံးမြင်ဖူးတာပဲ”လို့ သတင်းထောက်ထုတ်ပြတဲ့ ဥပဒေမိတ္တူ စာရွက်တွေကို ရည်ညွှန်းလို့ ပြီးခဲ့တဲ့မေလက တွေ့ဆုံစဉ် ဦးအောင်ကြီးကဆိုတယ်။
၂၀၁၂ မှာပြဋ္ဌာန်းပြီး ၂၀၁၈ မှာ ထပ်မံပြင်ဆင်ထားတဲ့ အထက်ပါဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းစာရင်းဝင်မြေတွေကို မည်သူမဆို လျှောက်ထားရယူနိုင်တဲ့ အခွင့်အရေးကို ပေးထားပါတယ်။ ဒါပေမဲ့ ဒီလိုအခွင့်အရေးမျိုးရှိတယ်ဆိုတာကိုတော့ ဦးအောင်ကြီး မသိခဲ့ပါဘူး။
ဒီဥပဒေရဲ့ သက်ရောက်မှု၊ ရပိုင်ခွင့်နဲ့ တာဝန်တွေအကြောင်းကို ဦးအောင်ကြီးတို့လို တောင်သူလယ်သမားတွေ သိနားလည်အောင် ပံ့ပိုးမှုအပိုင်းမှာ အစိုးရဌာနဆိုင်ရာတွေ အနေနဲ့ အားနည်းနေတဲ့အတွက် ဥပဒေရဲ့ခံစားခွင့်ကို တောင်သူလယ်သမားတွေထက် သတင်းအချက်အလက်ကြိုသိတဲ့၊ ဌာနဆိုင်ရာတွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေသာ အကျိုးဖြစ်ထွန်းကြ တာများတယ်လို့ မြေယာအရေး ကူညီပေးသူတွေက ဆိုကြတယ်။
“ဒီဥပဒေပြဋ္ဌာန်းလိုက်ပြီဆိုတာကို သိတဲ့သူ(တောင်သူ)တွေလည်းရှိပါတယ်။ ဒါပေမဲ့ အထဲမှာဘာပါတယ်၊ ဘာကိုဆိုလို တယ်ဆိုတာကိုတော့ မသိကြဘူး။ ဌာနဆိုင်ရာတွေကလည်း ဒီ အကြောင်းကို လိုက်လံရှင်းပြတာမျိုး မရှိကြဘူး”လို့ လွိုင်ကော်မြို့မှာ အခြေစိုက်တဲ့ ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ရက် (KEAN)က ညှိနှိုင်းရေးမှူး စောအယ်စေးက ပြောတယ်။
သူတို့ကွန်ရက်အပါအဝင် ဒေသတွင်းက အရပ်ဘက်အဖွဲ့ အစည်းတွေအနေနဲ့ အသစ်ထုတ်ပြန်လာတဲ့မြေယာဥပဒေတွေ နဲ့ပတ်သက်လို့ ဒေသခံတွေကို အသိပညာပေးတာတွေ လုပ် ဆောင်နေပေမယ့် စွမ်းဆောင်ရည်က အကန့်အသတ်ရှိတယ်လို့ စောအယ်စေးက ရှင်းပြတယ်။ တောင်သူတွေရဲ့ မြေယာပြဿနာ တွေကိုကူညီနေတဲ့ သူတို့လိုဒေသတွင်းအဖွဲ့အစည်းတွေမှာ လူ သားအရင်းအမြစ်နဲ့ ဘဏ္ဍာငွေအကန့်အသတ်အရ ကျေးရွာတိုင်း ကို အသိပညာပေးဖို့ ခက်ခဲတယ်လို့ သူကရှင်းပြတယ်။
ဘာကြောင့် မှတ်ပုံတင်ဖို့လို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအဆိုအရ နိုင်ငံအနှံ့မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအမျိုးအစား မြေဟာ ဧက ၄၅ သန်းကနေ သန်း ၅၀ အထိ ရှိတယ်လို့ဆိုတယ်။ ဒီပမာဏဟာ တစ်နိုင်ငံလုံး မြေဧရိယာရဲ့ သုံးပုံတစ်ပုံနီးပါးလောက်ရှိပါတယ်။
ပြင်ဆင်လိုက်တဲ့ဥပဒေအသစ်အရ အထောက်အထားမရှိ ဘဲ စိုက်ပျိုးနေတဲ့မြေတွေဟာ မြေလွတ်၊မြေလပ်၊ မြေရိုင်းအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးနေသူတွေဟာ ၂၀၁၈ စက်တင်ဘာ ၁၁ မှာ ပြင်ဆင်ခဲ့တဲ့ ဒီဥပဒေအရ ဥပဒေထုတ်ပြန်ပြီး ခြောက်လအတွင်း စိုက်ပျိုးမြေတွေကို မှတ်ပုံတင်ဖို့ လိုအပ် ပါတယ်။
မှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ ကာလက ၂၀၁၉ မတ် ၁၁ မှာ သက်တမ်းကုန်သွားပါပြီ။ ဒီကာလနောက်ပိုင်း မှတ်ပုံမတင် ထားတဲ့မြေပေါ်မှာ ဒါမှမဟုတ် မှတ်ပုံတင်ပေမယ့် ခွင့်ပြုချက်မရတဲ့ မြေပေါ်မှာ ဆက်လက်စိုက်ပျိုးနေသူတွေကို ထောင်ဒဏ်နှစ်နှစ်၊ ငွေဒဏ်ငါးသိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်အရေး ယူရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။
အထောက်အထားမရှိသေးတဲ့မြေတွေကို မှတ်ပုံတင်ခိုင်းတာဟာ စီမံကိန်းတွေအတွက် မြေလျှောက်လာသူတွေကို အစိုးရဘက်က မြေချပေးတဲ့အခါ အောက်ခြေမှာရှိတဲ့ တောင်သူလုပ်ကွက်တွေနဲ့ မထပ်အောင် ကာကွယ်ရာရောက်တယ်လို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေး မှူး ဦးသက်နိုင်ဦးကဆိုတယ်။
“ကိုယ့်ဘာသာကိုယ် တောတစ်ခု၊ တောင်တစ်ခုမှာ ခုတ်ပြီးတော့ ပိုင်နေလို့ကတော့ အဆင်မပြေပါဘူး။ နိုင်ငံတော်ရဲ့ အသိအမှတ်ပြုခံ၊ နိုင်ငံတော်ကို ထိုက်သင့်တဲ့အခွန်အခပေး၊ နိုင်ငံတော်ကပေးအပ်တဲ့ အခွင့်အလမ်းတွေကိုလည်း ရအောင်ယူကြ ရပါမယ်” လို့ သူက ဆိုတယ်။
ဒီဥပဒေအရ မြေယာလျှောက်ထားသူတွေဟာ မြေဧက ၃၀ဝ ထက်ပိုတဲ့ပမာဏဆိုရင် ဗဟိုကော်မတီကို လျှောက်ကြရမှာဖြစ်ပြီး ဒီထက်နည်းရင်တော့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် စီမံခန့်ခွဲမှုကော်မတီတွေမှာ လျှောက်ထားကြရမှာပါ။ ခွင့်ပြုချက်ရရင်တော့ အနည်းဆုံး နှစ် ၃၀ အထိ လုပ်ကိုင်ခွင့်ရမှာဖြစ်ပြီး သက်တမ်းဆက်တိုးခွင့်လည်းရှိပါတယ်။
စောအယ်စေးကတော့ အခုဆိုရင် မြေပြင်မှာတောင်သူ တွေ စိုက်ပျိုးနေတဲ့မြေတွေဟာ အစိုးရစာရင်းမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုပြီး မှတ်တမ်းသွင်းထားတဲ့အတွက် လုပ်ငန်းရှင်တွေက ဒီမြေတွေကို လျှောက်ထားရယူနေကြတာကို ကယား ပြည်နယ်မှာ ကြုံတွေ့နေရတယ်လို့ ရှင်းပြတယ်။

Photo – Kyaw Zayya
ခြံစည်းရိုးခတ်ခံလိုက်ရတဲ့ သူ့ယာမြေတွေအနီးမှာတွေ့ရတဲ့ ဦးအောင်ကြီး
“အခု ဖရူဆိုမြို့နယ်ထဲမှာဆိုရင် ဒီဥပဒေအရ မြေလျှောက် ယူနေကြတဲ့ လုပ်ငန်းရှင်တွေပေါ်လာပြီ။ ဗိုလ်မှူး၊ ဗိုလ်ချုပ် ဆိုသူ တွေတောင်ပါတယ်” လို့ ဒေသတွင်းအခြေအနေကို စောအယ်စေးက ရှင်းပြတယ်။
ဒေသခံတောင်သူတွေက ကိုယ်စိုက်နေတဲ့မြေကို လာ လျှောက်ယူတဲ့သူပေါ်လာရင် ဘယ်လိုကန့်ကွက်ကြရမယ်ဆို တာကို မသိကြဘူးလို့ စောအယ်စေးက ဆိုတယ်။ သူတို့အဖွဲ့က တော့ ဘယ်လိုကန့်ကွက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လက်လှမ်း မီသလောက် ဒေသခံတွေကို ကူညီပေးတယ်လို့ ဆိုပါတယ်။
“အခုဥပဒေကြောင့် ဒေသခံတွေရဲ့ မြေယာလုပ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်” လို့ သူက သုံးသပ်တယ်။
ဥပဒေကို နားလည်မှုနည်းပါး
မြေယာမူဝါဒနဲ့ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးတွေ ကို မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နမ္မတီ (NAMATI) ရဲ့ မြန်မာနိုင်ငံရုံးက ပြုစုခဲ့တဲ့စစ်တမ်းငယ်မှာ ဒီဥပဒေပြဋ္ဌာန်းထားတာ ၂၀၁၂ ကနေ ဆိုရင် ခြောက်နှစ်ခန့်ကြာခဲ့ပေမယ့် “ကြားဖူးခြင်းပင်မရှိပါ” လို့ ဖြေဆိုသူဟာ စစ်တမ်းဖြေဆိုသူ စုစုပေါင်းရဲ့ ၅၈ ရာခိုင်နှုန်းအထိရှိတယ်လို့ ဖော်ပြတယ်။ ဒီစစ်တမ်းကို နမ္မတီအဖွဲ့က ဒီနှစ် ဖေဖော်ဝါရီမှာ ကွင်းဆင်းသုတေသန လုပ်ခဲ့တာပါ။
ဒီအဖွဲ့က ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအတွင်းက ကျေးရွာ ၃၇ ရွာကို ကွင်းဆင်းပြီး လယ်သမား ၂၉၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ လယ်သမားတွေရဲ့ ၈၇ ရာခိုင်နှုန်းက မြေပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာ မရှိကြဘဲ ဘိုးစဉ်ဘောင်ဆက် မြေယာလုပ်ကိုင်နေကြရတာလို့ ဖော်ပြတယ်။

Photo – Kyaw Zayya
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တွေ့ရတဲ့ တောင်ယာစိုက်ခင်းတချို့
နမ္မတီရဲ့ စစ်တမ်းအရ ဒီဥပဒေကို “တော်တော်လေးသိသည်” လို့ ဖြေဆိုသူက တွေ့ဆုံမေးမြန်းခဲ့သူတွေရဲ့ သုံးရာခိုင်နှုန်း (ကိုးယောက်လောက်) သာ ရှိတယ်လို့ဆိုတယ်။ ဒါ့အပြင် ဥပဒေနဲ့ ပတ်သက်လို့ သိနားလည်မှုကို လူမျိုးအလိုက်ပိုင်းခြားလေ့လာရာ မှာတော့ ဥပဒေကို နားလည်တယ်လို့ ဖြေဆိုသူအများစုက ဗမာ တိုင်းရင်းသားတွေဖြစ်ပြီး အခြားတိုင်းရင်းသားအများစုက နားလည်သဘောပေါက်မှု မရှိကြဘူးလို့ ဆိုတယ်။
ဆိုက်ခေါင်ရွာက ဦးအောင်ကြီးဟာ ဒီဥပဒေအကြောင်း ကြားတောင်မကြားဖူးတဲ့ တောင်သူတစ်ယောက်ပါ။ ဆီဆိုင်ဒေသကို အညိုရောင် ဧရိယာအဖြစ် သတ်မှတ်ထားတဲ့ ၁၉၇၄ လောက်ကစလို့ သူဟာ ရွာအရှေ့ဘက်က ရေကန်အနီးမှာရှိတဲ့ မြေရိုင်းတွေကို ရှင်းလင်းခုတ်ထွင်စိုက်ပျိုးခဲ့တာပါ။ ဒါပေမဲ့ သူ့မြေယာတွေကို ပိုင်ဆိုင်မှုခိုင်မာအောင် မှတ်ပုံတင်ဖို့ လိုတယ် ဆိုတာ မသိခဲ့သလို မှတ်ပုံတင်ဖို့လုပ်ထုံးလုပ်နည်းတွေကိုလည်း ဌာနဆိုင်ရာတွေက အကူအညီပေးတာမျိုး မကြုံဖူးဘူးလို့ ဆိုတယ်။
အခုတော့ သူခုတ်ထွင်ရှင်းလင်းခဲ့တဲ့ ဒီမြေတွေကို တစ်ရွာတည်းနေ လုပ်ငန်းရှင် ၁၀ ဦးက စည်းရိုးခတ်တာကို ကြုံနေရပါပြီ။ “ဒီမြေဟာ ဦးလေးရဲ့ဓားမဦးချဆိုတာကို ဦးလေးတောင်ယာမှာ အလုပ်သမားလုပ်ခဲ့ဖူးသူတွေကိုယ်တိုင် ထောက် ခံပေးကြတယ်။ ဒါကို သူတို့က ခြံပါ လာခတ်နေကြပြီဆိုတော့ ဘယ်လိုရသွားတာလဲ။ ဒါမှမဟုတ် တမင်နေရာဝင်လုတာလား၊ မပြောတတ်တော့ဘူး” လို့ ဦးအောင်ကြီးက ဆိုတယ်။
ရှမ်းပြည်နယ်အတွင်းက မြေယာအရေးကူညီဆောင်ရွက်ပေးနေသူတွေရဲ့အဆိုအရ ဒီဒေသတွင်းကတောင်သူအများစုဟာ ဦးအောင်ကြီးလို ဓားမဦးချ စိုက်ပျိုးကြသူတွေသာဖြစ်ကြပြီး စိုက်ပျိုးမြေတွေနဲ့ပတ်သက်လို့ ဥပဒေအရ ခိုင်မာတဲ့အထောက်အထားမရှိကြဘူးလို့ ဆိုကြတယ်။ ဒေသတွင်းက မြေအများစုဟာ အစိုးရမှတ်တမ်းမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေအဖြစ် သတ် မှတ်ခံထားရတယ်လို့ သူတို့က ရှင်းပြတယ်။
ရှမ်းပြည်နယ်အတွင်းက မြေယာအငြင်းပွားမှုတွေကို အကူအညီပေးနေပြီး တောင်ကြီးမြို့မှာအခြေစိုက်တဲ့ တရား ဥပဒေစိုးမိုးရေးကွန်ရက်က အဖွဲ့ဝင် ဦးဝင်းနိုင်စိုးက သူတို့ဒေသ မှာ အစိုးရဌာနဆိုင်ရာတွေက သတ်သတ်မှတ်မှတ် မြေတိုင်းပြီး မြေအမျိုးအစားသတ်မှတ်ကာ အခွန်စည်းကြပ်နေတဲ့ စိုက်ပျိုး မြေက အနည်းငယ်သာ ရှိတယ်လို့ ဆိုတယ်။
ဒါကြောင့် သူတို့အနေနဲ့ အခုအခါမှာ မြေပြန့်က တောင်သူ လယ်သမားတွေကို စည်းကြပ်သလို တောင်ပေါ်ဒေသတိုင်းရင်းသားစိုက်ပျိုးမြေတွေကိုလည်း ကွင်းအမှတ်၊ မြေပုံမှတ်တမ်းတွေနဲ့ သတ်မှတ်ပေးဖို့ တောင်းဆိုနေတာလို့ သူက ပြောတယ်။
ခေတ်အဆက်ဆက် စိုက်ပျိုးလုပ်ကိုင်နေကြသူတွေဖြစ်ပေမယ့် ပြည်ထောင်စုဥပဒေတွေနဲ့ ချိန်ထိုးရင် မညီညွှတ်သလိုဖြစ်ပြီး ကိုယ့်မြေမှာကိုယ်စိုက်ပျိုးနေရင်း ဥပဒေချိုးဖောက်သူတွေအဖြစ် ကျရောက်နေတဲ့ တောင်သူအများစုကို ရှမ်းပြည်နယ်မှာ တွေ့နိုင် တယ်လို့ ဦးဝင်းနိုင်စိုးက ပြောပြတယ်။
အစိုးရက မြေလွတ်၊ မြေလပ်၊ မြေရိုင်းလို့ ပြောပေမယ့် ကယားပြည်နယ်မှာဆိုရင် ဒီလိုမြေမျိုးမရှိဘဲ ရွာအလိုက်၊ နယ်အလိုက် ပိုင်ဆိုင်စီမံခန့်ခွဲနေကြတဲ့ ရိုးရာမြေတွေသာရှိတယ်လို့ စောအယ်စေးကလည်း ပြောပါတယ်။
“အခုဥပဒေပြဋ္ဌာန်းချက်ကြောင့် အလိုလိုနေရင်း တောင်သူတွေကို ဒုက္ခများစေတယ်။ လုပ်ငန်းရှင်တွေကို လမ်းဖွင့်ပေး သလို ဖြစ်စေတယ်” လို့ စောအယ်စေးကပြောတယ်။
တိုင်းရင်းသားအများစုနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ အခြားပြည်နယ် ခုနစ်ခုမှာလည်း မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပြဋ္ဌာန်းချက်နဲ့ ချိန် ထိုးကြည့်ရင် အလိုအလျောက် ဥပဒေချိုးဖောက်သလိုဖြစ်နေတဲ့ ဒေသခံစိုက်ပျိုးသူတွေ အများအပြားရှိတယ်လို့ မြေယာအရေး ဆောင်ရွက်သူတွေက ဆိုတယ်။
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေက မြေယာမဲ့နိုင်ငံသားတွေ၊ ပိုင်ဆိုင်မှုမခိုင်မာတဲ့ စိုက်ပျိုးလုပ်ကိုင် သူတွေကို အခွင့်အလမ်းနဲ့ အာမခံချက်တွေပေးဖို့ ရည်ရွယ်ပေမယ့် ဥပဒေရဲ့ပြဋ္ဌာန်းချက်တွေကြောင့် မြေအငြင်းပွားမှုတွေလည်း ထပ်ဖြစ်လာနိုင်တယ်လို့ မြေယာအရေး ဆောင်ရွက်သူတွေက သုံးသပ်ကြတယ်။
ဒါ့အပြင် ဒီဥပဒေပါ ရပိုင်ခွင့်တွေနဲ့ပတ်သက်ရင်လည်း ပဋိပက္ခတွေရှိတဲ့ဒေသတွေမှာ စိုက်ပျိုးနေကြတဲ့ ဒေသခံတွေ အတွက် တန်းတူညီအခွင့်အရေး မရနိုင်ဘဲ ဒေသအာဏာပိုင် တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေသာ အသာရဖို့ ဖြစ်လာစေမယ်လို့ သူတို့ကဆိုပါတယ်။
ဦးဝင်းနိုင်စိုးကတော့ သူတို့ရှမ်းပြည်နယ်ထဲက လက်နက် ကိုင်တွေ ကြီးစိုးတဲ့ဒေသမှာ နေထိုင်ရတဲ့တိုင်းရင်းသားတောင်သူ တချို့ဆိုရင် ပြည်ထောင်စုဥပဒေတွေကိုသိလို့ သူတို့မြေယာတွေ ကို မှတ်ပုံတင်ဖို့လုပ်ကြတဲ့အခါ အဆင်မပြေမှုတွေ မြေပြင်မှာ ဖြစ်ပေါ်နေတယ်လို့ ဆိုတယ်။
“ဥပဒေအရဆိုတာထက် လက်နက်ကိုင်ရှိတဲ့ဒေသမှာဆို လက်နက်ကိုင်တွေကစီရင်တယ်။ သူတို့ကိုယ်တိုင် (သို့မဟုတ်) သူတို့နဲ့ နွှယ်တဲ့သူတွေကမြေသိမ်းတယ်။ ဒါကို မတရားခံရတဲ့ တောင်သူက သွားတိုင်ရင်လည်း သူတို့ပဲ တရားစီရင်တယ်။ ဒီလို နဲ့လည်ပတ်နေကြတာ” လို့ သူက ရှင်းပြတယ်။
အရေးယူဖို့မရှိသေး
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲမှုဗဟိုကော်မတီက အတွင်းရေးမှူးဖြစ်သူ ဦးသက်နိုင်ဦးကတော့ ဥပဒေက သတ်မှတ်လိုက်တဲ့ ခြောက်လအတွင်း လျှောက်လွှာမတင်သွင်းခဲ့ကြတဲ့ တောင်သူတွေကို လတ်တလောအခြေအနေမှာ အရေးယူဖို့မရှိသေးသလို ချက်ချင်းနှင်ထုတ်တာမျိုးလည်း လုပ်မှာမဟုတ်ဘူးလို့ မော်ကွန်းနဲ့ တွေ့ဆုံစဉ်ကပြောပါတယ်။
ဒါ့အပြင် ဒေသအလိုက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေမှာ စိုက်ပျိုးလုပ်ကိုင်နေကြသူတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ရပ် ကျေးအုပ်ချုပ်ရေးရုံးတွေကတစ်ဆင့် စာရင်းပြုစုတာတွေလုပ် ဆောင်ဖို့လည်း ရှိသေးတယ်လို့ သူက ရှင်းပြတယ်။
အထက်ပါပြောဆိုချက်တွေနဲ့ပတ်သက်လို့ အာမခံချက်ရှိ အောင် အစိုးရပိုင်းက ရုံးစာနဲ့ ထုတ်ပြန်ကြေညာပေးသင့်တယ်လို့ မြေမူဝါဒနဲ့ ဥပဒေပြုပြင် ပြောင်းလဲမှုဆိုင်ရာတွေကို ကူညီပံ့ပိုး ပေးနေတဲ့ မြေယာမဏ္ဍိုင် (Land Core Group – LCG) အဖွဲ့က ဒါရိုက်တာ ဦးရွှေသိန်းကအကြံပြုတယ်။
ဦးသက်နိုင်ဦးကတော့ တောင်သူတွေအနေနဲ့ သူတို့ လုပ် နေတဲ့မြေတွေကို မှတ်ပုံတင်လာအောင် အစိုးရဘက်က သတိ ပေးစာတွေ ထုတ်ဆင့်အသိပေးမှာဖြစ်ပြီး ဒီအခါမှာလည်း မှတ်ပုံတင်လျှောက်လွှာ တင်သွင်းနိုင်သေးတယ်လို့ ရှင်းပြပါတယ်။ အသိပေးစာတွေရရဲ့သားနဲ့ မလျှောက်ဘူးဆိုရင်တော့ အရေးယူဖို့ရှိတယ်လို့ သူက ရှင်းပြတယ်။
“ကျွန်တော်တို့က ၂၂-ခ(၃)အရ ဆက်သွားရတော့မှာပေါ့။ ဒါက သိသိကြီးနဲ့ ချိုးဖောက်သလို ဖြစ်သွားပြီပေါ့ဗျာ” လို့ သူက ပြောတယ်။ ပုဒ်မ ၂၂-ခ(၃) ကတော့ ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုး နေသူတွေကို အရေးယူအပြစ်ပေးဖို့ òန်ကြားထားတာ ဖြစ်ပါတယ်။
ဥပဒေရဲ့ အားသာချက်၊ အားနည်းချက်
ဒီဥပဒေမှာ အားသာချက်အချို့ပါဝင်ပြီး အဲဒီထဲက တစ်ချက်ကတော့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရ စီမံ ခန့်ခွဲစိုက်ပျိုးနေတဲ့မြေတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် မသတ်မှတ်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒါပေမဲ့ ဥပဒေမှာ ဓလေ့ထုံးတမ်းမြေယာကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုပေးမထားတဲ့အတွက် ဒါကို အဓိပ္ပာယ်ပြည့်စုံ ကောင်းမွန်အောင်ပြင်ဆင်ပြီး မြေယာစိုက်ပျိုးလုပ်ကိုင်သူ တိုင်းရင်းသားတွေကို အကာအကွယ်ပေးသင့်တယ်လို့ မြေယာ အရေးကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

Photo – Kyaw Zayya
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံတစ်ဦး လုပ်ငန်းခွင်ဝင်နေစဉ်
တိကျတဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုရှိမှ တိုင်းရင်းသားဒေသတွေ မှာရှိတဲ့ မြေယာတွေအတွက် အာမခံချက်ရှိတဲ့ မြေယာစနစ် တစ်ခု ဖြစ်လာမယ်လို့ သူတို့က ဆိုကြတယ်။
တည်ဆဲဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ တောင်ယာလုပ်ပိုင်ခွင့်ပေးထားတဲ့မြေတွေ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာအရ သတ်မှတ်လုပ်ကိုင်လာတဲ့မြေတွေနဲ့ အများ ပြည်သူနဲ့ တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားတဲ့မြေတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် မသတ်မှတ်ဘူးလို့ ပုဒ်မ ၃၀(က) မှာ ပြဋ္ဌာန်းထား တာပါ။
ဦးသက်နိုင်ဦးကတော့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာဆိုတဲ့ အသုံးအနှုန်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖို့ တိုင်း ရင်းသားရေးရာဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
နောက်တစ်ခုကတော့ ဒီဥပဒေအရမှတ်ပုံတင်လိုက်တဲ့ မြေယာတွေကို ပေါင်နှံ၊ ရောင်းချ၊ လဲလှယ်ခွင့်ပြုမထားပါဘူး။ ဒီအချက်ကြောင့်ပဲ အထောက်အထား မရှိသေးတဲ့ တောင်သူ တွေက သူတို့မြေတွေကို ဒီဥပဒေနဲ့အညီ မှတ်ပုံတင်ဖို့ တွန့် ဆုတ်နေကြတာဖြစ်နိုင်တယ်လို့ ရှမ်းပြည်နယ်၊ တရားဥပဒေ စိုးမိုးရေး ကွန်ရက်က ဦးဝင်းနိုင်စိုးက ဆိုတယ်။
“မြေလွတ်၊ မြေလပ်နဲ့ မှတ်ပုံတင်လိုက်ရင် ပေါင်နှံရောင်း ချခွင့်မရဘူးလေ။ လယ်ယာမြေမှပဲ ဒီလိုခွင့်ပြုတာဆိုတော့ တောင်သူတွေကလည်း စိတ်မဝင်စားကြဘူး” လို့ သူက ရှင်းပြတယ်။
တောင်သူတွေ အထိမနာဖို့
မြန်မာနိုင်ငံမှာ လုပ်ကွက်ငယ်တောင်သူဖွံ့ဖြိုးရေးကိစ္စတွေနဲ့ အခြားကဏ္ဍတွေလည်း ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း GRET ရဲ့ အဆိုအရ အစိုးရသတ်မှတ်ထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧရိယာရဲ့ လေးပုံသုံးပုံလောက်ဟာ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်မှုစနစ် အခိုင်အမာရှိတဲ့ တိုင်း ရင်းသား အများစုနေထိုင်ရာ ပြည်နယ်ခုနစ်ခုမှာတည်ရှိတယ်လို့ဆိုတယ်။
ဒါပေမဲ့ ဓလေ့ထုံးတမ်းမြေယာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မရှိသေးတာကြောင့် သူတို့မြေတွေကို ဓလေ့ထုံးတမ်းမြေယာလို့ မှတ်ယူနေတဲ့ ဒေသခံတွေ အနေနဲ့ ဒီဥပဒေအရ “ကျူးကျော် လုပ်ကိုင်သူများအဖြစ် သတ်မှတ်ခံရခြင်း (သို့မဟုတ်) မြေလွတ်၊ မြေလပ်၊ မြေရိုင်းလျှောက်လွှာတွေကို ကန့်ကွက်ငြင်းပယ်ခံရခြင်း တွေကို ရင်ဆိုင်ရဖွယ်ရှိပြီး မိမိကိုယ်ကိုယ်ကာကွယ်ရန် ခက်ခဲပါလိမ့်မည်” လို့ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ မြေမူဝါဒအနှစ်ချုပ် အစီရင်ခံစာမှာ GRET က သတိပေးထားတယ်။ ဒီအဖွဲ့က အခြားဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရုံးစိုက်ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဥပဒေရဲ့ ရည်ရွယ်ချက်က နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးရေးနဲ့ ဒေသခံတွေ၊ မြေယာမဲ့နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေးအတွက် ပြဋ္ဌာန်းလိုက်ပေမယ့် “အကြီးစားမြေယာလုပ်ပိုင်ခွင့်ပေးမှုတွေကြောင့် အသေးစား မြေယာလုပ်ကိုင်စားသောက်သူတွေရဲ့ လူမှုစီးပွားဘဝ ပျက်စီး သွားနိုင်တာကို သတိမူသင့်တယ်” လို့ GRET ရဲ့ မြေမူဝါဒ အနှစ်ချုပ်မှာ ထောက်ပြထားတယ်။
ဒီဥပဒေကို တောင်သူအများစုမသိရှိကြသလို သိရှိပြန်ရင် လည်း လျှောက်ထားရယူဖို့ ငွေကုန်ခံနိုင်တဲ့ အခြေအနေမှာ မရှိ ဘူးလို့ GRET ရဲ့အစီရင်ခံစာက ဖော်ပြတယ်။ ဒီလိုအခြေအနေကြောင့် တောင်သူတွေအဖို့ မိမိမြေယာကို စီးပွားရေးလုပ်ငန်းရှင် တွေနဲ့အပြိုင် လျှောက်ထားရယူရမယ်ဆိုရင် အရှုံးနဲ့သာရင်ဆိုင် ကြရလိမ့်မယ်လို့လည်း ဒီအဖွဲ့ရဲ့မြန်မာနိုင်ငံမြေမူဝါဒအနှစ်ချုပ်မှာ သတိပေးထားတယ်။ အကယ်၍ မြေယာအငြင်းပွားမှုတွေ ဖြစ်လာခဲ့ရင် သက်ဆိုင်ရာရုံးကို သွားလာရင်ဆိုင်ဖြေရှင်းဖို့ အကုန်အကျခံနိုင်တဲ့ အနေထားမရှိဘူးလို့ ဆိုလိုတာပါ။

photo – Kyaw Zayya
အသိမ်းခံထားရတဲ့ သူ့မြေယာအနီးမှာ တွေ့ရတဲ့ ဦးကံတင်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းက တောင်ခေါင်းပွားကျေးရွာမှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် ဓနုတိုင်းရင်းသား ဦးကံတင်ဆိုရင် သူယာမြေတွေကို ဒီဥပဒေနဲ့ မှတ်ပုံတင်ချင်တာတောင် အခွင့်အရေးမရတဲ့ တောင်သူတစ်ယောက်ပါ။
အဘိုးက ခုတ်ထွင်ရှင်းလင်း၊ အဖေက အမွေဆက်ခံပြီး သူ့ကို လက်လွှဲခဲ့တဲ့ မြေယာတွေဖြစ်ပေမယ့် အခုတော့ ကုမ္ပဏီတစ်ခုကမြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် လျှောက်ထားရယူ သွားတဲ့အတွက် မြေယာတွေဆုံးရှုံးသွားခဲ့ရတဲ့ ဒေသခံတောင်သူများစွာထဲမှာ သူလည်းပါပါတယ်။
“မိုးကျလာပြီဆိုတာနဲ့ ထွန်ချင်၊ ယက်ချင်တဲ့ဆန္ဒက ထိန်းမရဘူး။ သူတို့လည်းမစိုက်ကြဘူး။ ကိုယ့်လည်း ပြန်မပေးတော့ အတော်လေးခံပြင်းတယ်” လို့ ဦးကံတင်က မေလကတွေ့ဆုံတော့ သိမ်းခံရတဲ့ယာခင်းဘေးမှာ ရပ်လို့ပြောတယ်။ သူ့ရှေ့က တောင်ယာမြေတွေမှာတော့ သီးနှံပင်ရယ်လို့မရှိဘဲ မြက်ရိုင်းတွေက မင်းမူနေတာကိုတွေ့ရတယ်။
ဒီမြေတွေကို ဦးကံတင်တို့ရွာသားတွေ စတင်ဆုံးရှုံးသွား တာက ၁၉၉၄- ၉၅ မှာဖြစ်ပါတယ်။ အဲဒီတုန်းက ဒီဒေသမှာရှိတဲ့ စစ်တပ်ကသူတို့ကိုနှင်ထုတ်ခဲ့ပြီး တပ်ပိုင်မြေအဖြစ်သတ်မှတ်ခဲ့တယ်လို့ ဦးကံတင်ကရှင်းပြတယ်။ နှစ်ရာသီလောက်အကြာ မြက်ရိုင်းတွေတောထလာတဲ့အခါ သူတို့မြေတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် လက်ရှိပိုင်ဆိုင်နေတဲ့ ကုမ္ပဏီကို လုပ် ကိုင်ခွင့်ပေးခဲ့တယ်လို့ ဦးကံတင်နဲ့ တောင်ခေါင်းပွား ရွာသား တွေက ရှင်းပြတယ်။
တပ်မတော်ဟာ ၁၉၉၁ မှာ အမိန့်ကြေညာစာအမှတ် ၄၄/၉၁ နဲ့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများဗဟိုအဖွဲ့ကို ဖွဲ့ စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်ချင်တဲ့ လုပ်ငန်း ရှင်တွေကို ဧက ၅çဝဝဝ ကနေ ၅၀çဝဝဝ အထိ ချထားပေးပါတယ်။ အဲဒီလို ချထားပေးရာမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေအပြင် တောင်သူတွေ လုပ်ကိုင်နေတဲ့ မြေတွေလည်း ပါသွားတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြေယာအရေး ဆောင်ရွက်သူတွေက ဆိုကြတယ်။
ဦးကံတင်တို့ မြေယာပြဿနာအရေးကို ကူညီသူတွေရဲ့ အဆိုအရ တောင်ခေါင်းပွားနဲ့ အနီးဝန်းကျင်က ရွာတွေရဲ့ မြေ ယာတွေကို ဒီကုမ္ပဏီဟာ တပ်မတော် အစိုးရလက်ထက်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ရရှိခဲ့တာလို့ဆိုပါတယ်။ နောက်ဆုံး သက်တမ်းတိုးခဲ့တာကတော့ ၂၀၁၂ မှာ စတင်ပြဋ္ဌာန်းတဲ့ ဒီဥပဒေအရ ၂၀၁၆ မတ်အတွင်းမှာ နှစ် ၃၀ လုပ်ပိုင်ခွင့် ထပ်ရသွားတာလို့ ပြောပါတယ်။
“တို့လုပ်ကိုင်နေတဲ့ စိုက်ပျိုးမြေတွေကို လူမလာရ၊ နွား မလာရဆိုပြီး သေနတ်ပြမောင်းထုတ်တယ်။ ပြီးတော့ မြက်ရိုင်း တွေ ထလာတော့ လုပ်ငန်းရှင်ကို မြေလွတ်မြေလပ်ဆိုပြီး ပေးတယ်။ ဒါကအနိုင်ကျင့်ခံရတာပဲ”လို့ ဦးကံတင်က ပြောတယ်။
“တို့တိုင်တယ်။ ပြန်တောင်းတယ်။ မရဘူး။ ဒါပေမဲ့ ကုမ္ပဏီ ဘက်က အခြားသူတော်တော်များများကိုတော့ နစ်နာကြေး ပေးလိုက်ပြီ။ တို့နဲ့ ကျန်တဲ့ ၂၆ ဦးကတော့ မြေပဲပြန်လိုချင်တယ် ဆိုပြီး တောင့်ခံနေတာ” လို့ ဦးကံတင်က ရှင်းပြတယ်။
ဒီနှစ်အစပိုင်းတုန်းက ဦးကံတင်အပါအဝင် အခြားသူသုံးဦးကို ကုမ္ပဏီက ဒီဥပဒေပုဒ်မ ၂၇ နဲ့ ရွာငံမြို့နယ်တရားရုံးမှာတရားစွဲထားပါတယ်။ အကြောင်းကတော့ ဒီနှစ် ဇန်နဝါရီမှာ ဦးကံတင်အပါအဝင် တောင်သူ ၂၆ ဦးဟာ အသိမ်းခံခဲ့ရတဲ့ သူတို့ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးခဲ့ကြလို့ပါ။ ဒီပုဒ်မက ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမှုနဲ့သက်ဆိုင်ပါတယ်။ ပြစ် ဒဏ်က ထောင်ဒဏ်နှစ်နှစ်၊ ငွေဒဏ်ငါးသိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။

Photo – Kyaw Zayya
၁၉၈၂ – ၈၃ ကတည်းက သီးနှံခွန်ဆောင်ထားတဲ့ တောင်ခေါင်းပွားရွာက ဖြတ်ပိုင်း
“သူတို့ဘယ်လို အာဏာပိုင်နဲ့ပေါင်းပြီး ရသွားသလဲမသိဘူး။ ဒါပေမဲ့ သေချာတာက တို့မြေတွေကမြေလွတ်၊ မြေလပ်၊ မြေရိုင်းမဟုတ်ဘူး။ ဘိုးစဉ်ဘောင်ဆက် လုပ်လာခဲ့တဲ့မြေတွေ။ မြို့ဘေးတင်ကပ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုပြီး လုသွားကြတာ” လို့ ၁၉၈၀ ဝန်းကျင်လောက်ကတည်းက အစိုးရထံ သူတို့ရွာက သီးနှံခွန်ထမ်းဆောင်ထားတဲ့ ပြေစာမှတ်တမ်းတွေကို ထုတ်ပြရင်း ဦးကံတင်က မချိတင်ကဲဆိုတယ်။
ပြီးတော့သူက အခုလိုလည်း ဆိုပါသေးတယ်။
“ဥပဒေတွေက တောင်သူတွေကို အကာအကွယ်ပေးမယ်လို့ ဘယ်လိုပဲဆိုဆို၊ မြေပြင်မှာ တို့တောင်သူတွေက ခံဘက်က ချည်းဖြစ်နေတယ်။ တို့မြေတွေဟာ မြေလွတ်၊ မြေလပ်မဟုတ်ဘူး။ လုခံထားရတာ”
#mawkun #magazine #chronicle #feature #no67

