ဆေးဖက်ဝင်/စက်မှုဂုန်လျှော် အလယ်ပိုင်းဒေသအတွက် တော်လှန်ရေးသီးနှံဖြစ်လာမလား

ဆေးဖက်ဝင်/စက်မှုဂုန်လျှော် အလယ်ပိုင်းဒေသအတွက် တော်လှန်ရေးသီးနှံဖြစ်လာမလား
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Feature  ဖြစ်ပါသည်။

ဟေမာန်ပြည့်  ရေးသည်။

ဆေးဖက်ဝင်/စက်မှုဂုန်လျှော် အလယ်ပိုင်းဒေသအတွက် တော်လှန်ရေးသီးနှံဖြစ်လာမလား

ငါန်းဇွန် (ဇွန်၂ဝ၁၉)

မြန်မာနိုင်ငံတွင် ယခင်ကမစိုက်ခဲ့ဖူးသော အပင်တစ်မျိုးကို အလယ်ပိုင်းမိုးခေါင်ရေရှား၊ အပူပိုင်းဒေသတွင် လွန်ခဲ့သည့် ကိုးလတုန်းက ပြည်ပကုမ္ပဏီတစ်ခုက စမ်းသပ်စိုက်ပျိုးခဲ့သည်။

ထိုစိုက်ခင်းမှာ ရုတ်တရက်ကြည့်လိုက်လျှင် ချဉ်ပေါင်လက်ကြားစိုက်ခင်းနှင့်ပင် တူလှသည်။ အချို့စိုက်ခင်းများတွင်အပင်များမှာ လူ့ခါးစောင်းလောက် အမြင့်ရှိကြပြီး အချို့အပင်များကတော့ လူတစ်ရပ်မရှိတရှိ မြင့်ကြသည်။ လက်ညှိုးတစ်လုံးစာ လုံးပတ်ရှိသည့်ထိုအပင်များ၏ အရွက်များမှာ ချဉ်ပေါင်လက်ကြားများလို အရင်းတုတ်ကာ အဖျားချွန်သွားကြသည်။

ထိုအပင်မှာ အင်္ဂလိပ်လို Hemp ဟုခေါ်ပြီး မြန်မာလို ဆေးဖက်ဝင်/ စက်မှုလုပ်ငန်းသုံး ဂုန်လျှော်ပင်ဟု သုတေသနလုပ်ရန် စိုက်ပျိုးထားသည့် အမေရိကန်အခြေစိုက် အာဟာရ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့်  III M (သရီးအမ်) ကုမ္ပဏီကဆိုသည်။

ဧက ၂ဝ ကျော် ကျယ်ဝန်းသည့် ထိုစိုက်ခင်းသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် စီမံကိန်းအတွင်းတည်ရှိပြီး အနီးအနားကျေးရွာများမှ ရွာသား ၁၇ဝ ဝန်းကျင်ကို အလုပ်အကိုင် ပေးထားသည်။

ဈေးကွက်အလားအလာကောင်းပြီး စိုက်ပျိုးရာတွင် ကရိကထ နည်းပါးသည့် ဆေးဖက်ဝင်/စက်မှုဂုန်လျှော်သည် အပူပိုင်းဒေသတွင် ကောင်းစွာ ဖြစ်ထွန်းနိုင်သည့် သီးနှံသဖွယ် ဖြစ်လာနိုင်သည်ဟု ပညာရှင်များနှင့် ဒေသခံများက မျှော်လင့်ခဲ့ကြသည်။

သို့သော် ထိုမျှော်လင့်ချက်မှာ ယခုအခါ ဝေးဝါးပျောက်ကွယ်လုနီးပါး ဖြစ်သွားရသည်။ အကြောင်းကတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ဧပြီတတိယပတ်က ပျံ့နှံ့သွားခဲ့သော အဖွဲ့အစည်းတစ်ခု၏ ရေးသားချက်ပေါ် အစိုးရ၏ တုံ့ပြန်မှုကြောင့်ဖြစ်သည်။ ယင်းမှာ နိုင်ငံခြားသားများ ဦးဆောင်စိုက်ပျိုးနေသည့်        “ဆေးခြောက်လျှော်” စိုက်ခင်းအား မည်သူ၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးနေသည်ကို သတင်းစာရှင်းလင်းပွဲလုပ်ပေးရန် Mahar Legalization Movement Myanmar (MLMM) အဖွဲ့က ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ရေးသားတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် ဆေးဖက်ဝင်/စက်မှုဂုန်လျှော် တရားဝင်စိုက်ပျိုးခွင့်ရရှိရေးနှင့် ဆေးခြောက်ကို ကျန်းမာရေးနှင့် အပန်းဖြေရေးတို့တွင် သုံးစွဲခွင့်ရရှိရေး လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။ MLMM သည် မြန်မာနိုင်ငံတွင် ဆေးဖက်ဝင်/စက်မှုဂုန်လျှော်စိုက်ပျိုးခွင့်ရရှိရေးကို ၂ဝ၁၇ ကတည်းကတောင်း ဆိုခဲ့သော်လည်းအစိုးရက ခွင့်ပြုမပေးဘဲ အမေရိကန်ကုမ္ပဏီကို ခွင့်ပြုပေးခဲ့သဖြင့် ယင်းကိစ္စကို သတင်းစာရှင်းလင်းပွဲလုပ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

သို့သော် သက်ဆိုင်ရာက သတင်းစာရှင်းလင်းပွဲမလုပ်ဘဲ ဧပြီ ၂၂ ရက်တွင် ယင်းစိုက်ခင်းကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးကာ ထိုအပင်များကို ဆေးခြောက်ပင်များဟုဆိုပြီး စိုက်ခင်း မှ တာဝန်ရှိသူများအား ဖမ်းဆီးတရားစွဲ ဆိုလိုက်ကြသည်။ ဤသို့ဖြင့် ထိုဂုန်လျှော်ပင် အနာဂတ်သည် ဝေဝါးသွားရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရကိုယ်တိုင်က ခွင့်ပြုထားသည့် သုတေသနစိုက်ခင်းအား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး လိုက်သည့် ထိုဖြစ်ရပ်က နောက်ထပ်လာမည့် ရင်းနှီးမြှုပ်နှံမှုများ အတွက် အဟန့်အတားဖြစ်မည်ကို ပညာရှင်များကလည်း စိုးရိမ်နေကြသည်။

တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက ““တိုင်းအစိုးရ ကို ခွင့်ပြုချက်တောင်းပြီးလုပ်ကိုင်ဆောင်ရွက်နေတာ  ၁ဝ လ လောက် ကြာပြီ။ အန္တရာယ်မရှိဘူး။ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်လေးတစ်ခု တက်တာနဲ့ ချက်ချင်းကောက်ဖမ်း၊ အကုန်ပစ္စည်းတွေ သိမ်းဆိုရင် ဘယ်လာရဲပါ့မလဲ။ ဘယ်မှာလဲ ဥပဒေကြောင်းအရ အာမခံချက်””ဟု ထောက်ပြသည်။

လက်ရှိအခြေအနေတွင် ထိုအပင်သည် ဆေးခြောက်ပင် ဟုတ်၊ မဟုတ် ဆိုသည့်ကိစ္စနှင့် စိုက်ပျိုးသူများကိုတရားစွဲဆို သင့်  မသင့် ဆိုသည့်ကိစ္စမှာ အငြင်းပွားဖွယ် ဖြစ်နေသည်။

ဆေးခြောက်လား၊ ဂုန်လျှော်လား

ရဲတပ်ဖွဲ့က ဆေးခြောက်စိုက်ခင်းဟု ယူဆသော ထိုအပင်များသည် ဆေးခြောက်ပင် (Cannabis) နှင့် မျိုးရင်းချင်း တူညီသော်လည်း မျိုးစိတ်အားဖြင့် ကွာခြားသည်ဟု ရုက္ခဗေဒပညာရှင်များက ထောက်ပြသည်။

အပင်များသည် ဆင်းသက်သည့် မျိုးနွယ်တူရုံနှင့် အမျိုး အစားတစ်ခုတည်းဟု  သတ်မှတ်၍ မရနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ပါမောက္ခတစ်ဦးကပြောသည်။ (ဝန်ထမ်းဖြစ်နေသည့်အတွက် ၎င်းင်းပြောဆိုမှုအပေါ် အရေးယူခံရမည် စိုးသောကြောင့် နာမည်ထည့်သွင်းမရေးသားရန် မေတ္တာ ရပ်ခံထားသည်။)

ဆေးဖက်ဝင်/စက်မှုလုပ်ငန်းသုံးလျှော်ပင်က အပင်မြင့်ဖြစ်ပြီး အရိုးအဆစ်သန်မာသည်။ အပင်အမြင့်မှာ ခြောက်ပေမှ  ၁ဝ ပေအထိ မြင့်နိုင်သည်။ ဆေးခြောက်ပင်မှာ လေးပေဝန်းကျင်သာ ရှိသည်။ စက်မှုဂုန်လျှော်ပင်၏ အရွက်မှာ သွယ်လျပြီး ဆေးခြောက်ပင်၏ အရွက်မှာ ပြန့်ကားသည်။

ထို့ပြင် စိုက်ပျိုးရသည့် သက်တမ်းကလည်း မတူ။ ဆေး ဖက်ဝင်/စက်မှုဂုန်လျှော်ပင်၏သက်တမ်းက လေးလဝန်းကျင် ရောက်လျှင် အသုံးပြုရန် ရိတ်သိမ်းနိုင်ပြီဖြစ်သည်။ ဆေးခြောက် ပင်၏သက်တမ်းသည် ရှစ်လဖြစ်သည်။

““ဆေးခြောက်ပင်သည် သဘာဝအတိုင်းစိုက်လျှင်  ဆောင်းရာသီမှာပဲ ဖူးတယ်၊ Hemp က အချိန်မရွေးဖူးတာ””ဟု MLMM မှ ဦးဆောင်သူ ကိုအောင်စေတိုးက ပြောသည်။ သူသည် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင် ထိုအပင်ကို သုံးနှစ်နီးပါး စိုက်ပျိုးခဲ့သည့် အတွေ့အကြုံရှိသည်။

ရန်ကုန်တက္ကသိုလ်မှ ရုက္ခဗေဒပါမောက္ခက ဆေးခြောက် နှင့် ထိုအပင်၏ အဓိကကွာခြားချက်မှာ မူးယစ်စေသည့်ဓာတ် ပါဝင်မှုပမာဏ ဖြစ်သည်ဟုဆိုသည်။ ဆေးခြောက်တွင် မူးယစ်စေတတ်သည့် အာနိသင် အများအပြား ပါဝင်သော်လည်း ထို အပင်တွင်မူ မပါသလောက် နည်းပါးသည်ဟု ရှင်းပြသည်။ ဆေး ခြောက်ပင်တွင် မူးယစ်ထုံထိုင်းစေသည့် ဓာတ် (Tetrahydrocannabiol – THC) ပါဝင်မှုမှာ ၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်း အထိရှိပြီး စက်မှုဂုန်လျှော်တွင်မူ ၁ ရာခိုင်နှုန်းအောက်သာ ပါဝင်သည်။

ဆေးခြောက်ပင်နှင့် စက်မှုဂုန်လျှော်ပင်မှာ မျိုးရိုးတူသော်လည်း မျိုးစိတ်မတူပုံကို စိုက်ပျိုးရေးဘွဲ့ရ မအူပင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ယခုလို နှိုင်းပြသည်။

““အိမ်ခွေးနဲ့ တောခွေး မတူသလိုပေါ့။ အိမ်ကြောင်နဲ့ တောကြောင် မတူဘူး။ ကြည့်ရင်တော့ အတူတူပဲ ထင်ပေမယ့် မတူ ဘူး။ အဲဒီသဘောပေါ့”” ဟု ထောက်ပြသည်။

ထို့အတွက် မည်သည့်အမျိုးအစားကို ခွင့်ပြုမည်၊ မည်သည့်အမျိုးအစားကိုင် ခွင့်မပြုဟု ဥပဒေပိုင်းအရ ကွဲကွဲပြားပြား ဖြစ်သင့်သည်ဟု သူက ထောက်ပြသည်။

သို့သော် မန္တလေးဓာတုဗေဒစစ်ဆေးရေးဌာနခွဲကတော့ မြို့သာစက်မှုဇုန်စိုက်ခင်းမှ အပင်၏ အရိုးအရွက်၊ အစေ့နှင့် အစေးနမူနာများအား ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ဆေးခြောက်ပင် ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ဥပဒေပုဒ်မများ ဖြင့် မန္တလေးတိုင်းမူးယစ်ရဲတပ်ဖွဲ့က ကုမ္ပဏီကို အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ပညာရှင်များကတော့ ဆေးခြောက်ပင်ဟုတ်၊ မဟုတ် ဓာတ်ခွဲစမ်းသပ်ရုံဖြင့် မလုံလောက်ဘဲ အဓိက ကွာခြားချက်ဖြစ် သည့် မူးယစ်ထုံထိုင်းစေသည့် ပမာဏ (THC Level) ပါဝင်မှု အချိုးအစားကို စစ်ဆေးရန် လိုသည်ဟု ထောက်ပြသည်။

အဆိုပါအမှုအား လိုက်လံဆောင်ရွက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက ““ဆေးခြောက် ဟုတ်၊ မဟုတ်ဆိုတာ THC ပမာဏအပေါ် မူတည်ပြီးတော့ နိုင်ငံတကာမှာ သတ်မှတ်ပါတယ်။ ဒါကြောင့် THC ဘယ်လောက်ပါလဲဆိုတာ အတိအကျသိဖို့ လိုပါတယ်။ အဲဒီလိုသိရဖို့ ထပ်မံစစ်ဆေးပေးဖို့ တောင်းဆိုသွားမယ်”” ဟု ပြောသည်။

III M ကုမ္ပဏီကတော့ မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးသုတေသနပြုလုပ်နေခြင်းသာ ဖြစ်ပြီး မည်သည့်အခါကမျှ ဆေးခြောက်ပင် စိုက်ပျိုးရန် ရည်ရွယ်စဉ်းစား ခဲ့ခြင်း မရှိသည့်အပြင် စိတ်ကို ပြောင်းလဲစေသည့် THC  ဒြပ်အစဉ်အမြဲ ဆန့်ကျင်နေကြောင်း မေ ၂၄ ရက် တွင် ထုတ်ပြန်ခဲ့သည်။

အထက်ပါ လျှော်ပင်ကို အသုံးပြုပြီး လေးလအတွင်း ဆွေးမြည့်ပျက်စီးလွယ်သည့် လယ်ယာလုပ်ငန်းခွင်သုံးအိတ်များ၊ မြေစာထည့်အိတ်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး သုတေသန ပြုစမ်းသပ်နေခြင်း ဖြစ်သည်ဟုလည်း ကုမ္ပဏီက ဆိုသည်။

မြို့သာစက်မှုဇုန်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်ကတော့ ထိုဂုန်လျှော်စိုက်ပျိုးခွင့်ပြုရန် ခွင့်ပြုချက်တောင်းခံစဉ်က III M ကုမ္ပဏီက ပြီးပြည့်စုံစွာ တင်ပြမှုမရှိသည်ကို အပြစ်တင်သည်။

ကုမ္ပဏီက မြို့သာစက်မှုဇုန်ကော်မတီကိုတင်ပြရာတွင် အဆိုပါအပင်မှာ ကင်ဆာရောဂါ ကုသပျောက်ကင်းနိုင်သည့် ဆေးဝါးများ ထုတ်လုပ်နိုင်သော ဆေးဖက်ဝင်အပင် ဖြစ်သည်ဟုသာ တင်ပြခဲ့ပြီး ဆေးခြောက်အနွယ်ဝင် အပင်ဖြစ်သည် ဟူသည့် အချက်ကို ပွင့်လင်းစွာ တင်ပြခဲ့ခြင်းမရှိဟု ဦးအောင်ဝင်းခိုင်က ဆိုသည်။

““နိုင်ငံတကာမှာတော့ ဘယ်လိုလုပ်တယ်၊ ရာခိုင်နှုန်း ပါဝင်မှုက ဘယ်လိုရှိတယ်၊ ဒါတွေကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ရင်တော့ အန်ကယ်တို့ရော၊ တိုင်းအစိုးရရော(စိုက်ခွင့် ပေးသင့် မပေးသင့်ကို)အများကြီးစဉ်းစားမှာပေါ့”” ဟု သူကဆိုသည်။

ထိုအပင်အား သုတေသနပြုလုပ်မှုအောင်မြင်ပါက အပူ ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိနိုင်သည့် အပင်ဖြစ်သည့်အတွက် မြေနေရာကို တစ်နှစ် အခမဲ့ငှားရမ်းပြီး သုတေသနပြုလုပ်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်ဝင်းခိုင်က ဆိုသည်။

 

Photo-Hay Man Pyae မြို့သာစက်မှုဇုန်အတွင်းမှ စက်မှုလုပ်ငန်းသုံး လျှော်ပင်များသည် ပူပြင်းလှသည့် နေရောင်အောက်တွင် အနည်းငယ်သာ ရှင်သန်နေကြသည်

Photo-Hay Man Pyae မြို့သာစက်မှုဇုန်အတွင်းမှ စက်မှုလုပ်ငန်းသုံး လျှော်ပင်များသည် ပူပြင်းလှသည့် နေရောင်အောက်တွင် အနည်းငယ်သာ ရှင်သန်နေကြသည်

 

တရားစွဲသင့်၊ မစွဲသင့်

မေ ၂၁ ရက်က မြင်းခြံခရိုင်တရားရုံးတွင် အဆိုပါ အမှုကို ပထမအကြိမ် ရုံးထုတ်ခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူ အမေရိကန် နိုင်ငံသားငါးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ အဆိုပါ ငါးဦးမှာ ကုမ္ပဏီဒါရိုက်တာများဖြစ်သည့် မာတင်ချီချောင်ပန် (Martin Chi Cheong Pun)၊ ဒေါက်ဂလပ်စိုးလင်း (Douglas Soe Lin)၊ အဲလက်ဇန္ဒားစကမ့် တိုဒိုရိုကီ (Alexander Skemp Todorok) နှင့်စိုက်ပျိုးရေးသုတေသ နပညာရှင်များဖြစ်သည့် တောမတ်စ်ဇေဘာလန် (Thomas Zeberlon) နှင့် ဂရူကာ ခူဂ်လာချီးယဲ့စ်(Crucur Cougler Cheius) တို့ဖြစ်သည်။

ကုမ်္ပီအဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်သည့် မာတင်ပန်သည် FMI ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ဆာ့ချ်ပန် (ခေါ်) ဦးသိမ်းဝေနှင့် ညီအစ်ကိုတော်စပ်သူ ဖြစ်သည်။

လောလောဆယ်တွင်တော့ စိုက်ခင်းကြီးကြပ်သူ သုတေသနပညာရှင် အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီး (todoroki) နှင့် ကုမ္ပဏီ ဝန်ထမ်းများဖြစ်သည့် ကိုရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုးတို့ကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မများဖြင့် မန္တလေးတိုင်း၊ အမှတ် ၁၈ မူးယစ်တပ်ဖွဲ့က မူးယစ်ဥပဒေပုဒ်မ ၁၆ (က)(ခ)၊ ပုဒ်မ ၁၉ (က)၊၂ဝ (က) (ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ပုဒ်မ ၁၆ (က)(ခ) သည် မူးယစ်ဆေးဝါးဟု ကြေညာထားသည့်အပင်များကို စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌သုံးသည့် ပစ္စည်းကိရိယာများကို လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့နှင့် သက်ဆိုင်ပြီး ထောင်ဒဏ် ငါးနှစ်မှ ၁ဝ နှစ် အထိလည်းကောင်း၊ ပုဒ်မ ၁၉ (က) သည် ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့နှင့် သက်ဆိုင်ပြီး အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံး နှစ်အကန့်အသတ် မရှိထိ လည်းကောင်း၊ ပုဒ်မ ၂ဝ (က) (ခ) သည် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပြည်ပမှ တင်သွင်း ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ထိုသို့ ပြုလုပ်ရန် ဆက်သွယ်ခြင်းတို့နှင့် သက်ဆိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ် နိုင်သည်။

လက်ရှိ မူးယစ်ဥပဒေတွင် ဆေးခြောက်ပင်ဟုသာ ပါဝင်ပြီး ဆေးခြောက်အနွယ်ဝင်အပင်များဟု မပါဝင်ပေ။ ထို့အတွက် မြို့သာစက်မှုဇုန်စိုက်ခင်းမှ ဆေးခြောက်ပင်နှင့် မျိုးရင်းတူသည့် ဆေးဖက်ဝင်/စက်မှုဂုန်လျှော်ပင်ကို ဆေးခြောက်အဖြစ် သတ် မှတ်ခြင်းမှာ ဥပဒေ၏အားနည်းချက်ဖြစ်သည်ဟု ဥပဒေပညာရှင် များနှင့် မူးယစ်ဆေးဝါးအရေး တက်ကြွလှုပ်ရှားသူ အချို့က ထောက်ပြသည်။

မြို့သာစက်မှုဇုန်စိုက်ခင်းမှ အပင်များသည် ကုန်ပစ္စည်း ထုတ်လုပ်ရန် စိုက်ပျိုးသည့်အတွက် စွဲဆိုထားသည့် ယင်းပုဒ်မများအား ပြန်လည် စဉ်းစားသုံးသပ်သင့်သည်ဟု မူးယစ်ဆေးဝါးမူဝါဒပြုပြင်ပြောင်းလဲရေး ထောက်ခံဆွေးနွေးရေး အဖွဲ့ (Drug Polivy Advocacy Group – DPAG) မှ ညှိနှိုင်းရေးတာဝန်ခံ နန်းပန်းအိခန်းက မှတ်ချက်ပြုသည်။

လက်ရှိတွင်တော့ စိုက်ခင်းကြီးကြပ်သူအမေရိကန်နိုင်ငံ သားနှင့် စိုက်ခင်းဝန်ထမ်းနှစ်ဦးမှာ အမှုရင်ဆိုင်နေရသည်။

မေ ၂၁ ရက် အမှုရင်ဆိုင်ရန် မြင်းခြံတရားရုံးသို့ လာရောက်သည့် လက်ထိပ်တန်းလန်းနှင့်ဂျွန်ကို မြင်သည့်အခါ  စိုက်ခင်းမပိတ်ခင်အချိန်အထိ အလုပ်ရရှိခဲ့ကြသည့် ဒေသခံများ က လာရောက်ဝန်းရံကြသည်။  ““သူ့ကို ဒီလိုပုံစံ မြင်ရတာ ကိုယ့် ဆွေမျိုးသားချင်းတစ်ယောက်ကို မြင်နေရတဲ့အတိုင်းပဲ။ ဘယ်လို မှကို မခံစားနိုင်တာ”” ဟု စိုက်ခင်းတွင် ရေလောင်းတာဝန်လုပ် ကိုင်ခဲ့သည့် ဒေါ်သိန်းမြင့်က ကျလာသည့် မျက်ရည်များကို လက် ဖြင့် သုတ်ရင်း တိုးရှသောလေသံဖြင့် ပြောသည်။

Photo-Hay Man Pyae စိုက်ခင်းသုတေသနပညာရှင် ဂျွန်တိုဒိုရိုကီအား မေလ တတိယပတ်က မြင်းခြံခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့စဉ်

Photo-Hay Man Pyae စိုက်ခင်းသုတေသနပညာရှင် ဂျွန်တိုဒိုရိုကီအား မေလ တတိယပတ်က မြင်းခြံခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့စဉ်

စိုက်ခင်းအလုပ်သမားများက ဂျွန်သည် ၎င်းင်းတို့အပေါ် ကောင်းသည်ဟုဆိုသည်။ ““သူဌေး(ဂျွန်)က တစ်ခါမှ ဆူတာ ငေါက်တာ မရှိဘူး။ လူကိုလူလိုမြင်တယ်။ မတတ်ရင် သင်ပေးတယ်။ အဲဒီလိုအလုပ်ရှင်မျိုး တစ်ခါမှမတွေ့ ဖူးဘူး”” ဟု စိုက်ခင်း ရေလောင်းအဖွဲ့တွင် လုပ်ကိုင်သည့် မဝင်းမာက ဖွင့်ဟသည်။

စိုက်ခင်းတွင် လုပ်ရန် အသက်၊ ရုပ်ရည်၊ ပညာအရည် အချင်း ကန့်သတ်ချက်ဖြင့် ခွဲခြားမထားသလို  အလုပ်လုပ်ရသည်မှာ ဖိအားမများဟု မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့သော အလုပ်သမားများကဆိုသည်။   လုပ်ခအနေဖြင့် တစ်ရက် ၇,ဝဝဝ ကျပ် ရရှိပြီး သူတို့ဒေသက အခြားအလုပ်ကြမ်းများနှင့်ယှဉ်လျှင် များစွာသက်သာသည်ဟုလည်းဆိုကြသည်။

စိုက်ခင်းတွင်လုပ်ကိုင်ခဲ့သည့်အလုပ်သမားများကတော့ ထိုအပင်များသည်ချဉ်ပေါင်လျှော်ပင်များဟုသာ သိထားသည်။ လူမြင်သူမြင်နေရာတွင် ပေါ်ပေါ်ထင်ထင် စိုက်ပျိုးထားသည့် ယင်းအပင်များသည် မည်သည့်နည်းနှင့်မျှ ဆေးခြောက်ပင် မဖြစ်နိုင်ဟု အလုပ်သမားများက အခိုင်အမာ ယုံကြည်သည်။

““စိုက်တာကလည်း စက်မှုဇုန်ထဲမှာ စိုက်တာလေ။ ဆေး ခြောက်ပင်ဆိုရင်တော့ ဘယ်သူမှ ဒီလိုစိုက်မှာမဟုတ်ဘူး။ လူမမြင်သူမမြင်မှာ လုပ်မှာပဲလေ””ဟု ယင်းစိုက်ခင်းတွင် လုပ်ကိုင်ခဲ့သည့် ကိုထူးအောင်က ဆိုသည်။

ထိုအပင်များကို သူတို့ဒေသမှာ စိုက်ပျိုး၍ ဖြစ်ထွန်းနိုင်၊ မဖြစ်ထွန်းနိုင် စမ်းသပ်နေခြင်းဖြစ်သည့်အတွက် အောင်မြင်သွားလျှင် ကိုယ်တိုင်စိုက်နိုင်မည်ဟု အလုပ်သမားများက မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း သူတို့မျှော်လင့်ချက်ထားခဲ့သော အပင်များမှာ ယခုအခါ ပြုစုစောင့်ရှောက်မည့်သူ မရှိသောကြောင့် နွေရာသီ အညာဒေသ၏ မြေကြီးအရောင်နှင့်အပြိုင် အပင်အားလုံး နီးပါး ဝါကြင့်ခြောက်သွေ့နေကြသည်ကို မေလတတိယပတ် အတွင်းက မြင်တွေ့ခဲ့ရသည်။ အပင်အနည်းငယ်သာ အပူရှိန်ကို အန်တုရင်း ကြံ့ကြံ့ခံနေသည်။

Photo-Hay Man Pyae သွေ့ခြောက်လုနီးပါးဖြစ်နေသည့် ဆေးဖက်ဝင်/စက်မှုဂုန်လျှော်ပင်များအား မေလ တတိယပတ်က တွေ့ရစဉ်

Photo-Hay Man Pyae သွေ့ခြောက်လုနီးပါးဖြစ်နေသည့် ဆေးဖက်ဝင်/စက်မှုဂုန်လျှော်ပင်များအား မေလ တတိယပတ်က တွေ့ရစဉ်

တရားဝင်စိုက်ခွင့်

ယခင်က ဆေးခြောက်အနွယ်ဝင်ဖြစ်သည့် စက်မှုဂုန်လျှော် ကို နိုင်ငံအများအပြားတွင် ကန့်သတ်ခဲ့သော်လည်း လက်ရှိတွင် စက်မှုကုန်ကြမ်းသီးနှံအဖြစ် စိုက်ပျိုးခွင့်ပြုလာသည်။ ထို့အတွက် မြန်မာနိုင်ငံတွင်လည်း ဆေးဖက်ဝင်/ စက်မှုဂုန်လျှော်နှင့် ပတ် သက်ပြီး အလေးအနက်ထား စဉ်းစားသင့်သည်ဟု စိုက်ပျိုးရေး ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ထိုဂုန်လျှော်သီးနှံကို တရားဝင်စိုက်ပျိုးခွင့် ရရှိလာပါက မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသ၏ စိုက်ပျိုးရေး အကျပ်အတည်းအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သည်ဟု ပညာရှင်များက သုံးသပ်သည်။ အလယ်ပိုင်းဒေသတွင် စိုက်ပျိုး ရေးလုပ်ငန်းသည် မိုးခေါင်ရေရှားခြင်း၊ ဓာတ်မြေသြဇာဈေးနှုန်း ကြီးမြင့်ခြင်း၊ မိုးလေဝသ မမှန်ခြင်းတို့ကြောင့် အမြတ်နည်းပါးပြီး နှစ်စဉ် အရှုံးပေါ်နေရသည်ဟု တောင်သူလယ်သမားများက ဆိုသည်။

ဆေးဖက်ဝင် /စက်မှုဂုန်လျှော်ပင်သည် အခြားသီးနှံများ ကဲ့သို့ အပင်သွင်းအားစုများ သုံးစွဲရန် မလိုသလို ပိုးမွှားဒဏ်ကို လည်း ခံနိုင်ရည်ရှိသည်ဟု စိုက်ပျိုးရေးပညာရှင်များက ဆိုသည်။

ကရိထကနည်းပါးပြီး စိုက်ပျိုးရ လွယ်ကူသည့် ဆေးဖက် ဝင်/စက်မှုဂုန်လျှော် စိုက်ပျိုးခြင်းက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဟု မြို့သာစက်မှုဇုန်ကော်မတီဥက္ကဋ္ဌ ဦးအောင် ဝင်းခိုင်က မျှော်လင့်ထားဆဲဖြစ်သည်။

မူးယစ်ဆေးဝါးထုတ်နိုင်သည့် အပင်မဟုတ်ဘဲ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေသည့် အပင်မျိုးအဖြစ် တရားဝင် စနစ်တကျ ထိန်းချုပ်ပြီး စိုက်ပျိုးခွင့် ပေးပါက အကျိုးရှိနိုင်သည့်သီးနှံဖြစ်နိုင်သည်ဟုလည်း ဦးအောင်ဝင်းခိုင်က သုံးသပ်သည်။

ထိုဂုန်လျှော်စိုက်ပျိုးရန် စိတ်ပါဝင်စားသူများလည်း ရှိနေ သည်။ လွန်ခဲ့သည့် သုံးလဝန်းကျင်က လုပ်ငန်းရှင်တစ်ဦးက အပင်ပေါက်များအား ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒဌာနသို့ ပေး ပို့ပြီး ယင်းအပင်၏ အမျိုးအစားအား ခွဲခြားခြင်း၊ စစ်ဆေးခြင်းနှင့် မူးယစ်စေသည့် ဒြပ်ပါဝင်မှုကို စမ်းသပ်ပေးရန် အကူအညီ တောင်းခံခဲ့ကြောင်း ထိုဌာနမှ ပါမောက္ခတစ်ဦးနှင့် လက်ထောက် ပါမောက္ခတစ်ဦးက ပြောသည်။

စက်မှုဂုန်လျှော်ပင်သည် အရွက်၊ အရိုးမှအစ တစ်ပင်လုံးနီး ပါး အသုံးဝင်သည့် အပင်ဖြစ်သည်။ ထိုအပင်မှ ထွက်ရှိသည့် အမျှင်များကို အဝတ်အထည် ရက်လုပ်ရာတွင် လည်းကောင်း၊ ကားအတွင်းပိုင်း အသုံးပြုသည့် ထိုင်ခုံများတွင် လည်းကောင်း၊ ပလတ်စတစ်အစားထိုး ပစ္စည်းများ ထုတ်လုပ်ရာတွင် လည်း ကောင်း အသုံးပြုသည်။ ပင်စည်မှထွက်ရှိသည့် အရိုးကို ကြိတ်ပြီး အဆောက်အအုံဆိုင်ရာ ပစ္စည်းများဖြစ်သည့် ကြိတ်သားပြား များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ ထို့ပြင် အစေ့ကို အသုံး ပြုပြီး ဖြည့်စွက်စာများ၊ နာကျင်မှုကို သက်သာစေသည့် ဆေးဝါး များ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်ကဲ့သို့ အလှကုန်ပစ္စည်းများကို လည်း ထုတ်လုပ်သည်။

မြန်မာနိုင်ငံတွင် စက်မှုဂုန်လျှော်ကို တရားဝင်စိုက်ပျိုးခွင့် ရရှိရန် လက်ရှိမူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများ၊ မူဝါဒများကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟုDPAG မှ နန်းပန်းအိခန်းက ထောက်ပြသည်။

““စိုက်လို့ရတဲ့ အပင်တွေကို ဆေးဝါးအနေနဲ့သုံးမလား။ ဝင်ငွေတိုးတဲ့ သီးနှံအဖြစ် အသုံးပြုမလားပေါ့။ မူးယစ်ဆေးဝါး မူဝါဒတို့၊ ဥပဒေတို့ရေးဆွဲသူတွေအနေနဲ့က စဉ်းတော့ စဉ်းစားသင့်တယ်။ ကျွန်မအနေနဲ့ကတော့ ခွင့်ပြုသင့်တယ်၊ မပြုသင့်ဘူးဆိုတာထက် ဘာကြောင့် ဒါကို စိုက်ပျိုးရတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာမျိုးကိုတော့ ပြန်သုံးသပ်သင့်တယ်””ဟုဆိုသည်။

စက်မှုလုပ်ငန်းသုံး ဂုန်လျှော်ကို စိုက်ပျိုးခွင့်ပြုရန်ဆိုလျှင် ဈေးကွက်လိုအပ်ချက်မှာ အရေးကြီးကြောင်း သဘာဝပတ်ဝန်း ကျင်အရေးလှုပ်ရှားနေသည့် Ecodev Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာဦးဝင်းမျိုးသူက ပြောသည်။ စိုက်ပျိုးခွင့် ပြုလိုက်သော် လည်း ထွက်ရှိလာမည့်ပစ္စည်းကို ဝယ်ယူမည့် ကုမ္ပဏီမရှိလျှင် သော် လည်းကောင်း၊ ကုမ္ပဏီရှိလျှင်လည်း လက်ဝါးကြီးအုပ်ထားလျှင် ရေရှည်တွင် တောင်သူများအတွက် အကျိုးမရှိနိုင်ကြောင်း သူကထောက်ပြသည်။

““နိုင်ငံတကာကုမ္ပဏီကြီး သုံးလေးခုလောက် ယှဉ်ပြိုင် လုပ်ကိုင်မှ ဈေးကွက် အမှန်တကယ်ဖွံ့ဖြိုးမယ်””ဟု သူက သုံးသပ်သည်။

ထိုသို့ ဘက်စုံအသုံးပြုနိုင်သည့် ဆေးဖက်ဝင်/စက်မှုဂုန် လျှော်၏ ဝယ်လိုအားမှာ နှစ်စဉ်တိုးတက်လျက် ရှိသည့်အတွက် တရားဝင်စိုက်ပျိုးခွင့်ပေးခြင်းဖြင့် လယ်သမားများဘဝကို မြှင့် တင်နိုင်မည်ဟု တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

ထိုဂုန်လျှော်ပင်မှ ထွက်သည့် အစေ့တစ်တန်လျှင် ဒေါ် လာ၂၅ဝ၊ လျှော်တစ်တန်လျှင် ဒေါ်လာ၂ဝဝ၊ ဈေးနှုန်းရှိသည်ဟု ဆေးခြောက်လုပ်ငန်းနှင့်ပတ်သက်သော သတင်းအချက်အလက် များကို ခွဲခြမ်းစိတ်ဖြာသော ရင်းမြစ်တစ်ခုဖြစ်သည့် Frontier Data က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

စက်မှုဂုန်လျှော်တစ်ဧကလျှင် အစေ့သုံးတန်၊ လျှော်သုံး တန်မှ ခြောက်တန်၊ အဖူး ၁၂ ကီလိုနီးပါးထွက်ရှိပြီး တစ်ဧက စိုက်စရိတ်မှာ မျိုးပေါ် မူတည်ပြီး ငါးသိန်းကျပ်မှ  ၁ဝ သိန်းဝန်း ကျင်ထိ ကုန်ကျနိုင်သည်ဟု ကိုအောင်စေတိုးက ဆိုသည်။

ကမ္ဘာပေါ်တွင် ဆေးဖက်ဝင်/စက်မှုဂုန်လျှော် စိုက်ပျိုးမှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံး စိုက်ပျိုး သော နိုင်ငံမှာ ကနေဒါဖြစ်ကာ တတိယအများဆုံး စိုက်ပျိုးသော နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်သည်ဟု ကမ္ဘာတစ်ဝန်း စက်မှုဂုန်လျှော်သတင်းများကို ကွန်ရက်သဖွယ် စုဆောင်းဖြန့်ဝေ နေသည့် Hemp Today ဝက်ဘ်ဆိုက်က ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၄၁ ခုတို့တွင် ဤဂုန်လျှော်ကို တရားဝင် စိုက်ပျိုးခွင့်ပြုထားသည်ဟုလည်း Hemp Today က ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု ဥပဒေပြုအမတ်များအား အကူ အညီပေးရေးဖောင်ဒေးရှင်း (National Conference of State Legislatures – NCSL) အဖွဲ့၏ အဆိုအရ အမေရိကန်ပြည် ထောင်စု၌ စက်မှုဂုန်လျှော်စိုက်ပျိုးရာတွင် မူးယစ်စေသည့် ဓာတ် THC ပါဝင်မှုကို ဝ ဒသမ ၃ ရာခိုင်နှုန်းအောက်တွင် ခွင့်ပြု ထားသည်။ ဥရောပတွင်တော့  THC ပါဝင်မှုကို ဝ ဒသမ ၂ ရာခိုင်နှုန်းအောက် ခွင့်ပြုထားကြောင်း ဥရောပ စက်မှုဂုန်လျှော် အဖွဲ့အစည်း (European Indistrial Hemp Association) က ဆိုသည်။

Photo-Hay Man Pyae မြို့သာစက်မှုဇုန်အတွင်းရှိ စက်မှုဂုန်လျှော်စိုက်ခင်းများအား ရဲတပ်ဖွဲ့က စောင့်ကြည့်လျက်ရှိသည်

Photo-Hay Man Pyae မြို့သာစက်မှုဇုန်အတွင်းရှိ စက်မှုဂုန်လျှော်စိုက်ခင်းများအား ရဲတပ်ဖွဲ့က စောင့်ကြည့်လျက်ရှိသည်

ထိုင်းနိုင်ငံတွင် ထိုဂုန်လျှော်စိုက်ပျိုးရန် မူးယစ်စေသည့် ဓာတ် THC ပါဝင်မှုကို တစ်ရာခိုင်နှုန်းအောက် ခွင့်ပြုထားပြီး ၂ဝ၁၈ မှ စတင်ကာ ခရိုင်ခြောက်ခုတွင် စတင်စမ်းသပ်စိုက်ပျိုး နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း သက်ဆိုင်ရာဌာန၏ ကြီးကြပ်မှုဖြင့် THC ပါဝင်မှုနှုန်းထားတစ်ခုကို သတ်မှတ်ပြီး ခွင့်ပြုသင့်သည်ဟု ပညာရှင်များကအကြံပြုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ““ဒီမျိုးက တော့ ဆေးခြောက်ဟုတ်တယ်၊ ဒီမျိုးကတော့ ဆေးခြောက် မဟုတ်ဘူးလို့ တိတိကျကျ ပြဋ္ဌာန်းရင်တော့ တောင်သူလယ် သမားတွေအတွက်လည်း အကျိုးရှိတယ်။ ရာသီဥတုနဲ့ ကိုက်ညီ တဲ့ သီးနှံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေအတွက် စရိတ်စကသက်သာတာပေါ့။ အရေးကြီးတာကတော့ ဈေးနှုန်း၊ ဈေးကွက်ရှိနေဖို့ပဲလိုတယ်””ဟု မှတ်ချက်ပြုသည်။

ဦးဝင်းမျိုးသူကတော့ ထိုဂုန်လျှော်ကိုစိုက်ပျိုးခွင့်ပြုရန် မူးယစ်စေသည့် ဓာတ် THC ပါဝင်မှုကို ဝ ဒသမ ၃ အောက် ဖြစ် စေရန် ထိန်းချုပ်မည့်ကိစ္စသည် နည်းပညာစိန်ခေါ်မှု ဖြစ်လာနိုင် သည်ဟုသုံးသပ်သည်။

Photo-Hay Man Pyae စက်မှုဂုန်လျှော်များအား သုတေသနပြုလုပ်ရာ ဓာတ်ခွဲခန်း

Photo-Hay Man Pyae စက်မှုဂုန်လျှော်များအား သုတေသနပြုလုပ်ရာ ဓာတ်ခွဲခန်း

““စိုက်ပျိုးဧက၊ အပင်၊ အထွက်နှုန်းကို စနစ်တကျမှတ်ပုံ တင်တဲ့စနစ် လုပ်ရပါမယ်။ စိုက်ရမယ့် ဇုန်ကိုလည်း သတ်မှတ်ပြီး စိုက်ဧကကို  Drone နဲ့ မှတ်တမ်းတင်နိုင်တဲ့ စနစ်ရှိရမယ်””ဟု သူက ထောက်ပြသည်။

မူးယစ်စေသည့် ဓာတ် THC ပါဝင်မှုကို ဝ ဒသမ ၃ အောက် သတ်မှတ်ပြီး တရားဝင်စိုက်ပျိုးခွင့်ပြုပါက ရင်းနှီးမြှုပ်နှံ လိုသူများ ဝင်ရောက်လာနိုင်သည်ဟု ဦးဝင်းမျိုးသူက သုံးသပ်သည်။

တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါ ဂုန် လျှော် စိုက်ပျိုးထုတ်လုပ်ခွင့်နှင့် ပတ်သက်ပြီး ဖြေလျှော့မှုများ ပြုလုပ်ကာ တွန်းအားပေးလာချိန်တွင် မြန်မာနိုင်ငံအနေနှင့် လည်း ဈေးကွက်လက်ဦးမှု လိုအပ်သည်ဟု ဦးဝင်းမျိုးသူက အကြံပြုသည်။

“သူများတွေစိုက်ပြီးမှ ကိုယ်က စိုက်ပျိုးမယ်ဆိုရင် နောက် ကျသွားမယ်၊ ဒါကြောင့် လက်ဦးမှုရအောင် အစိုးရက ပါးနပ်စွာ ခွင့်ပြုသင့်တယ်”ဟု ဦးဝင်းမျိုးသူက အကြံပြုသည်။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

Website: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."