Photo- Than Naing Oo
ဒုဋ္ဌဝတီနဲ့ ဧရာဝတီမြစ်ဆုံမှာရှိတဲ့ သမိုင်းဝင်မြို့လေးက အေးချမ်းလှ တယ်။ တစ်မြို့လုံးမှာ သက်တမ်းရင့် မန်ကျည်းပင်တွေ၊ ကုက္ကိုပင်ကြီးတွေ က ထီးသဖွယ် အုပ်မိုးပေးထားလို့ အရိပ်ကောင်းတယ်။ ဒီမြို့လေးက မြန်မာရာဇဝင်မှာ မြို့တည် နန်းတည် လေးခါတိတိ တည်ခဲ့ရတဲ့ မြို့ပြနိုင်ငံ တော်လည်း ဖြစ်တယ်။
ပဒေသရာဇ်ခေတ် ထုံးစံအတိုင်း စစ်ဘေး၊ စစ်ဒဏ်လည်း ခံခဲ့ရ သလို သဘာဝဘေးဒဏ်လည်း မလွတ်ခဲ့ရရှာဘူး။ ဒါပေမဲ့ အဲဒီမြို့ လေးမှာ သံသပိတ်လုပ်ငန်းလို ရိုးရာလက်မှုလုပ်ငန်းတွေ အခု အချိန်အထိ ရှိနေသေးတယ်။ မြင်းလှည်းမောင်းပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းလို့ ရနေသေးတယ်။ နွားစာတင်ထားတဲ့ ကောက်ရိုးလှည်းတွေ တအီအီ ဖြတ်သန်းနေတာကို မကြာခဏ တွေ့ရသလို ပေါင်းထိုးနေတဲ့ တောင်သူတွေ၊ နွားကျောင်းနေတဲ့ နွားကျောင်းသားတွေ၊ စပါးခင်း ရေသွင်းနေတဲ့ လယ်သမားတွေ ကိုလည်း တွေ့မြင်နိုင်ပါတယ်။ ရဟန်းပညာရှိ၊ လူပညာရှိ ထွက် ရှိတဲ့ အင်းဝမြို့ဟောင်း ဖြစ်ပါတယ်။
အင်းဝမြို့ဟောင်းက မန္တလေးမြို့ရဲ့ အနောက်တောင် ထောင့်အရပ်မှာ တည်ရှိတယ်။ မ္တနလေးနဲ့ ၁၇ မိုင်မျှသာ ကွာဝေး ပေမယ့် အင်းဝမှာ ကျေးလက်ရနံ့တွေ ထုံသင်းနေဆဲ ဖြစ်ပါတယ်။ ဒုဋ္ဌဝတီမြစ်ရေက အင်းဝမြို့ဟောင်းကို ရစ်ခွေစီးဆင်းနေပြီး ဧရာ ဝတီမြစ်ရဲ့ အရှေ့ဘက်မြစ်ကမ်းနဖူးမှာ တည်ရှိတယ်။ အင်းဝကို သွားချင်ရင် အရင်က ဒုဋ္ဌဝတီမြစ်ကို စစ်ကိုင်းတံတားအနီး အိုး တုတ္တန်းဆိပ်ကနေ ဇက်နဲ့ ကူးခဲ့ကြရတယ်။ လမ်းဘေးဝဲယာမှာ သစ်ပင်တွေ ယှက်နွှယ်နေတဲ့ အိုးတုတ္တန်းဆိပ်ကမ်းကို သွားရာ လမ်းလေးမှာ သာသာယာယာ သိပ်ရှိတာ။ အခုနောက်ပိုင်းမှာ တော့ အင်းဝမြို့ဟောင်းကို သွားချင်ရင် ရန်ကုန်-မ္တနလေး အမြန် လမ်းကနေ ဒုဋ္ဌဝတီမြစ်ကူးတံတားအသစ်ကြီးကို အသုံးပြုပြီး သွားကြတော့တယ်။
အင်းဝမြို့ှုဟောင်း အေနောက်ဘက်စွန်းက ကြောင်လိမ်ဝင်္ကပါစေတီတော် Photo- Than Naing Oo
စာဆိုကြီး ဒဂုန်တာရာ သက်ရှိထင်ရှားရှိစဉ်က အင်းဝကို သွားကြမယ်ဆိုတော့ လိုက်ပို့ပေးကြသူတွေက လမ်းသစ်ကနေ ဇက်မကူးဘဲ တံတားအသစ်ကြီးပေါ်ကနေ သွားဖို့ စီစဉ်ကြတယ်။ ဆရာဒဂုန်တာရာက သူငယ်ငယ်က သွားခဲ့တဲ့ လမ်းဟောင်း အတိုင်းပဲ သွားချင်တယ်ဆိုလို့ အိုးတုတ္တန်းဆိပ်ကမ်းကနေ ဒုဋ္ဌ ဝတီမြစ်ကို ဇက်နဲ့ ဖြတ်ကူးပေးခဲ့ကြရတယ်။ လမ်းခရီးမြင်ကွင်း တွေကို ခံစားချင်တဲ့ ဆရာက အဖော်ပါလာသူတွေကို ဘာတွေ ပြောင်းလဲနေပြီလဲလို့ မေးစမ်းပါသတဲ့။ အဖော်ပါလာသူတွေကလမ်းနံဘေးမှာ ဘာပင်တွေကတော့ ရှိသေးတယ်။ ရာသီဥတု အခြေအနေက ဘယ်လိုရှိတယ်။ ဒုဋ္ဌဝတီမြစ်ရေကတော့ ဘယ်လို ဖြစ်သွားပြီဆိုတာတွေ ပြောပြရတာပေါ့။ ဆရာက အင်းဝခရီးကို လမ်းဟောင်းက သွားရင်း ငယ်လွမ်းဝေဒနာကို ခံစားချင်ရှာ တာပါ။
ကျွန်တော်တို့ကတော့ အင်းဝကို သွားတိုင်း ဒုဋ္ဌဝတီမြစ်ကူး တံတားအသစ်ကြီး ပြီးကတည်းက လမ်းသစ်ကပဲ သွားဖြစ်တာ ချည်းပဲ။ ရန်ကုန်-မ္တနလေး အမြန်လမ်းကလည်း သွားလို့ရသလို ရန်ကုန်-မ္တနလေးလမ်းဟောင်းက သွားချင်ရင်လည်း အင်းဝကို ဒုတ်ဒုတ်ထိ ရောက်ပါတယ်။ လမ်းသစ်က သွားသူတွေက မ္တနလေးဘက်က လာတဲ့အခါ ဒုဋ္ဌဝတီမြစ်ကူးတံတားကို ကျော်ပြီး ရင် တံတားဦးမြို့ထိပ်က ဘီအိုစီဆီဆိုင် ရောက်တဲ့အခါ တံတား ဦးမြို့ထဲသွားတဲ့ လမ်းအတိုင်း ဝင်လာရမှာပါ။ လမ်းဟောင်းက လာသူတွေကတော့ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ရောက်ရင် တံတားဦး မြို့ကိုသွားတဲ့ လမ်းအတိုင်း ဝင်လာရမှာပါ။
မယ်နုအုတ်ကျောင်းရှေ့ကမြင်းလှည်းဂိတ် Photo- Than Naing Oo
အင်းဝမြို့ဟောင်းက မ္တနလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်အတွင်းမှာ တည်ရှိပြီး ရှေးမြို့တော်ဟောင်း ဖြစ်တယ်။ အင်းဝမြို့ဟောင်းမှာ မီးသတ်တပ်ဖွဲ့ ရှိတယ်။ စာသင်ကျောင်းတွေ ရှိတယ်။ ရပ်ကျေးရုံးခွဲ ဖွင့်ထားတဲ့ နိုင်ငံရေးပါတီအချို့လည်း ရှိပါ တယ်။ အင်းဝသူ၊ အင်းဝသားတွေရဲ့ လူမှုကိစ္စအဝဝအတွက် လူမှု ကူညီရေးအသင်းတွေလည်း အင်းဝမှာ ဖွဲ့ထားကြပါတယ်။ ရှေး ဟောင်းစေတီပုထိုးတွေနဲ့ သာသနိက အဆောက်အအုံတွေက အင်းဝမှာ လက်ညှိုးထိုးမလွဲဘူး။ တချို့ အဆောက်အအုံတွေကို ရှေးဟောင်းသုတေသနက ထိန်းသိမ်းထားပေမယ့် ထိန်းသိမ်းသူ မရှိ ဖြစ်နေတဲ့ အဆောက်အအုံတွေလည်း ရှိပါသေးတယ်။
အင်းဝဘက်ရောက်တဲ့အခါ သက္ကရာဇ် ၉၆၄ ခုနှစ်မှာ ညောင်ရမ်းမင်း တည်ထားခဲ့တဲ့ မဟာမုနိဘုရားနဲ့ မျက်နှာချင်း ဆိုင်မှာ အင်းဝခေတ်လက်ရာ စေတီပျက်ကြီးတစ်ဆူ ရှိပါတယ်။ အပေါ်ပစ္စယံအထိ တက်ရောက်ဖူးမြော်နိုင်ပြီး အင်းဝခေတ် အနု ပညာလက်ရာတွေကို အသေးစိတ် လေ့လာနိုင်ပါတယ်။ အပေါ် ပိုင်း မြောက်ဘက်ခြမ်းမှာတော့ ပြိုကျပျက်စီးနေပေမယ့် ပန်း တမော့လက်ရာအချို့က အကောင်းအတိုင်း ရှိနေပါသေးတယ်။ သဲကျောက်နဲ့ ထွင်းထုထားတဲ့ ဘီလူးပန်းဆွဲတွေက အင်းဝခေတ် ပန်းတမော့လက်ရာကို ဖော်ပြနေတယ်။
ရတနာဆီမီးစေတီတော်ရင်ပြင်တော်ပေါ်က ပန်းချီအရောင်းဆိုင် Photo- Than Naing Oo
အင်းဝနန်းမြို့ရိုး အရှေ့တံခါး မရောက်မီမှာ ယုဒသန် အထိမ်းအမှတ်နေရာ ရှိပါတယ်။ ယုဒသန်က ဘကြီးတော်ဘုရား လက်ထက်မှာ သာသနာပြုအနေနဲ့ မြန်မာနိုင်ငံကို ရောက်လာခဲ့ တာဖြစ်ပြီး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့တဲ့ ပညာရှင်တစ် ယောက် ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို အစောဆုံး ပြုစုခဲ့ကြတဲ့ ပညာရှင်တွေထဲမှာ ယုဒသန်လည်း အပါအဝင် ဖြစ်တယ်။ ယုဒသန်အထိမ်းအမှတ် ကျောက်တိုင်ရှိရာ နေရာက လူ တစ်ရပ်ကျော် အမြင့်ရှိတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကြီး ရှိခဲ့ တဲ့ နေရာဖြစ်ပြီး အခုတော့ ချုံနွယ်ပိတ်ပေါင်းတွေ ဖြစ်နေပါပြီ။ အဲဒီနေရာမှာ သက်တမ်းရင့် ကုက္ကိုပင်ကြီး ငါးပင်က အုပ်မိုးနေ ပြီး အောက်ခြေမှာတော့ မိုးနှံချုံပုတ်တွေ ဆူးချုံတွေနဲ့ ရှုပ်ယှက် ခတ်နေတယ်။ ကုက္ကိုပင်ကြီးတစ်ပင်ကတော့ ကိုင်းတွေ ခြောက် ပြီး အရွက်တွေလည်း မရှိတော့ဘူး။ အထိမ်းအမှတ်ကျောက်တုံး ရှိခဲ့တဲ့ နေရာကို သွားတဲ့နေရာမှာ လူတစ်ယောက်စာ သွားရုံ လမ်းလေး ရှိပေမယ့် လူသူအရောက်အပေါက်နည်းလို့ လမ်းကျဉ်း ကျဉ်းလေးပေါ်မှာပဲ အမှိုက်သရိုက်တွေက ရှုပ်ပွနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ လောက်က စစ်ကိုင်းမြို့သား ဦးယောလှဆိုသူက အင်းဝမြို့သား ဦးလှအောင်ကို အလုပ်အပ်ခဲ့ ပါသတဲ့။ ယုဒသန်အထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ရှောက်ဖို့ တစ်လ ၂၅ ကျပ်နဲ့ အလုပ်အပ်ခဲ့တာပါ။ မြေတစ်ဧက ကာလ ပေါက်ဈေးနဲ့ ဝယ်ခဲ့ပြီး ယုဒသန်အထိမ်းအမှတ်ကျောက်တုံး ထား ရှိခဲ့တာပါလို့ စောင့်ရှောက်ခဲ့တဲ့ ဦးလှအောင်က ပြန်ပြောပြတယ်။ ဦးလှအောင်က ယခုအခါ အသက် ၈၁ နှစ်အရွယ် ရောက်နေပေ မယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၆ဝ ကျော်က အဖြစ်အပျက်တွေကို မှတ်မှတ်ထင်ထင် မှတ်မိနေသေးတယ်။ ”အဲဒီတုန်းက တစ်လ အစိတ် ဆိုတဲ့ ငွေက အတော်များတယ်လို့ ပြောနိုင်တယ်။ ထိန်းသိမ်း စောင့်ရှောက်တယ် ဆိုပေမယ့် တစ်နေ့တစ်ခေါက် သွားကြည့်ပေး ရုံပါပဲ။ နောက်ပိုင်းမှာ သူတို့လည်း လခပေးဖို့ အခက်အခဲဖြစ်လာ တယ်နဲ့ တူပါတယ်။ လခ မရတော့တဲ့ အချိန်မှာလည်း ကျွန်တော် သွားကြည့်ခဲ့တာပါပဲ”လို့ ဦးလှအောင်က ပြောပါတယ်။
ယုဒသန် အထိမ်းအမှတ်ကျောက်တိုင် ထားရှိတဲ့ နေရာကို အချို့က အင်းဝထောင်ဟောင်းရှိတယ်လို့ မှတ်ထင်ကြတယ်။ အင်းဝထောင်က မြစ်ရေတိုးရင် ရေဝင်တဲ့အရပ်မှာရှိပြီး အထိမ်း အမှတ်ကျောက်တိုင်က မယ်နုအုတ်ကျောင်းအနီး ပေ ၃ဝဝ လောက်သာ ကွာဝေးပြီး ယာတောထဲမှာ တည်ရှိပါတယ်။ အုတ်ခုံ ခံပြီး စကျင်ကျောက်နဲ့ ထုဆစ်ခဲ့တဲ့ ယုဒသန်အထိမ်းအမှတ် ကျောက်တိုင်က မသမာသူတွေလက်ချက်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်က နိဋ္ဌိတံခဲ့ပါပြီ။ အင်းဝသူ၊ အင်းဝသားတွေသည်ပင် ယုဒသန်အထိမ်းအမှတ်ကျောက်တိုင်ကို မြစ်ထဲ မြှုပ်ခဲ့လေ သလား၊ မြေထဲ မြှုပ်ခဲ့လေသလား သေချာ မပြောနိုင်ကြတော့ ပေ။ ၁၉၈၈ ခုနှစ်ဝန်းကျင်မှာ ယုဒသန်အထိမ်းအမှတ်ကျောက် တိုင် ဖျက်ဆီးခံခဲ့ရရုံမက ဖျောက်ဖျက်ခံခဲ့ရတယ်။
အင်းဝနန်းမြို့ရိုးအတွင်း အရှေ့ပေါက်က ဝင်လိုက်တယ်ဆို ရင်ပဲ မကြာခင်မှာ မယ်နုအုတ်ကျောင်းကို ဒုတ်ဒုတ်ထိ ရောက် တော့တာပါပဲ။ အင်းဝကို ရောက်တဲ့အခါ နန်းမတော်မယ်နုအုတ် ကျောင်းက မဝင်မဖြစ်နေရာပါ။ အင်းဝခေတ်လက်ရာအတိုင်း အကောင်းနီးပါးရှိသေးလို့ ယဉ်ကျေးမှုတန်ဖိုး၊ သမိုင်းတန်ဖိုး မြင့်မားတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။
အင်းဝနန်းတော်အတွင်းက မယ်နုအုတ်ကျောင်း Photo- Than Naing Oo
မယ်နုအုတ်ကျောင်း (မဟာအောင်မြေဘုံစံကျောင်းတော် ကြီး)ကို ၁၈၂၂ ခုနှစ်မှာ ဘကြီးတော်မင်းရဲ့ မိဖုရားခေါင်ကြီး မယ်နုက ညောင်ကန်ဆရာတော် ဦးပိုအား တင်လှူပူဇော်ခဲ့ပါ တယ်။ ဆရာတော်ဦးပို ပျံလွန်တော်မူတဲ့အခါ ဆရာတော် ဦးဗုဓ် အား ထပ်မံလှူဒါန်းခဲ့တယ်လို့ အင်းဝသမိုင်းက ဆိုပါတယ်။ ၁၈၃၈ ခုနှစ်တွင် ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် နန်းမတော်မယ်နုရဲ့ သမီး (မင်းတုန်းမင်းကြီးရဲ့ မိဖုရား လည်း ဖြစ်သော) ဆင်ဖြူမရှင်မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့ တယ်။ မယ်နုအုတ်ကျောင်းအဆင်း လှေကားထိပ်မှာ အမှတ်တရ ပစ္စည်းလေးတွေ ရောင်းချသူလေးတွေ ရှိတယ်။ မြေဆေးတံ အကျိုးအပဲ့လေးတွေ၊ ကြေးရုပ်အလေး ခပ်သေးသေးလေးတွေ ရောင်းချတာပါ။ ရောင်းသူတွေရဲ့ အာဝဇ္ဇန်းကြောင့် ရှေးဟောင်း ဟုတ်၊ မဟုတ် မသေချာတဲ့ မြေဆေးတံ အကျိုးအပဲ့တစ်ချောင်း အမှတ်တရအဖြစ် ဝယ်ယူခဲ့တယ်။ ဆေးတံတစ်ချောင်း ကျပ် ၁ဝဝဝ နဲ့ ရောင်းချတာပါ။ ဆေးတံရောင်းချသူရဲ့ အပြောအရ ဒုဋ္ဌ ဝတီမြစ်အတွင်းက ဆယ်ယူရရှိခဲ့တာတွေပါတဲ့။
မယ်နုအုတ်ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ အညာကျေး လက်ဆန်တဲ့ ဈေးဆိုင်လေးတွေ ရှိတယ်။ အုန်းစိမ်းရည်သောက် ချင်လည်း ရတယ်။ ထမင်းဆီဆမ်း၊ ထမင်းသုပ်တွေ စားချင်ရင် လည်း ရတယ်။ လက်ဖက်ရည်၊ ကော်ဖီနဲ့ အအေးမျိုးစုံလည်း ရတယ်။ အင်းဝက မြင်းလှည်းတွေလည်း မယ်နုအုတ်ကျောင်း အနီးမှာ တစ်စုတဝေးထဲ တွေ့ရနိုင်တယ်။ တိုးရစ်တွေက အင်းဝ မြင်းလှည်းတွေကို လိုလိုလားလား စီးကြတာ တွေ့ရတယ်။ အင်းဝ မြို့ရိုးအတွင်းမှာ အင်းဝနန်းမြင့်မျှော်စင်ကို ခပ်စောင်းစောင်း အနေအထားနဲ့ တွေ့ရပါတယ်။ ပြင်သစ်က အီဖယ်လ်မျှော်စင် လည်း စောင်းတယ်။ အီတလီက ပီဆာတာဝါလည်း ခပ်စောင်း စောင်းပဲ မဟုတ်လား။ ဒီလိုနေရာမှာ ကျွန်တော်တို့က ကမ္ဘာ့ အဆင့်မီတယ် ပြောရမလားပဲ။
အင်းဝမြို့အဝင်က အင်းဝခေတ်လက်ရာ စေတီပျက်ကြီး Photo- Than Naing Oo
အင်းဝနန်းတော် အနောက်ဘက်ယွန်းယွန်း အပြင်စံရာ ကျေးရွာအနီးမှာ ရတနာဆီမီးစေတီ ရှိပါတယ်။ အင်းဝခေတ်လက်ရာဖြစ်ပြီး အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားလို့ အင်းဝ ခေတ်လက်ရာတွေကို မူရင်းအတိုင်လေ့လာနိုင်တယ်။ ဗားကရာ သွားတဲ့ လမ်းအနီးမှာ ရှိပြီး လမ်းမနဲ့ မဟာရံတံတိုင်းက ပေ ၁ဝဝ လောက်ဝေးတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ရေဆေးပန်းချီနဲ့ မြန်မာ့လက်မှုအနုပညာလေးတွေ ရောင်းတဲ့ ဆိုင် ရှိပါတယ်။ နေရာအချို့မှာ ပျက်စီးပြိုကျမှုတွေ ရှိနေပေမယ့် အချို့နေရာတွေ မှာ အကောင်းပကတိ ကျန်ရှိနေသေးတယ်။ ရတနာဆီမီးဘုရားနဲ့ ကပ်လျက်မှာ အမိုးအကာကင်းမဲ့နေတဲ့ ဂန္ဓာကုဋီတိုက်ရှိပြီး ထိုင် တော်မူနေတဲ့ ဆင်းတုတော်ကြီးတစ်ဆူ ရှိပါတယ်။ ရတနာဆီမီးစေတီတော်ရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်မှာ အုတ်ရေအိုး စင်လေး ရှိပါတယ်။ စေတီတော်ရဲ့ အနောက်တောင်ထောင့်မှာ ကြီးမားလှတဲ့ လက်ပံပင်ကြီးတစ်ပင်ရှိပြီး နွေကာလဖြစ်လို့ လက် ပံပွင့်တွေ ကြွေကျနေပါတယ်။
ဗားကရာကျောင်းရဲ့ အနောက်ဘက်မှာ ဆိုလာမီးတွေ အသုံးပြုတဲ့ ကျေးရွာလေးတစ်ရွာရှိပြီး ရွာရဲ့ အနောက်ဘက်မှာ ကြောင်လိမ်ဝင်္ကပါစေတီ ရှိတယ်။ အထက်ပစ္စယံအထိ တက် ရောက်ဖူးမြော်နိုင်ပြီး အင်းဝမြို့ရဲ့ အနောက်စွန်းမှာ ရှိတယ်။ ပြည် တွင်းဘုရားဖူးတွေ အရောက်အပေါက်နည်းပြီး ပြည်ပခရီးသွား တွေရဲ့ အင်းဝခရီးစဉ်မှာ မဖြစ်မနေ ထည့်သွင်းရတဲ့ ခရီးစဉ် ဖြစ်ပါ တယ်။ အထက်ပစ္စယံအထိ တက်ပြီးရင် ပတ်ဝန်းကျင်ရှုခင်းတွေကို ကြည့်ရှုလို့ရပါတယ်။ အထက်ပစ္စယံရောက်ရင် ကြောင်လိမ် လှေကားက တစ်ဆင့် အတွင်းထဲကို ဝင်လို့ရပေမယ့် လာရောက် လည်ပတ်ကြသူတွေက ရိုးရိုးအုတ်လှေကားကို အတက်ရော အဆင်းပါ အသုံးပြုကြတယ်။
ရတနာဆီမီးစေတီတော်ရှိ ထိုင်တော်မူ ဆင်းတုတော်ကြီး Photo- Than Naing Oo
အင်းဝကို ရောက်ပြီဆိုမှတော့ အင်းဝဆင်ကျုံးခံတပ်ကို လည်း ရောက်ဖြစ်အောင် သွားဖို့ လိုတာပေါ့။ ဆင်ကျုံးခံတပ်က အင်းဝမြို့ဟောင်းရဲ့ အနောက်စူးစူးမှာ ရှိတယ်။ ဆင်ကျုံးခံတပ် အနီးမှာ မြစ်မင်းဧရာဝတီနဲ့ ဒုဋ္ဌဝတီမြစ်တို့ ပေါင်းဆုံ စီးဆင်းကြ တယ်။ ဒီအနီးဝန်းကျင်မှာ ခံတပ်သုံးခုက ဖိုခုံလောက်ဆိုင် တည် ရှိတယ်။ ဧရာဝတီမြစ်ရဲ့ တစ်ဖက်ကမ်း စစ်ကိုင်းမှာ အစေခံ ခံတပ် ရှိတယ်။ မ္တနလေးဘက်ခြမ်းမှာ သပြေတန်းခံတပ် ရှိတယ်။ ဒီနေရာလေးက ရှုခင်းလှလို့ ဓာတ်ပုံဆရာတွေ၊ ပန်းချီ ဆရာတွေ မျက်စိကျတဲ့ နေရာလေးလည်း ဖြစ်ပါတယ်။
အင်းဝမြို့ဟောင်းက အေဒီ ၁၃၆၄ မှ ၁၈၄ဝ အထိ နှစ် ပေါင်း ၄ဝဝ ခန့် လေးကြိမ်တိုင်တိုင် မင်းနေပြည်ဖြစ်ခဲ့သော မြို့ တော်ဟောင်းတစ်ခုလည်း ဖြစ်တယ်။ အထက်အညာကို ရောက်တဲ့အခါ အင်းဝမြို့ဟောင်းကို ဝင်လည်ပါ။ အင်းဝက မိတ်ဆွေတို့ကို သမိုင်းခြေရာ လှစ်ဟပြပါလိမ့်မယ်။ ။
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ Remembrance ဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။