ကျောင်းသွားဖော်

ကျောင်းသွားဖော်

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Forgotten ဖြစ်ပါသည်။

မောင်ဥယျဉ် ရေးသည်။

အောက်တိုဘာလ နောက်ဆုံးပတ်ရဲ့ ညနေခင်းတစ်ခုက သာမန် ညနေခင်းတစ်ခုလို ပါပဲ။ မိုးအကုန် ဆောင်းအကူးမို့ အအေးဓာတ်လည်း မဆိုစလောက်သာ ရှိနေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်လက်ကိုင်ဖုန်းကို အမည်မှတ်မထားတဲ့ နံပါတ်အစိမ်းဖုန်း အဝင်ကောလ်တစ်ခု ဝင်လာတယ်။ တယ်လီဖုန်း လက်ခံဖြေဆိုချိန်မှာ ဖုန်းထဲက အမျိုးသမီးအသံက ကျွန်တော် ဟုတ်၊ မဟုတ် အလောတကြီး မေးတယ်။ ကျွန်တော်က ဟုတ်ပါတယ်လို့ ပြန်ဖြေချိန်မှာ သူ့မောင် (ကျွန်တော့်ငယ်သူငယ်ချင်း) အခုပဲ ဆုံးသွား ပြီလို့ ငိုကြီးချက်မနဲ့ ပြောတယ်။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိအောင် ကြက်သေ သေသွားခဲ့တယ်။ ဖုန်း ဘယ်အချိန် ချသွားမှန်းပင် မသိလိုက်ဘူး။

သူတို့မိသားစုက မြို့သစ်ကို ပြောင်းရွှေ့သွားကြတာနှစ် ၂၀ လောက် ရှိနေပြီ။ မြို့သစ်ဘက် ရောက်တဲ့အခေါက်တိုင်း

သူ့အိမ်ကို ဝင်လည်ဖြစ်ပေမယ့် အခုတော့မြို့သစ်ရောက်ရင် လည်စရာပတ်စရာအိမ်တစ်အိမ် လျော့သွားရပြီ။

      တကယ်တော့ ဒီအဖြေ (သူငယ်ချင်း ကွယ်လွန်မယ်ဆိုတဲ့ အဖြေ) ကို မျှော်လင့်ထားပေမယ့် ဒီလောက် မြန်မြန် တိမ်းပါး သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ သူ ဆေးရုံတက်နေစဉ်တုန်း ကလည်း လူမမာမေး ရောက်ခဲ့တယ်။ သူ့အိမ်မှာ အောက်စီဂျင် ပိုက်တန်းလန်းနဲ့ ရှိနေစဉ်မှာလည်း ရောက်ခဲ့သေးတယ်။ နားနား နေနေ အားမွေးလိုက်ရင် ပြန်ကောင်းလာနိုင်တယ်ဆိုတဲ့ မျှော် လင့်ချက်လေး ထားခဲ့ဖူးတယ်။ ဒါပေမဲ့ မရဏမင်းက ခေါ်ဆောင် သွားခဲ့ပြီ။

      သူနဲ့ ကျွန်တော်က ကျောင်းသွားဖော် သူငယ်ချင်းတွေ။ သူ က ကျွန်တော့်ထက် တစ်တန်းကြီးတယ်။ မူလတန်းကျောင်းသား ဘဝမှာ သူနဲ့ ကျွန်တော် ရပ်ကွက်ထဲက မူလတန်းကျောင်းလေး မှာ အတူတူတက်ကြတယ်။ သူက မူလတန်းပြီးလို့ အလယ်တန်း အဆင့် ရောက်တဲ့အခါ အိမ်နားက ကျောင်းမှာ ပြောင်းပြီး ကျောင်းတက်တယ်။ နောက်နှစ် ကျွန်တော် အလယ်တန်းကျောင်း သားဘ၀ ရောက်တော့ ကျွန်တော့်မိဘတွေက အိမ်နဲ့ အနည်း ငယ်ဝေးတဲ့ အထက်တန်းကျောင်းမှာ ထားပေးတယ်။ ဒါပေမဲ့ ကျွန်တော် ခြောက်တန်းတက်တဲ့နှစ် သူ ခုနစ်တန်းရောက်တဲ့နှစ် မှာ ကျွန်တော်ရှိရာ အထက်တန်းကျောင်းကို ပြောင်းလာခဲ့တယ်။

      အိမ်နဲ့ ကျောင်းက ဝေးတော့ ဘတ်စ်ကားစီးပြီး ကျောင်း တက်ကြရတယ်။ ဘတ်စ်ကားခက ဘယ်လောက်ဝေးဝေးစီးစီး ကျောင်းသားဆိုရင် တစ်ယောက် တစ်မတ် (၂၅ ပြား)၊ နေကြာ စေ့တစ်ထုပ် တစ်မတ်၊ အချဉ်ပေါင်းတစ်ထုပ် တစ်မတ်။ လက်ဖက် ရည်တစ်ခွက် သုံးမတ် (၇၅ ပြား) ခေတ်ပေါ့။ တချို့ ကျောင်းသား၊ ကျောင်းသူတွေ စက်ဘီးကိုယ်စီ စီးပြီး ကျောင်းတက်ကြပေမယ့်  အဲဒီအချိန် (၁၉၈၅-၈၆) က သူရော ကျွန်တော်ပါ စက်ဘီး မဝယ် ရသေးဘူး။ တစ်ခါတစ်ရံ ဘတ်စ်ကားခ တစ်ယောက် တစ်မတ် မပေးချင်တာနဲ့ လွယ်အိတ်ကို ကျောပိုးအိတ်သဖွယ် နောက်ပြန် သိုင်းလွယ်ပြီး ကျောင်းက အပြန် ခြေကျင်လျှောက်ခဲ့ရတဲ့ အိမ် ပြန်ခရီးတွေကလည်း မနည်းလှဘူး။ တကယ်တော့ အိမ်နဲ့ ကျောင်းက ဘတ်စ်ကားမှတ်တိုင် ဆယ့်လေးငါးမှတ်တိုင်လောက် ဝေးတယ်။ ကျွန်တော်တို့လိုပဲ ဘတ်စ်ကားခ မပေးချင်လို့ ခြေကျင် ပြန်တဲ့ ကျောင်းသားတွေ အများကြီးပဲ။ ကျွန်တော်တို့ ရပ်ကွက် ထဲမှာ နေတဲ့ တခြားကျောင်းက ကျောင်းသားတွေလည်း ပါသလို အတန်းပေါင်းစုံက ကျောင်းသား၊ ကျောင်းသူတွေလည်း အများ ကြီးပဲ။ အိမ်နဲ့ ကျောင်း ဝေးတယ်ဆိုပေမယ့် ကျောင်းဆင်းခရီး တိုင်းဟာ ပြောစရာအတိ ဖြစ်ခဲ့ရတယ်။ ကျောင်းကနေ အိမ်ကို ခြေကျင်ပြန်တဲ့ ညနေခင်းတွေမှာ ဒန်နဲ့ လုပ်ထားတဲ့ ထမင်းချိုင့် ပြားပြားလေးကလည်း ဘတ်စကက်ဘောလုံး ဖြစ်ခဲ့ဖူးတယ်။

      ပခုက်္ကူချည်ကြမ်း (မြင်းခြံထည်လို့လည်း ခေါ်ကြတယ်) အနီရောင်အကွက်ကြီးတွေနဲ့ ချည်ထုပ်ထားတဲ့ ဒန်ချိုင့်တစ်လုံး ဟာ လမ်းဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက် ပစ်ပေးတမ်း ကစားကြတာပါ။ လမ်းတစ်ဖက်ခြမ်းက ပစ်ပေးလိုက်တဲ့ ထမင်း ချိုင့်ကို ဖမ်းလို့ မိတဲ့အခါလည်း ရှိတယ်။ ခြေချော်လက်ချော်ဖြစ် ပြီး လွဲတဲ့အခါလည်း ရှိတယ်။ ဖမ်းမမိလိုက်လို့ လွဲသွားရင် ကျောက်လမ်းနဲ့ ဒန်ချိုင့် ရိုက်မိပြီး ဂလုံဂလွမ်တွေ မြည်တော့တာ ပါပဲ။ ဒန်နဲ့ လုပ်ထားတာ ဖြစ်လို့ အကွဲအရှ မရှိပေမယ့် ချိုင့်တာ၊ ပိန်တာတော့ ရှိတာပေါ့။ ကျွန်တော့်ထမင်းချိုင့်လေးလည်း အပိန် အရှုံ့တွေနဲ့ ဒဏ်ရာတွေ ဗရပွနဲ့ ဖြစ်ကုန်တယ်။ စတီးချိုင့်တွေ ဆို တာ ဘယ်ဆီနေမှန်းတောင် မသိသေးတဲ့ ကာလတွေ။ ထမင်းချိုင့် က ဒန်နဲ့ လုပ်ထားတော့ ဟင်းထဲက ပါတဲ့ ဆီတွေပြောင်အောင် မနည်းဆေးကြောခဲ့ကြရတယ်။ ဆေးရတဲ့ ဆပ်ပြာကလည်း ရွှေဝါ တံဆိပ်တစ်မျိုးပဲ ရှိတယ်။ အခုခေတ်လို ဆပ်ပြာရည်ဘူးတွေ မပေါ်သေးဘူး။

      တစ်ခါတော့ ကျောင်းဆင်းလို့ အိမ်ပြန်ကြတော့ သူနဲ့ ကျွန် တော် နှစ်ယောက်ပေါင်းပြီး ကဗျာတစ်ပုဒ် စပ်ကြတယ်။ ပြည် ထောင်စုနေ့ နီးချိန်မို့ ကျောင်းနံရံကပ်စာစောင်က စာမူတွေ ဖိတ် ခေါ်နေချိန်။ သူက စာတွေ ကဗျာတွေ ဝါသနာပါတယ်။ ကံအား လျော်စွာပဲ ကျွန်တော်တို့နှစ်ယောက် အတူစပ်ခဲ့တဲ့ ကဗျာလေးက နံရံကပ်စာစောင်မှာ ဖော်ပြခံခဲ့ရဖူးတယ်။ သူနဲ့ ပတ်သက်ရင် လွမ်းမယ်ဆို လွမ်းစရာတွေချည်းပဲ။

      အဲဒီခေတ် ကျောင်းသားတွေ အကုန်လုံးနီးပါး ဘယ်သူမှ ကျောပိုးအိတ် မလွယ်ကြသေးဘူး။ အားလုံးက ကေ်္ဘာဇလွယ် အိတ်နဲ့ ကချင်လွယ်အိတ်တွေ ကိုယ်စီနဲ့ ကျောင်းတက်နေရချိန်။ လွယ်အိတ်ကိုပဲ ကွင်းလေးတွေ ထုံးပြီး လွယ်တော့ ကျော်သူထုံး တဲ့။ မင်းသားကျော်သူက ရုပ်ရှင်ကားတစ်ကားမှာ လွယ်အိတ်ကို ထုံးပြီး လွယ်ခဲ့တယ်လေ။ နောက်တော့ စီလွန် လွယ်အိတ်တွေ လည်း ခေတ်စားခဲ့ဖူးတယ်။

      ကျွန်တော် ခုနစ်တန်းရောက်တဲ့နှစ်မှာ အိမ်က စက်ဘီးတစ် စီး ဝယ်ပေးတယ်။ သူ့အိမ်ကလည်း သူ ကျောင်းသွားဖို့ စက်ဘီး တစ်စီး ဝယ်ပေးတယ်။ ကျွန်တော်တို့အားလုံး ကိုယ်ပိုင်စက်ဘီး မရှိခင်ကတည်းက သူများစက်ဘီးတွေနဲ့ စက်ဘီးစီးတတ်ခဲ့ကြပြီ။ ၂၈ လက်မ ယောကျ်ားစီး စက်ဘီးကြီးနဲ့ သင်ခဲ့ကြသူတွေ ရှိသလို အိန်္ဒိယ ဟီးရိုးတံဆိပ် မိန်းမစီးတွေနဲ့ စက်ဘီးစီးတတ်ခဲ့ကြသူတွေ လည်း ဒုနဲ့ ဒေး။ ယောကျ်ားစီးစက်ဘီးကြီးတွေနဲ့ သင်ခဲ့ကြသူတွေ က ဘေးထိုးကို အရင်လေ့ကျင့်ကြရတယ်။ မိန်းမစီးစက်ဘီးနဲ့ သင်သူတွေကတော့ ဂျောက်ဂျက်စီးပြီး သင်ခဲ့ကြရတာပေါ့။ (ဂျောက်ဂျက်စီးတယ်ဆိုတာ ခြေနင်းကွင်းနဲ့ တစ်ပတ်ပြည့် အောင် မနင်းနိုင်လို့ ဂျောက်ဂျက်မြည်အောင် ခြေနင်းကွင်းကို ရှေ့တိုးနောက်ဆုတ် စီးရတာကို ခေါ်တာပါ။)

      စက်ဘီးဝယ်တယ်ဆိုလို့ အသစ်ဝယ်တယ်လို့ မထင်စေချင် ဘူး။ စက်ဘီးအဟောင်းကို ဝယ်ကြရတာ။ ကျွန်တော့်ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ခွင့်ရတဲ့ စက်ဘီးလို့တောင် ဆိုနိုင်တယ်။ BUTTERFLY တံဆိပ် နီညိုရောင်လေး။ အရောင်တောင် လွင့်နေပါ ပြီ။ ကျွန်တော့်သူငယ်ချင်းကလည်း PHEASANT တံဆိပ် အနက် ရောင် စက်ဘီးဟောင်းလေး။ အဲဒီခေတ်ကတော့ စက်ဘီးတစ်စီး ဝယ်ဖို့ အရေးကလည်း ကိန်းကြီးခန်းကြီးနိုင်လိုက်တာ။ ရပ်ကွက် ထဲက စက်ဘီးကျွမ်းကျင်သူ အိပ်စ်ပတ်ကို တခုတ်တရ ခေါ်သွား ကြရသေးတာ။ စက်ဘီးဆရာက စက်ဘီးတစ်စီးလုံးကို ကျောက် ကြည့်သလို သေသေချာချာ ကြည့်ရှုစစ်ဆေးပြီး သူ့အတည်ပြု ချက်ရမှ ဝယ်ကြရတာကလား။

      စက်ဘီးဆရာက လက်ကိုင်နီကယ်တွေ ကောင်း မကောင်း၊ ခရင်း မှန် မမှန်၊ ဂွေ(ခွေ)တွေ သံချေးကိုက် မကိုက်၊ ပေါင်မှာ ဂဟေဆက်ရာ ပါ မပါ သေချာကြည့်ပေးတယ်။ ချိန်းဖုံးတို့၊ မား ကဒ်တို့လည်း မလွတ်စေရဘူး။ စက်ဘီးဆရာက လိုက်ကြည့်ပါဆို လို့သာ ကြည့်ပေးရတယ်။ သူ့အတွက် ပွဲခလည်း မရ၊ ဝန်ဆောင်မှု ဆိုတာလည်း နတ်္ထိ။ ဝါသနာသက်သက်နဲ့ ကူညီပေးတာပါ။ စက် ဘီးဝယ်က အပြန် ဆီချက်ခေါက်ဆွဲဖြစ်ဖြစ်၊ ထမင်းပေါင်းဖြစ်ဖြစ် ဝယ်တဲ့သူက ဧည့်ဝတ်ပြုတာကိုပဲ စားတယ်။ တစ်ခါတစ်ရံ လက် ဖက်ရည်လောက်နဲ့ ပြီးကြရတဲ့ အခေါက်တွေလည်း ရှိတာပဲ။ ဒါ ပေသိ ရပ်ကွက်ထဲမှာ သူ ဝယ်ပေးလိုက်တဲ့ စက်ဘီးက အမျိုးမှန်၊ အဖိုးတန်ဆိုတဲ့ အပြောတွေပေါ်မှာ စက်ဘီးဆရာက ကျေနပ်နေ တော့တာကလား။ စက်ဘီးတစ်စီး ဝယ်ရတာကလည်း တစ် ခေါက်တည်းနဲ့ ပြီးတာ မဟုတ်ဘူး။ ပစ်္စည်းမမှားရအောင်၊ ဈေး လည်း မများရအောင် ဆစ်တန်ဆစ်၊ ချော့တန်ချော့ လုပ်ကြရ သေးတယ်။ ပိုင်ရှင်ကလည်း ရောင်းနိုင်မှ၊ စက်ဘီးဝယ်မယ့်သူက လည်း တတ်နိုင်ပါမှ အရောင်းအဝယ် အထမြောက်ရတယ်။ ကျွန် တော့်ပထမဆုံး စက်ဘီးဝယ်တော့ ကျပ် ၂,၈၀၀ ပေးခဲ့ရတယ်။

      အဲဒီ စက်ဘီးအဟောင်းကိုပဲ ကျောင်းပိတ်ရက်ရောက်ရင် ရေတွင်းကုန်းမှာ ဆေးကြောသန့်စင်ရသေးတယ်။ သံချောင်ပုံးထဲ သက်သာဆပ်ပြာမှုန့်တွေ ဖောက်ထည့်၊ ရေတစ်ဖလားလောက်နဲ့ ရောပြီး ဗွက်တွေ၊ ရွှံ့တွေ ပြောင်အောင် ဆေးကြရတယ်။ ကျွန် တော်တို့ခေတ်က စက်ဘီးသမားတိုင်း ကိုယ့်စက်ဘီး ကိုယ့်ဘာ သာ ဆေးကြရတယ်။ ကျွန်တော့်စက်ဘီးဆေးတဲ့ အလှည့်မှာ သူ က ရေငင်ပေးပြီး သူ့စက်ဘီးဆေးတဲ့အခါ ကျွန်တော် ရေငင်ပေး နေကျ။ စက်ဘီးတွေ ရေဆေးပြီးရုံနဲ့ မပြီးသေးဘူး။ နေရောင် အောက်မှာ ရေစစ်အောင် ထားပြီး ပုဆိုးစုတ်တွေနဲ့ ရေပြောင် အောင် သုတ်ရသေးတယ်။ ရေခြောက်ပြီဆိုမှ အုန်းဆီပါးပါးလေး သုတ်ကြရတယ်။

      ကျွန်တော်တို့ ကျောင်းသားဘဝက အားလပ်ချိန်တွေ တော်တော်လေး ရခဲ့ကြတယ်။ ကျူရှင်တွေ၊ ဝိုင်းတွေကလည်း ခေတ်မစားသေးတော့ ကျောင်းအားချိန်တွေမှာ ဗြောင်းဆန် အောင် ဆော့ကြတော့တာပဲ။ ကျောင်းသွားဖော်အချင်းချင်း ဘောလုံးချိန်းပြီး ကန်ကြ၊ ရေသွားကူးကြနဲ့ ပျော်စရာကောင်းတဲ့ အချိန်ကာလတွေ ဖြစ်ခဲ့တယ်။ ကျွန်တော် ဘောလုံးကန်တော့ သူ က ဂိုးအမြဲဖမ်းပေးနေကျ။ ဘောလုံးနဲ့ပတ်သက်ရင် ကျွန်တော်က တောင်ကန်မြောက်ကန် အဆင့်ပေမယ့် သူကတော့ ရပ်ကွက် လက်ရွေးစင်ဂိုးသမား ဖြစ်ခဲ့တယ်။ မြို့နယ်အဆင့် ဗိုလ်လုပွဲတွေ မှာ ကျွန်တော်တို့ ရပ်ကွက်အသင်း နိုင်တော့ ဆုဖလားပိုက်လို့ ရှူတည်တည်နဲ့ ရပ်နေတဲ့ပုံ အခုအချိန်အထိ မျက်စိထဲက မထွက်ဘူး။

      ကျွန်တော့်သူငယ်ချင်းက နိုင်ငံကျော်ကြား လူသိများသူ တစ်ယောက် မဟုတ်ပါဘူး။ ဘဝကို အေးအေးချမ်းချမ်း ဖြတ် သန်းပြီး အေးဆေးငြိမ်သက်စွာ အဆုံးသတ်သွားတဲ့ သူလိုကိုယ် လို လူတစ်ယောက်မျှသာပါ။ သူ အခြေခံပညာအထက်တန်း ရောက်တဲ့နှစ်မှာပဲ ခေတ်ပြောင်းတော်လှန်ရေး ကြုံလိုက်ရပြီး အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တယ်။ အရေးတော်ပုံကာလမှာ တပ်ဦးက အလံကိုင်ထွက်သူ မဟုတ်ပေမယ့် နောက်လိုက်ကောင်း ပီသခဲ့သူ ဖြစ်တယ်။ နောက်တော့လည်း မိသားစု စီးပွားရေး အခြေအနေကြောင့် ကျောင်းပညာရေး တစ်ပိုင်းတစ်စနဲ့ ပညာ ရပ်ဝန်းက ကျောခိုင်းထွက်ခွာသွားခဲ့ရတယ်။

      သူ ကျောင်းက ထွက်တော့မယ်ဆိုတော့ ကျွန်တော် မတား ဆီးနိုင်ခဲ့ဘူး။ သူ့အိမ် မီးဖိုချောင် မီးခိုးထွက်နိုင်ဖို့ သူ နိုင်တဲ့ ဝန်ကို ထမ်းခဲ့ရပေမယ့် အပြုံးမပျက်ခဲ့ဘူး။ ကျွန်တော့်ကိုတော့ ဘွဲ့တစ်ခု ရတဲ့အထိ ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားဖို့ အားပေး စကား ပြောတယ်။ ကျွန်တော် ဆယ်တန်းအောင်တော့ ကျွန် တော့်ပျော်ရွှင်မှုထက် မနည်းတဲ့ ပျော်ရွှင်မှုမျိုး သူ့မျက်နှာပေါ်မှာ အထင်းသားတွေ့ရတယ်။ တက်္ကသိုလ်ပညာကို ဆက်လက်ဆည်း ပူးဖို့ ဝမ်းသာအားရ အားပေးတယ်။

      ငယ်ငယ်တုန်းက လူငယ်သဘာ၀ တခြားရပ်ကွက်က ကောင်တွေနဲ့ ရန်ဖြစ်လို့ ထိုးကြကြိတ်ကြ ဖြစ်ရတော့ ကျွန်တော့် မျက်နှာ ဖူးရောင်ကုန်တယ်။ ဒဏ်ရာတွေနဲ့ ပြန်လာတဲ့ ကျွန်တော့် ကို ကြည့်ပြီး ဘာမပြော ညာမပြောနဲ့ ခြံဝင်းတံခါးမှာ တပ်ထား တဲ့ မင်းတုပ်ဖြုတ်ပြီး ရိုက်ပါ့မယ်၊ နှက်ပါ့မယ် လုပ်လို့ သူ့ကို ဆွဲကြ ရသေးတယ်။ (သူက တကယ်တော့ ရန်ဖြစ်လေ့ဖြစ်ထ ရှိသူ မဟုတ်ဘဲ အေးအေးဆေးဆေး နေတတ်သူ တစ်ယောက်ပါ။)ကျွန်တော့်ဒဏ်ရာဒဏ်ချက်တွေ ကြည့်ပြီး နောက်တစ်ခါ ရန်ဖြစ် ဖို့ ကြုံလာရင် သူ့လာခေါ်ဖို့ အားပေးစကား ပြောလိုက်သေးတယ်။

      “တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင်”အသံတွေ သော သောညံချိန်မှာ သူတို့မိသားစု အသစ်တည်တဲ့ မြို့သစ်ကို မရွှေ့ချင် ဘဲ ရွှေ့သွားခဲ့ရတယ်။ မြို့သစ်ဘက် ကျွန်တော် ရောက်တိုင်း သူနဲ့ တွေ့လေ့ရှိပြီး လက်ဖက်ရည် အမြဲတိုက်လေ့ရှိတယ်။ ကျွန်တော် က စာလေးဘာလေး နည်းနည်းပါးပါး ရေးနေတယ်ဆိုတာ သိ တော့ ဘာမှ မဟုတ်လှတဲ့ ကျွန်တော့်အတွက် သူက အမြဲ ဂုဏ်ယူ ရှာတယ်။ မြို့သစ်လေးရဲ့ လူမှုကူညီရေးအသင်းမှာ တာဝန်ကြီး ကြီးယူထားပြီး တာဝန်ကျေအောင်လည်း အားကြိုးမာန်တက် စွမ်းသလောက် ဆောင်ရွက်ရှာတယ်။ သူ့ ကောင်းသတင်းတွေ ကျွန်တော် အမြဲ ကြားနေရတယ်။

      အခုတော့ အားလုံးကို သူ စွန့်ခွာသွားပြီ။ သူက နိုင်ငံကျော် တဲ့ သူရဲကောင်းတစ်ယောက် မဟုတ်ခဲ့ပေမယ့် လူ့ဘဝနေစဉ် အတွင်းမှာ လူပီသအောင် နေထိုင်သွားခဲ့တယ်။ ဘဝအဓိပ်္ပာယ်နဲ့ ဘဝသစ်္စာကို ရှာဖွေတွေ့ရှိသွားခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် သူ့ပတ် ဝန်းကျင် ဝန်မပိရအောင် သပ်သပ်ရပ်ရပ် နေထိုင်ကျင့်ကြံသွားခဲ့ တယ်။ သူတော်ကောင်းတရား အားထုတ် မထုတ် မသေချာပေ မယ့် လူယုတ်မာတစ်ယောက် မဟုတ်ခဲ့တာ သေချာတယ်။ လောက ကို သူနိုင်သလောက် အလှဆင်သွားခဲ့တယ်။

      သူငယ်ချင်း ငြိမ်းချမ်းစွာ အနားယူပါတော့။ ဘဝမှာ သူ့လို ကျောင်းသွားဖော်သူငယ်ချင်းတစ်ယောက် ပိုင်ဆိုင်ခွင့် ရခဲ့လို့ ကျွန်တော် အမြဲ ဂုဏ်ယူနေပါ့မယ်။ နောင်တစ်ချိန် ကျွန်တော့် အကြောင်းကို တခြားသူတွေက စာတစ်ပုဒ် ရေးကြသားကြဖို့ အကြောင်းဖန်လာခဲ့ရင် တစ်ခု တောင်းဆိုချင်ပါတယ်။ တခြား တော့ မဟုတ်ပါဘူး။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းတတ်တဲ့ သူ့ လို သူငယ်ချင်းမျိုး ပိုင်ဆိုင်ခဲ့ကြောင်း မမေ့မလျော့ ဖော်ပြပေးကြ ပါ။ သူ့ရဲ့ သူငယ်ချင်း ဖြစ်ခွင့်ရခဲ့တာကို ကျွန်တော် အမြဲ ဂုဏ်ယူ သွားပါ့မယ်။ သူငယ်ချင်း ကောင်းမွန်စွာ အနားယူပါတော့။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."