၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Interview ဖြစ်ပါသည်။
ဦးဟန်ညွန့်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်
အဖွဲ့ဝင်
ကျော်ဇေယျ တွေ့မေးသည်။ 

ဆယ်စုနှစ်ငါးခုလောက် စစ်အုပ်ချုပ်ရေးအောက်ကျရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆိုးရွားဆုံးအဂတိလိုက်စားတဲ့ တိုင်းပြည်တွေ ထဲမှာ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဝန်ကြီး ဌာနနေရာစုံမှာ အဂတိလိုက်စားခဲ့ကြပြီး ဒီကိစ္စဟာ ရုံးဌာနဆိုင်ရာတွေမှာ ဓလေ့တစ်ခုဖြစ်လာတဲ့ အထိ ကြီးထွားခဲ့တယ်။
ဦးသိန်းစိန်အစိုးရလက်ထက် သက်တမ်းဝက်လောက် အရောက်မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ စတင်ခဲ့ပေမယ့် သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ အခုဆိုရင် ဥပဒေကို လေးကြိမ်အထိ ပြင်ဆင်ခဲ့ပါတယ်။
NLD အစိုးရခေတ်မှာတော့ ဝန်ကြီးချုပ်အဆင့်၊ တိုင်း ဥပဒေချုပ်အဆင့်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌအဆင့် ရာထူးယူထားသူတွေ အပါအဝင် အခြား ဌာနဆိုင်ရာ အရာရှိတော်တော်များများကို ဒီဥပဒေနဲ့ အရေးယူ ခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်ရှိ လေးကြိမ်မြောက် ဥပဒေ ပြင်ဆင်ခဲ့ပြီးနောက်မှာ နိုင်ငံရဲ့အဂတိတိုက်ဖျက်ရေးလုပ်ငန်းစဉ် တွေက အလုပ်ဖြစ်၊ မဖြစ်၊ အားကောင်း၊ မကောင်းနဲ့ ကော်မရှင် မှာ ဘယ်လို စိန်ခေါ်မှုတွေ ကြုံနေရသလဲဆိုတာကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဟန်ညွန့်ကို တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက အချို့ကို ကောက် နုတ်ဖော်ပြလိုက်ပါတယ်။
မော်ကွန်း။ ။ ဘယ်လိုဌာနတွေနဲ့ပတ်သက်ပြီး တိုင်ကြားစာ အများဆုံး လက်ခံရရှိပါသလဲ။
ဦးဟန်ညွှန့်။ ။ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ လွဲမှားဆောင် ရွက်တဲ့ တိုင်စာပေါင်း ၂,ဝ၄၃ စောင် ရှိပါတယ် (၂ဝ၁၇ နိုဝင်ဘာ ကော်မရှင် ဒုတိယသက်တမ်း တာဝန်ယူချိန်မှ ၂ဝ၁၉ ဖေဖော် ဝါရီလကုန်အထိ)။ နောက်တစ်ခါ မြေယာကိစ္စ၊ လယ်ယာမြေကိစ္စ စီမံခန့်ခွဲတာနဲ့ ပတ်သက်ပြီးတော့ ၂,ဝ၄၅ စောင် လက်ခံရရှိပါ တယ်။ ပထမ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့၊ စီမံခန့်ခွဲရေးနဲ့ ပတ် သက်လို့ တိုင်စာများပါတယ်။ ဒုတိယများတဲ့ အရေအတွက်က တော့ မြေယာကိစ္စ၊ လယ်ယာမြေကိစ္စ။ တတိယတိုင်ကြားမှု အများဆုံးဌာနနဲ့ ပတ်သက်လို့ တရားစီရင်ရေးဖြစ်ပါတယ်။ တရားစီရင်ရေးနဲ့ပတ်သက်လို့ တိုင်စာပေါင်း ၁,၈၄၅ စောင် ရရှိပါတယ်။ ဒါဟာ ၂ဝ၁၉ ဖေဖော်ဝါရီလကုန်အထိ ကော်မရှင်ကို တိုင်ကြားထားတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။
နောက်ဆက်ပြီးတင်ပြချင်တာကတော့ဌာနဆိုင်ရာတွေ ရဲ့ ပုဂ္ဂိုလ်ရေးတိုင်ကြားချက်တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ရာထူးတိုးမပေးတာ၊ နယ်ပြောင်းတာ၊အထက်လူကြီးအပေါ်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်တာ။ အဲဒါတွေကျတော့ နည်းနည်း များပါတယ်။ တိုင်စာပေါင်း ၄,၇၄၁ စောင် လက်ခံရရှိပါတယ်။ တချို့ကျတော့လည်း တိုင်တယ်၊ ပြီးတော့မှ ပြန်ရုပ်သိမ်းသွားတာ တွေလည်း ရှိပါတယ်။ အဲဒါကတော့ စောင်ရေ ၂၂ ရှိပါတယ်။
တိုင်စာအရေအတွက်အများဆုံးသည် ရန်ကုန်တိုင်းဖြစ်ပါ တယ်။ ရန်ကုန်တိုင်းက ၂,၆၆၄ စောင် ရရှိပါတယ်။ ဒုတိယက မန္တလေးတိုင်းဖြစ်ပါတယ်။ မန္တလေးတိုင်းက ၂,ဝ၆၃ စောင် ရရှိပါ တယ်။ တတိယက ဧရာဝတီတိုင်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ၁,၃၃၄ စောင် လက်ခံရရှိပါတယ်။
မော်ကွန်း။ ။ ဝန်ကြီးဌာနတွေမှာဆိုရင်ရော ဘယ်လိုဌာနတွေက တိုင်ကြားခံရတာ၊ တိုင်ကြားစာရတာ ရှိပါသလဲ။
ဦးဟန်ညွှန့်။ ။ ဝန်ကြီးဌာနအလိုက်ပြောရမယ်ဆိုရင်တော့ ပြည် ထဲရေးဝန်ကြီးဌာနကတော့ အများဆုံး၊ သူက အုပ်ချုပ်ရေးကို ကိုင်တာကိုး။ အုပ်ချုပ်ရေးဆိုတော့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ဟာ တွေ စသည်ဖြင့်ပေါ့။ သူကတော့ နည်းနည်းလေး များပြားပါ တယ်။ နောက်တစ်ခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ။ ဒါတွေက လည်း ပြည်ထဲရေးနဲ့ ဆက်နွှယ်နေတဲ့အတွက် ဝန်ကြီးဌာနတွေ အနေနဲ့ တိုင်စာ ပထမရတာကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ ဌာနအကြောင်းကို မေးလာလို့ တင်ပြချင်တာက တော့ CPU (Corruption Prevention Unit) ကဏ္ဍပါ။ ဝန်ကြီးဌာနတွေမှာ အဂတိတိုက်ဖျက်မှုတွေ လုပ်နိုင်အောင်၊ သူတို့အချင်းချင်း၊ သူတို့ဘာသာ တာဝန်ယူပြီးတော့ ကိုယ့်ကိစ္စကို ကိုယ်ရှင်းနိုင်အောင်ဆိုတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ CPU ကိုလည်း စတင်ဖွဲ့စည်းနေပါပြီ။
ဥပမာအားဖြင့် ဝန်ကြီးဌာန ၁၄ ခုဖြစ်ပါတယ်။ အဲဒီမှာ သူ တို့ဌာနအလိုက်၊ ဌာနတွင်းက သက်ဆိုင်ရာဝန်ကြီးနဲ့ ကြီးကြပ် ကွပ်ကဲပြီးတော့မှ အဂတိကြိုတင်ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ခိုင်းလိုက်ပါပြီ။ နောင်ဆိုရင် ၁၄ ဌာနသာမကဘဲနဲ့ ကျန်တဲ့ ဝန်ကြီး ဌာနတွေလည်းပဲ မိမိဌာနအလိုက် CPU တွေ ဖွဲ့စည်းမှာ ဖြစ် ပါတယ်။
ဘာကြောင့် CPU တွေဖွဲ့သလဲဆိုရင် ရည်ရွယ်ချက်က တစ်ချက်တည်း ရှိပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်မှာ ကြီးလေးသော အမှုကြီးတွေ ရောက်ရှိလာတဲ့အခါမှာ ထောင်ဒဏ် ၁၅ နှစ်၊ ၁ဝ နှစ်၊ ၇ နှစ် စသည်ဖြင့် ကျွန်တော်တို့ ဥပဒေအရ အပြစ်ပေးတာတွေ ရှိပါတယ်။ ဝန်ထမ်းတွေကို၊ အကြီးအကဲတွေကို ဒုက္ခပေးတယ်လို့ တစ်နည်းအားဖြင့် ဝန်ထမ်းများက ယူဆပါတယ်။ အဲဒီလို ယူဆတဲ့အခါမှာ ကျွန်တော်တို့ လည်းပဲ ဥပဒေမူဘောင်အရသာ အရေးယူရသော်လည်းပဲ ဝန် ထမ်းတစ်ယောက်ဖြစ်လာဖို့ ခက်ခဲတယ်။ ဝန်ထမ်းတစ်ယောက် ဖြစ်လာဖို့ လေ့ကျင့်ရတဲ့အချိန်တွေလည်း မနည်းဘူး။ နိုင်ငံတော် အနေနဲ့လည်း ဝန်ထမ်းတစ်ယောက်ကို အရေးယူလိုက်တယ် ဆိုတာ ဆုံးရှုံးမှုတစ်ရပ်ပါပဲ။ ဝမ်းနည်းစရာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီလိုဖြစ်စဉ်မျိုးတွေကို အဂတိလိုက်စားမှုတွေ ကာကွယ်တဲ့အခါမှာ၊ တိုက်ဖျက်တဲ့အခါမှာ မဖြစ်သင့်တာ မဖြစ် ရအောင်၊ သူ့ရဲ့ကဏ္ဍအလိုက် အပြစ်ငယ်ရင်ငယ်သလို၊ အပြစ်ကြီး ရင်ကြီးသလို မိမိတို့ဘာသာ ဝန်ကြီးဌာနအလိုက် ထိန်းကျောင်း သွားမယ်ဆိုရင် ပိုပြီးတော့ကောင်းတဲ့အတွက် ခင်ဗျားမေးတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဘယ်ဌာနက အမှုအများဆုံးလဲဆိုတဲ့မေးခွန်းလိုမျိုးအပေါ်မှာ မူတည်ပြီးတော့ CPU များကိုလည်း ဖွဲ့စည်း ထားပါတယ်။ ဖွဲ့စည်းထားတဲ့အတွက် တော်ရုံ သာမန်ကိစ္စရပ်လေး တွေ၊ သာမန်အမှုအသေးလေးတွေကိုတော့ ကိုယ့်အချင်းချင်းပဲ ထိန်းကျောင်းသွားရင် ကျွန်တော်တို့ ဥပဒေရဲ့ ရည်ရွယ်ချက်ကို ထိရောက်စေပါတယ်။
မော်ကွန်း။ ။ ဒါဆို CPU နဲ့ ကော်မရှင်ကျတော့ ဘယ်လို ပြန်လည်ချိတ်ဆက်သလဲ။
ဦးဟန်ညွှန့်။ ။ ကျွန်တော်တို့ကတော့ CPU ကိုလည်း လွတ်လွတ်လပ်လပ်ပဲဆောင်ရွက်ပါ။ ဘယ်လို၊ ဘယ်လို ကဏ္ဍလေးတွေ ဆောင်ရွက်ပါ။ ဒီလိုကဏ္ဍတွေကလွဲလို့ ဒီဥပဒေနဲ့ ငြိတဲ့ ပုဒ်မကြီး တွေဆိုရင်တော့ ကျွန်တော်တို့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမှု အသေးတွေကိုတော့ ကိုယ့်ရဲ့ ဌာနအလိုက်၊ လုပ်နိုင်တဲ့ဘောင် ထဲမှာ နိုင်ငံဝန်ထမ်းဥပဒေနဲ့ဆက်စပ်တဲ့ အမှုတွဲလေးတွေကိုတော့ ခင်ဗျားတို့ လုပ်လိုက်ပါဗျာ၊ သက်ဆိုင်ရာဝန်ကြီးဌာန လုပ်ပါဗျာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်တဲ့အမှုတွေ ကိုတော့ ကျွန်တော်တို့ လုပ်ပါ့မယ်ဗျာ၊ဒီသဘောလေးဖြစ်ပါတယ်။
မော်ကွန်း။ ။ သူတို့ရဲ့ အစီရင်ခံစာတွေက ဆရာတို့ထံကို တင်ပြမှာ လား။
ဦးဟန်ညွှန့်။ ။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ CPU က သပ်သပ်၊ ကျွန်တော်တို့ ကော်မရှင်က သပ်သပ် ဖြစ်ပါတယ်။ သူ့ဟာလေး နဲ့သူ ခွဲခြားထားပြီးသားဖြစ်ပါတယ်။ အဓိက ဦးတည်ချက်ကတော့ ကြီးလေးသော ပြစ်ဒဏ်များ မချမှတ်မီမှာ သေးငယ်သော အမှု လေးတွေကို ကိုယ့်ဘာသာကိုယ်ပေါ့။ ကြီးသောအမှုငယ်စေ၊ငယ် သောအမှု ပပျောက်စေဆိုတဲ့သဘောမျိုး ဖြစ်ပါတယ်ဗျာ။ နိုင်ငံ ဝန်ထမ်းဥပဒေကို ရည်ဩန်းတာပါဗျာ။
မော်ကွန်း။ ။ မြန်မာနိုင်ငံဟာ အဂတိအဩန်းကိန်းတွေမှာဆိုရင် အရမ်းမြင့်နေတဲ့ တိုင်းပြည်တွေထဲမှာ ပါပါတယ်။ ကော်မရှင် အနေနဲ့ ဒီကိစ်္စကို ဆောင်ရွက်တဲ့အခါ ဝန်နဲ့အားရော မျှပါရဲ့လား။ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဦးဟန်ညွှန့်။ ။ ကျွန်တော်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို လေးကြိမ် ပြင်ဆင်ပြီးဖြစ်ပါတယ်။ လေးကြိမ် ပြင်ဆင် ပြီးတဲ့အခါမှာ ကျွန်တော်တို့ မတိုင်မီ ပထမသက်တမ်းမှာလည်းပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးမြဝင်း ဦးဆောင်ပြီးတော့ ပထမသက်တမ်းမှာ ဆောင်ရွက်ခဲ့ပါတယ်။ အခု ဒုတိယသက်တမ်းမှာတော့ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြား ရေးဝန်ကြီးအငြိမ်းစား၊ ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်ပြီးတော့ ၁၂ ဦးနဲ့ ဆောင်ရွက်နေပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါမှာ ဝန်နဲ့အားမျှတမှုအနေနဲ့ ကြည့် မယ်ဆိုရင်တော့ လက်ရှိ ၁၂ ယောက်အနေနဲ့ အတော်လေး ကြိုးစားပြီးတော့မှ ထမ်းဆောင်နေတယ်ဆိုတာတော့ တင်ပြချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တိုင်စာအရေအတွက်ဟာ ပထမ သက်တမ်းတုန်းက တစ်ရာဆိုပါတော့။ ဒုတိယသက်တမ်းမှာ ငါး ရာ ဖြစ်လာပါတယ်။ တိုင်ကြားလာတဲ့အရေအတွက်က များ သလောက် ကျွန်တော်တို့အနေနဲ့လည်း ကွင်းဆင်းစစ်ဆေးမှုတွေ၊ စိစစ်မှုတွေ၊ နောက်တစ်ခါ ထိုက်သင့်တဲ့ ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တိုးချဲ့ရပါတယ်။ နေစရာ ရုံးအဆောက်အအုံက အစပေါ့။ ဥပမာ–ရန်ကုန်ရုံးခွဲဆိုရင် မကြာခင်က ဖွင့်လှစ်လိုက်ပါတယ်။ မန္တလေး ရုံးခွဲ ဖွင့်မယ်။ မော်လမြိုင်ဖွင့်မယ် စသဖြင့်။
ဥပမာ–ဖေ့စ်ဘွတ်ခ် ကျွန်တော်တို့ ဖွင့်ထားပါတယ်။ ကျွန် တော်တို့ရဲ့ ACC Myanmar အကောင့် ဖွင့်လှစ်ထားပါတယ်။ ဒီအထဲမှာလည်း မေးခွန်းတွေ အမြဲတမ်း မေးနေကြပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဘာတွေ ဆောင် ရွက်နေသလဲ။ ဒီအမှုဟာ ဘယ်အဆင့်ရောက်နေပြီလဲ။ ကျွန် တော် တိုင်ထားတာ ဘယ်လောက်ကြာပြီ။ တစ်လကြာပြီ၊ သုံးလ ကြာပြီ၊ မပြီးသေးဘူးလား။ ဘာမှမပြန်သေးဘူးလား။ ဒီလိုတွေ ရှိပါတယ်။
တိုင်စာတစ်စောင်ချင်း၊ တစ်စောင်ချင်းက ကျွန်တော်တို့ ထံ မေးတဲ့ မေးခွန်းတွေကို ကျွန်တော်တို့က ဖြေကြားပါတယ်။ ယခင်တုန်းကတော့ ဖြေလေ့ဖြေထမရှိပါဘူး။ အခု ကျွန်တော်တို့ သက်တမ်းမှာဆိုရင် တိုင်စာတစ်ထောင်လာရင် ကျွန်တော်တို့ရဲ့ ဖြေကြားချက်စောင်ရေဟာလည်း တစ်ထောင်ဖြစ်ပါတယ်။ စာနဲ့ ပြန်ပါတယ်။ ပါးစပ်နဲ့ မပြန်ပါဘူး။ တိတိကျကျ စာနဲ့ ပြန်ပါတယ်။ အဲဒါတွေကိုလည်းပဲ ကျွန်တော်တို့သည် ရုံးအဖွဲ့ဝန်ထမ်းများရဲ့ အကူအညီ၊ သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း အချိန်မရွေး ဒါ ကို အချိန်နဲ့ တစ်ပြေးညီ၊ တစ်ဦးချင်း၊ တစ်ဦးချင်း မပျက်ကွက် ရအောင် တိုင်စာမှတ်ပုံတင်ဖွင့်တယ်။
တိုင်စာမှတ်ပုံတင်အပေါ်မှာ ပြန်ကြားတဲ့မှတ်ပုံတင်။ လာ တဲ့ မှတ်ပုံတင်။ ပေးပို့တဲ့အရေအတွက်က ဘယ်လောက်၊ ပြန် ကြားပြီးက ဘယ်လောက်၊ မပြန်ကြားရသေးတာက ဘယ် လောက်၊ ဘာကြောင့်မပြန်ကြားနိုင်တယ်၊ တချို့က ပြန်ရုပ်သိမ်း သွားတယ်။ တချို့ကျတော့လည်း တိုင်စာအင်္ဂါရပ်နဲ့ ညီညွတ်ခြင်း မရှိပါဘူး။ ဘယ်လိုမညီညွတ်သလဲဆိုတော့ တိုင်စာပို့တယ်၊ လက် မှတ်မထိုးထားဘူး။ မှတ်ပုံတင်နံပါတ်လည်းမပါဘူး။ လိပ်စာက လည်း ဖြစ်သလိုရေးထားတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး အရေးယူ ဆောင်ရွက်ပေးမလဲ။ တိုင်ကြားမယ် ဆိုရင်တော့ သေသေချာချာ တိုင်ကြပါ။ တိုင်စာကို လက်မှတ်ထိုး ပါ၊ နာမည်ပြောပါ၊ မှတ်ပုံတင်နံပါတ်ပေးပါ၊ ဒါတွေမပါရင်တော့ ကျွန်တော်တို့မှာ တိုင်ကြားချက်မှန်ရင်တောင်မှ အရေးယူဖို့က အခက်အခဲဖြစ်ပါတယ်။
မော်ကွန်း။ ။ ဥပဒေ လေးကြိမ်မြောက် ပြင်ခဲ့အပြီးမှာ ကျွန် တော်တို့ဆီမှာ ဖြစ်ပေါ်နေတဲ့ အဂတိအမှုတွေနဲ့ ပတ်သက်လို့ ရှိ ရင် လုပ်ရကိုင်ရတာဟာ အဆင်ပြေရဲ့လား။ အကန့်အသတ်တွေ ရော ကျန်နေပါသေးလား။ ကော်မရှင်အနေနဲ့ ဘယ်လို စိန်ခေါ်မှု တွေ ကြုံနေရသေးသလဲ။
ဦးဟန်ညွှန့်။ ။ ဥပဒေဆိုတာဟာ ဘယ်တော့မှ ပြီးပြည့်စုံမှု မရှိ နိုင်ပါဘူး။ ဥပမာအားဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတောင်မှ ပြီးပြည်စုံမှုမရှိလို့ အားလုံးက ပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ ကာလ ပဲ မဟုတ်ပါလားဗျာ။ ဒီလို အခြေခံဥပဒေကြီးကိုတောင်မှ ပြင်ဆင် မှု၊ မပြည့်စုံမှု၊ အားမရမှု၊ မကျေနပ်မှုတွေ လူထုမှာ ရှိတယ်။ နိုင်ငံတော်ရဲ့ တကယ့်အရေးကြီးဆုံး ဥပဒေကြီးတောင်မှ ဒီလို ရှိပါတယ်။
ထို့အတူ ဒီနေရာမှာ ဥပမာပေးရရင်တော့ အခြေခံဥပဒေ မျှသာမက ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာလည်းပဲ အားနည်းချက်၊ ချို့ယွင်းချက်ပေါ့။ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေရင်းနဲ့ အတွေ့အကြုံပေါ့ဗျာ။ အခု ဒုတိယသက်တမ်းမှာတော့ ကော်မရှင်ဟာ ပထမသက်တမ်းထက် ပိုပြီး တော့ အတွေ့အကြုံများလာတဲ့ သဘောဖြစ်ပါတယ်။ များလာတဲ့အခါလက်တွေ့လုပ်တဲ့အခါ အခက်အခဲတွေ ရှိတာတွေလည်း ရှိပါတယ်။
နောက်တစ်ခါ ဒီဥပဒေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်တဲ့ နေရာမှာလည်း၊ ဒီနေရာမှာ ဥပမာလေး တင်ပြချင် ပါတယ်။ ဥပမာ –စတုတ္ထအကြိမ်မှာ ပြင်ဆင်လိုက်တဲ့ ဥပဒေပုဒ်မ ၃ (က) ၂ ရဲ့ (ဂ) မှာ “ကျော်စောသတင်း”ဆိုတာ ပါပါတယ်။ “ကျော်စောသတင်း”နဲ့ ပတ်သက်ပြီးလည်း အများပြည်သူက အင်မတန် စိတ်ဝင်စားကြပါတယ်။ “ကျော်စောသတင်း” နဲ့ အရေးမယူသေးဘူးလား။ ဘယ်ကိစ္စကိုတော့ဖြင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က အရေးမယူသေးဘူးလား။ ဒီလူ ဟာ အရပ်ထဲမှာ ဒီလောက် ကျော်စောနေပြီဟာပဲ စသဖြင့် ကျွန် တော်တို့ကို အပြစ်ပြောတတ်ပါတယ်။ အပြစ်ပြောကြားမှုတွေကို လည်း ကျွန်တော်တို့ လေးစားစွာ နာယူပါတယ်။ သို့သော်လည်း အဲဒီလို ပြောကြားမှုလေးတွေအပေါ်မှာ အခါအခွင့်သင့်လို့ အနည်းငယ် ပြန်လည်ရှင်းလင်းတင်ပြလိုပါတယ်။
“ကျော်စောသတင်း” ဆိုသည်မှာဆိုပြီး ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဥပဒေပြဋ္ဌာန်းချက်ကို အသေ အချာ ဖတ်မယ်ဆိုရင် (၁) “အများပြည်သူအတွင်း ပျံ့နှံ့နေသော” ဆိုတဲ့ အချက်ပါ။ အဲဒီ သတင်းဟာ အများပြည်သူအတွင်းမှာ ပျံ့နှံ့ နေတဲ့ သတင်းဖြစ်ရမယ်။ (၂) သူတစ်ဦးဦးသည် “အဂတိလိုက် စားမှုနှင့် ပတ်သက်၍” လို့ အမှတ်စဉ်နှစ်မှာ ဆိုတယ်။ အဲဒီ ကျော်စောသတင်းကလည်း အဂတိလိုက်စားမှုနဲ့ ပတ်သက်နေရ မယ်။ လင်ကွာ၊ မယားကွာကိစ္စ မဟုတ်ဘူး။ တခြားစီးပွားရေးကိစ္စ တွေလည်း မဟုတ်ရဘူး။ အများပြည်သူအတွင်းမှာ ပျံ့နှံ့နေ တာဖြစ်ရမယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်နေတာဖြစ်ရမယ်။ ဓားပြမှုလည်းမရဘူး၊ လူသတ်မှုလည်းမရဘူး။ ဒီသဘောကို ပြော တာပါ။
(၃) “ဒီအဂတိဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း” ထင်ရှား ရမယ်။ (၄) ကတော့ “သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်း”လို့ ဆိုတယ်။ ဒီသတင်းဟာ အဂတိနဲ့ပတ်သက်နေကြောင်း သင်္ကာမကင်းဖွယ် ရာ ဖြစ်ရမယ်။ (၅)ကတော့ “ခိုင်လုံသည့်အထောက်အထား”လို့ ဆိုတယ်။ (၆) ကတော့ “ကော်မရှင်က ယုံကြည်ရန်အကြောင်း”လို့ ဆိုတယ်။ သူတစ်ဦးတစ်ယောက်တည်း ယုံကြည်နေလို့မရဘူး။ ဒီသတင်းကို ကော်မရှင်က ယုံကြည်ရမယ်။ ကော်မရှင်လို့ ဆိုရာ မှာလည်း ကော်မရှင်ဝင် တစ်ဦးတစ်ယောက်တည်းက ယုံကြည် နေလို့မရဘူး။ ဥက္ကဋ္ဌတစ်ယောက်တည်းက ယုံကြည်နေလို့မရဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ၁၂ ဦးကော်မရှင်က ယုံကြည် ရန် အကြောင်းရှိရမယ်။
ကျွန်တော်တို့ကော်မရှင်က ယုံကြည်ရမှာနော်။ တခြား နိုင်ငံတော်သမ္မတက ဖြစ်စေ၊ ဒုတိယသမ္မတဖြစ်စေ၊ ဝန်ကြီးတွေ က ဖြစ်စေ ယုံကြည်လို့မရဘူး။ ဥပမာ– တိုင်းတစ်တိုင်းကနေပြီး တော့ အဲဒီမှာ နေထိုင်ကြတဲ့ လူတွေက ဒီသတင်းကို ယုံကြည်နေ တယ်ပေါ့၊ စာရေးဆရာမတစ်ယောက်က ယုံကြည်နေတယ်ပေါ့၊ အဲဒီလိုဆိုရင် မရဘူး။ ကျွန်တော်တို့ ကော်မရှင်က ယုံကြည်ရမှာ နော်။ ကော်မရှင်က “ယုံကြည်ရန်အကြောင်း ပေါ်ပေါက်သော သတင်း” ဖြစ်ရမယ်။
မော်ကွန်း။ ။ ဒီကျော်စောသတင်းနဲ့ပတ်သက်လို့ ဆက်စပ်မေး ချင်တာက ဥပမာအားဖြင့် သတင်းစာတွေမှာလည်း ပါပါတယ်။ ရန်ကုန်မှာရှိတဲ့ ပြည်သူပိုင်မြေကွက်တွေကို စက်သုံးဆီဈေးနှုန်းကျဆင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပေး လိုက်တဲ့ဟာက သတင်းစာတွေမှာ ဟိုးလေးတကျော်ပါပဲ။ ဆရာ တို့လည်း ဖတ်မိကြမှာပါ။ တချို့က ဒီကိစ္စနဲ့ ပတ်သက်လို့ ကျော် စောသတင်းနဲ့ ကော်မရှင်က အရေးမယူဘူးလားဆိုပြီး ပြောကြ တာတွေရှိတယ်။ ဒီလို သတင်းမျိုးဆိုရင် အခုလို ၁၂ ဦး ကော် မရှင်က မယုံကြည်တဲ့အတွက်ကြောင့်လား။
ဦးဟန်ညွှန့်။ ။ မယုံကြည်ရင်မလုပ်ဘူး။ ယုံကြည်ရင်ဆက်လုပ်မယ်။ အဲဒီတော့ ယုံကြည်ဖို့သည်လည်း ကျွန်တော်တို့သည် ပုဂ်္ဂိုလ်ရေး အရ မဟုတ်ဘူး။ အထက်မှာပြောတဲ့ အချက်ငါးချက်နဲ့တော့ တိုင်းတာရမယ်။ အဲဒီငါးချက်နဲ့ တိုင်းကြည့်လို့ (ထင်ပေါ်တာကို) ကျွန်တော်တို့က မလုပ်ဘူးဆိုရင်တော့ ကျွန်တော်တို့အပြစ်။ ဆိုလိုတာက ဥပဒေပြဋ္ဌာန်းချက်ပါ အချက်များဖြင့် ပြည့်စုံဖို့တော့ ဖြင့် လိုအပ်ပါတယ်။ အဲဒီအချက်ငါးချက်နဲ့ ညီညွှတ်ပြီး ကျွန် တော်တို့ ကော်မရှင်က ယုံကြည်ရန်အကြောင်း ပေါ်ပေါက်မှသာ၊ ယုံကြည်ရန်အကြောင်း ပေါ်ပေါက်မှသာပါ။ ဥပဒေက အဲဒီလို ဆိုထားတဲ့အတွက် သေချာစွာ လေ့လာဖတ်ရှုကြပါ။
မော်ကွန်း။ ။ အခု ဆရာက ပုဒ်မ ၃ (ဂ) ကျော်စောသတင်းနဲ့ ပတ်သက်လို့ ရှင်းပြတယ်။ အဲဒီတော့ ပုဒ်မ ၃ (က) အပိုဒ်ခွဲငယ် ၂ မှာ ဆိုလိုထားတဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ပြီးတော့ နိုင်ငံတော်ပိုင်ပစ်္စည်း၊ ငွေကြေးဥစ္စာ၊ ပိုင် ဆိုင်မှုတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေပေါ့နော်၊ အဲဒီလို ဟာတွေနဲ့ ပတ်သက်ရင်ကော ဆရာတို့ ကော်မရှင်က ဘယ်လို စောင့်ကြည့်နေပါသလဲ။ ဒီအပိုင်းနဲ့ပတ်သက်ရင် နိုင်ငံရေးရာထူး ရယူထားသူတွေ၊ ဝန်ထမ်းအကြီးအကဲတွေကို ကော်မရှင်က ဘယ်လို စောင့်ကြည့်ပါသလဲ။
ဦးဟန်ညွှန့်။ ။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့က စောင့် ကြည့်တယ်ဆိုတာထက် ပြည်သူ့ဘဏ္ဍာများကို ကိုင်တွယ်ဖြေရှင်း စီမံဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ပေါ့ဗျာ။ ဒီဟာကလည်းပဲ အခုမှ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စတုတ္ထအကြိမ် ပြင်ပြီး တော့မှ ဒီဘာသာရပ်က ပါရှိလာခြင်း ဖြစ်ပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ်သက်တမ်းမှာ ဒီဘာသာရပ်ကို၊ ဒီခေါင်းစဉ်ကို ကျွန်တော်တို့ တင်ပြခဲ့တာ ဖြစ်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့လို့ ပြည်ထောင်စု လွှတ်တော်ကလည်း သဘောတူပြီးတော့မှ စတုတ္ထအကြိမ် ဥပဒေ ပြင်ဆင်ချက်ကြတော့မှ ပြည်သူ့ဘဏ္ဍာ ကိုင်တွယ်တဲ့ ကိစ္စ တွေ၊ တင်ဒါကိစ္စတွေ၊ နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်တဲ့ ကိစ္စတွေ၊ ဒါတွေကို ဥပဒေအရ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီပုဒ်မနဲ့အညီ ထိထိရောက်ရောက်ကိုင်တွယ်တာမျိုး ရှိ သလားဆိုတော့ ရှိပါတယ်။ ပထမဦးဆုံးပဲ စတင်ပြီးတော့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ဒီဘာသာရပ်နဲ့ ဒီ ခေါင်းစဉ်နဲ့ ဒီပုဒ်မနဲ့ ဆက်စပ်ပြီးတော့ အရေးယူနိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။ ဒီလို အရေးယူမှုမတိုင်ခင်မှာလည်း နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြုချက်အရ တင်ဒါလုပ်ငန်းများအကြောင်းပေါ့။
တင်ဒါလုပ်ငန်းတွေ ဘယ်လို၊ ဘယ်လို ဖောက်ဖျက်လို့ ရှိရင်တော့ ဘယ်လို၊ ဘယ်လိုတွေ ဒုက္ခရောက်မယ်။ ဘယ်လို ပြစ်ဒဏ်တွေရှိမယ်။ ဘယ်လိုတွေ အရေးယူမယ်ဆိုတာတွေကို တင်ဒါလုပ်ငန်းနှင့်ဥပဒေအမြင်ဆိုတဲ့ ဆောင်းပါးကို အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်၏ တာဝန်ပေးချက်အရ နိုင်ငံပိုင် သတင်းစာများမှာ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တင်ဒါလုပ်ငန်းအကြောင်း သိကောင်းစရာဆိုတဲ့ အသိပညာပေး ကဏ္ဍကိုလည်း မြန်မာ့ရုပ်မြင်သံကြားကနေပြီးတော့ ထုတ်လွှင့် ပြီးတော့ ပညာပေးခဲ့ပါတယ်။ ဒါက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို အရေးမယူခင်တုန်းက လုပ်ခဲ့တဲ့ အစီအစဉ်တွေကို တင်ပြနေခြင်း ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက် ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ဘဏ္ဍာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုနဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်နစ်နာ ဆုံးရှုံးရင်တော့ ဒါတွေလုပ်တော့မယ်။ တင်ဒါလုပ်ငန်းတွေ လုပ် တိုင်း၊ လုပ်တိုင်းလည်းပဲ ဟောဒီပြဿနာ၊ ဟောဒီကိစ္စ၊ ဒါတွေ ဖြစ်တတ်တယ်။ ဖြစ်ခဲ့ရင်တော့ ခင်ဗျားတို့ ကြပ်ကြပ်သတိထားပါ ဆိုတာကို နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ ကြိုတင်ပြီးတော့ ကျွန်တော်တို့ သတိပေးခဲ့ပါတယ်။ ပညာပေးခဲ့ပါ တယ်။ ဟောပြောပွဲတွေလုပ်တယ်။ ဝန်ကြီးဌာနတွေမှာလည်း သွားရောက်ပြီးတော့ ဒါတွေကိုတော့ဖြင့် ပြည်သူ့ဘဏ္ဍာ ကိုင် တွယ်ပြီးတော့ စီမံခန့်ခွဲသူတွေ သတိပြုကြတော့။ ဥပဒေဟာ လည်း အသစ်ပြင်ဆင်ထွက်လာပြီ။ တချို့ဆို ဒီလို ပြင်ဆင်လိုက် တာကို မသိပါဘူး။ ဒီပုဒ်မ ပြဋ္ဌာန်းလိုက်ကြတာကို မသိပါဘူး။ ဒီဥပဒေရဲ့ အသက်ကတော့ ဒီဟာပဲ ဆိုတာကို ကျွန်တော်တို့ ကြို တင်ပြီးတော့ ဝန်ကြီးဌာနများကို တစ်ဌာနချင်းအလိုက် သွား ရောက်ပြီးတော့ ဆွေးနွေးခြင်း၊ ဟောပြောခြင်းတွေ လုပ်ခဲ့ပါတယ်။
မော်ကွန်း။ ။ အခုနောက်ပိုင်းကျတော့ရော အဲဒီလို တင်ဒါကိစ္စ တွေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေအပေါ် ကော်မရှင်က ဘယ်လို စောင့်ကြည့်ပါသလဲ။
ဦးဟန်ညွှန့်။ ။ အဲဒါတွေနဲ့ပတ်သက်လို့တော့ အထူးသဖြင့် တိုင် စာတွေမှာ ပေါ်ပေါက်လာပါပြီ။ ကော်မရှင်အနေနဲ့လည်း စုံစမ်း စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဘယ်သူတွေက အပြစ်ရှိ နေပြီ၊ ဘယ်သူတွေကတော့ ထောင်ကျတော့မယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြီးတော့ မပြောပါဘူး။
မော်ကွန်း။ ။ နောက်တစ်ခုကတော့ ဥပဒေအခန်း(၈)၊ ပုဒ်မ ၄၇ အရ အကောင်အထည်ဖော်နေမှုအပိုင်းလေးကိုလည်း ရှင်းပြ ပေးပါဦး။ အထူးသဖြင့် နိုင်ငံပိုင်ပစ္စည်းတွေကို စီမံခန့်ခွဲကြရတဲ့ တာဝန်ရှိသူတွေကို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေကို ဒီ ပုဒ်မက ကြေညာခိုင်းထားတာပေါ့နော်။ ဒီကြေညာလွှာကိစ္စနဲ့ ပတ်သက်လို့ ကော်မရှင်က ဘယ်လိုတွေဆောင်ရွက်နေတယ် ဆိုတာ ရှင်းပြပေးစေချင်တာပါ။
ဦးဟန်ညွှန့်။ ။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်အာဏာရှိသူတွေ ပိုင် ဆိုင်တဲ့ ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်းပြီးတော့ ကြေညာခြင်းဆိုပြီးတော့ ဥပဒေရဲ့ အခန်း(၈)၊ ပုဒ်မ ၄၇ မှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဥပဒေမူဘောင်က ပေးထား တဲ့ လုပ်ပိုင်ခွင့်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်လျက် ရှိပါတယ်။
ပုဒ်မ ၄၇ နဲ့ ပတ်သက်လို့ ကော်မရှင်သည် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် ပတ်သက်လို့ ပိုင် ဆိုင်မှုများနှင့်စပ်လျဉ်း၍ ကြေညာလွှာပေးပို့ရန် တာဝန်ရှိသည့် လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ တောင်းခံ၍ စိစစ်ပြီး အမိန့်ကြေညာ စာထုတ်ပြန်၍ ကြေညာရမည်ဆိုတာကလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
ယခုအချိန်အထိတော့ဖြင့် ကျွန်တော်တို့ စီမံဆောင်ရွက်မယ့် အစီအစဉ်များထဲမှာ အခြားသော ဒီဟာထက် အရေးကြီး သော ကိစ်္စရပ်များကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေလျက် ရှိပါတယ်။ ဒီဟာကိုလည်း မဆောင်ရွက်ဖူးလို့တော့ မပြောလိုပါ ဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းပမာဏ၊ ကျွန် တော်တို့ရဲ့ အင်အား၊ ဖွဲ့စည်းပုံအင်အားနှင့်အညီ စသဖြင့်ပေါ့လေ။ ထောက်ပံ့မှု၊ ကူညီမှု၊ လူကြီးများ၏ ဦးဆောင်မှုနဲ့အညီ ဆက် လက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိပါတယ်။
မော်ကွန်း။ ။ ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါ ကာလအကန့်အသတ်တွေရှိပါသလား။ ကော်မရှင် မဖွဲ့ခင်တုန်း က ဖြစ်ပေါ်ခဲ့တဲ့ အဂတိအမှုမျိုးတွေ တိုင်ကြားလာရင်ရော ကော် မရှင်က လက်ခံစစ်ဆေးပေးမှာလား။
ဦးဟန်ညွှန့်။ ။ လက်ရှိ ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ အချိန်ကာလ ကန့်သတ်ချက်ရယ်လို့တော့ မထားရှိပါဘူး။ သို့သော်လည်းပဲ ကော်မရှင်မဖွဲ့စည်းခင်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုတွေကိုတော့ ကျွန်တော်တို့အနေနဲ့ စစ်ဆေးမှုမပြုပါဘူး။ ကျွန်တော်တို့ ကော်မရှင် မဖွဲ့စည်းခင်က ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုများဟာ ကျွန်တော်တို့ရဲ့ သက် တမ်းအတွင်းလည်း မဟုတ်တဲ့အတွက် ဥပဒေကလည်း ခွင့်ပြု မပေးသေးတဲ့ ကာလဆိုရင် အဆိုပါကိစ္စရပ်များကို စစ်ဆေးခွင့် မရှိပါဘူး။
ဘယ်အချိန်၊ဘယ်ကာလမှာ စစ်ဆေးခွင့်ရှိတယ်ဆိုတဲ့ အကျုံးဝင်တာကိုတော့ စတုတ္ထအကြိမ် ဥပဒေပြင်ဆင်ပြီးတဲ့ ဥပဒေ အာနိသင်၊ ဥပဒေက ပေးတဲ့ အာဏာ၊ လုပ်ပိုင်ခွင့်နဲ့အညီဆောင်ရွက်နေကြောင်း ဖြေကြားလိုပါတယ်။ ဘယ်အချိန်၊ ဘယ်ကာလက အကြောင်းအရာမဆို အဂတိကိစ္စနှင့် ငြိစွန်းလျှင် စုံစမ်းခွင့်ရှိပါသလား ဆိုတာကတော့ အဲဒီလိုတော့ ကျယ်ကျယ် ပြန့်ပြန့် မရှိပါဘူး။ ဒီနောက်ဆုံးပြဋ္ဌာန်းတဲ့ ဥပဒေနဲ့ ဘောင်ဝင် တဲ့ကာလဆိုရင် အရေးယူလို့ရပါတယ်။
မော်ကွန်း။ ။ ဒီမေးခွန်းကို ဆက်ချင်တာက ဥပဒေက ၂ဝ၁၃ မှာ စတင်ပြဋ္ဌာန်းပါတယ်။ ကော်မရှင်ဖွဲ့လာတယ်။ ဒီလုပ်ငန်းတွေ လုပ်ဖို့ ဖြစ်လာတယ်။ ဆိုတော့ အခုနောက်ဆုံး ပြင်ဆင်ချက်မှာ အများပြည်သူဘဏ္ဍာနဲ့ ဆိုင်တာတွေကို စစ်ခွင့်ရသွားပြီပေါ့။ အဲဒီတော့ ၂ဝ၁၃ နောက်ပိုင်းအများပြည်သူဘဏ္ဍာနဲ့ ဆိုင်တဲ့ အဂတိလိုက်စားမှုတွေ ဖြစ်ပျက်ခဲ့တာရှိရင်ရော ကော်မရှင်က ပြန်လည်စုံစမ်းခွင့်ရှိလား။
ဦးဟန်ညွှန့်။ ။ ဒီဥပဒေဘောင်ထဲကို အကျုံးဝင်တဲ့ကာလဆိုရင် စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။
မော်ကွန်း။ ။ ဒီဘဏ္ဍာတွေကိစ္စက လေးကြိမ်မြောက် ဥပဒေ ပြင်တော့မှ ပါလာတာပါ။ အဲဒီလို မပြင်ခင်တုန်းက ဖြစ်ခဲ့တဲ့ ဟာ တွေက မပါဝင်ဘူးဆိုတဲ့ သဘောလား။
ဦးဟန်ညွှန့်။ ။ ဟုတ်ပါတယ်။ အဲဒီသဘောဖြစ်ပါတယ်။
မော်ကွန်း။ ။ အဲဒီတော့ ဥပဒေနောက်ဆုံးပြင်တာက ၂ဝ၁၈၊ ဇွန်မှာဆိုတော့ အဲဒီမတိုင်ခင် (အများပြည်သူဘဏ္ဍာနဲ့ဆိုင်တဲ့) ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကော်မရှင်က မကိုင်တွယ်နိုင်ဘူးဆိုတဲ့ သဘောလား။
ဦးဟန်ညွှန့်။ ။ မှန်ပါတယ်။ သို့သော်လည်းပဲ အထူးကိစ္စများ ရှိရင် တော့ ကျွန်တော်တို့က ပြန်လည်သုံးသပ်မှာဖြစ်ပါတယ်။ မူ သဘောအရကတော့ဖြင့် ဥပဒေနဲ့ အကျုံးဝင်တဲ့ကာလကိုပဲ အရေးယူမှာ ဖြစ်ပါတယ်။ ဥပဒေကာလနဲ့ အကျုံးမဝင်သော် လည်းပဲ အရေးယူပါဆိုတဲ့ တင်ပြချက်မျိုး ရှိရင်တော့ သီးခြား စဉ်းစားရမှာဖြစ်ပါတယ်။
မော်ကွန်း။ ။ နောက်တစ်ခုက အကန့်အသတ်ရောရှိပါသလား။ အကန့်အသတ်ဆိုတာက ဘယ်ဌာန၊ ဘယ်အဖွဲ့အစည်းတော့ စုံစမ်းလို့ မရဘူးဆိုတာမျိုးပေါ့။ ဥပမာ–တပ်မတော်အဖွဲ့အစည်း တွေနဲ့ ပတ်သက်တာတွေပေါ့။
ဦးဟန်ညွှန့်။ ။ ဘယ်ဌာန၊ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကို တော့ဖြင့် စုံစမ်းခွင့်မရှိဘူးဆိုတဲ့ အကန်အသတ်မျိုး မရှိပါ။ တပ်မတော်နဲ့ ပတ်သက်ပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနဲ့ပတ်သက်ပြီးတော့ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဖွင့် ဆိုချက်ကို ပြန်လည်တင်ပြရမယ်ဆိုလိုရှိရင် ဥပဒေပုဒ်မ ၃ မှာ အဂတိလိုက်စားမှုဆိုသည်မှာ ဆိုတာကို ဖွင့်ဆိုထားပါတယ်။ အဲဒီ အဂတိလိုက်စားမှုဆိုသည်မှာဆိုတဲ့ အပိုဒ်ရဲ့ ထိပ်ဆုံးမှာ အရေး ကြီးဆုံး စကားလုံးကတော့ “မည်သူမဆို” ဆိုတဲ့ ဖော်ပြချက် ပါရှိ ပါတယ်။ ဒါကြောင့်မို့ မည်သူမဆိုဆိုရင်တော့ မည်သူမဆိုပဲ ဖြစ် ပါတယ်။
သို့သော်လည်း တပ်မတော်က အဖွဲ့အစည်းတွေဆိုတာကို မေးလာတော့ စစ်မှုထမ်းတပ်မတော်သားများအား နယ်ဘက် တရားရုံးသို့ တင်ပို့လာသည့်အခါတွင် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ နဲ့ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၄၉ ပါ ပြဋ္ဌာန်း ချက်များကို လိုက်နာဆောင်ရွက်ရမယ်လို့ တည်ဆဲ ဥပဒေ ရှိပါ တယ်။ ဒါ့အပြင် တရားရုံးများလက်စွဲ အပိုဒ် ၅၁ဝ မှ ၅၁၁ အထိ လိုက်နာရမယ်လို့လည်း ပြဋ္ဌာန်းချက် ရှိပါတယ်။
နယ်ဘက်တရားရုံးကို ရာဇဝတ်မှုတစ်ခုနဲ့ ပတ်သက်ပြီး တော့ တပ်မတော်သားတစ်ဦးကို စွပ်စွဲပြီးတော့ တရားစွဲဆို တင် ပို့လာနိုင်ပါတယ်။ အဲဒီလို တရားစွဲဆို တင်ပို့လာတဲ့အခါမှာတော့ အဲဒီ တပ်မတော်သားနဲ့ ပတ်သက်လို့၊ တပ်မတော်အရာရှိနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အကြီးအကဲကို ခင်ဗျားရဲ့ တရားခံနဲ့ ပတ်သက်ပြီးတော့ စစ်ဘက်တရားရုံးနဲ့ စစ်မှာလား၊ ဒါမှမဟုတ် ရင် နယ်ဘက်တရားရုံးနဲ့ စစ်မှာလား စသဖြင့် တရားသူကြီးက မေးမြန်းရပါတယ်။ မေးမြန်းတဲ့အခါ သက်ဆိုင်ရာ အကြီးအကဲက အကြောင်းပြန်ရတယ်။ ဘယ်လိုအကြောင်းပြန်ရသလဲဆိုတော့ နယ်ဘက်ဆိုင်ရာကို စစ်ခွင့်ပြုပါတယ်။ သို့မဟုတ် နယ်ဘက် ဆိုင်ရာကို စစ်ခွင့်မပြုပါဘူး၊ တပ်တရားရုံးနဲ့ပဲ စစ်မှာပါလို့ ပြော ကြားတာမျိုးလည်း ရှိပါတယ်။ အဲဒီ ကျင့်ထုံးအတိုင်း၊ အဲဒီဥပဒေ အတိုင်း တည်ဆဲဖြစ်နေတဲ့အတွက် အဆိုပါ တည်ဆဲဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။
မော်ကွန်း။ ။ ဒီနေ့အထိ တပ်နဲ့ပတ်သက်လို့ တပ်မတော်အရာရှိ တွေ၊ တပ်တင်ဒါကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ကို တိုင်စာတွေ ပို့တာမျိုး ရှိပါသလား။
ဦးဟန်ညွှန့်။ ။ တစ်စုံတစ်ရာ တင်ပြတိုင်ကြားလာမှု ကျွန်တော် မတွေ့ပါ။
မော်ကွန်း။ ။ ဆရာတို့ကို အဂတိအမှုတစ်ခုတိုင်လာပြီဆိုရင် စုံစမ်းစစ်ဆေးရတယ်ပေါ့။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘယ်လို ဖွဲ့ ရမယ် ဆိုတာလည်း ဥပဒေမှာ ပါပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေမှာ ပေါ်ပေါက်လာနိုင်တဲ့ အဂတိကိစ္စတွေကိုရော ဆရာ တို့ စဉ်းစားပြီးတော့ ပြန်လည်စောင့်ကြည့်ပြင်ဆင်ထားတာမျိုး ရှိပါသလား။ ဥပမာ–စုံစမ်းစစ်ဆေးရေးအရာရှိတွေကို ပြန်လည် လာဘ်ပေးလာနိုင်တဲ့ ကိစ္စတွေပေါ့။
ဦးဟန်ညွှန့်။ ။ ကော်မရှင်ကနေ သက်ဆိုင်ရာအမှုတစ်ခုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ကျရောက်လာပြီဆိုရင် အဆိုပါ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီးတော့ ပဏာမ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ကျွန်တော်တို့ ဖွဲ့ပေးပါတယ်။ အဲဒီ ပဏာမစုံစမ်းစစ်ဆေး ရေးအဖွဲ့ရဲ့ ခေါင်းဆောင်သည် ကော်မရှင်အဖွဲ့ဝင်ဖြစ်ပါတယ်။ ၁၂ ဦး ကော်မတီထဲက တစ်ဦးဖြစ်ပါတယ်။ သူသည် ဒုတိယဝန်ကြီး အဆင့် ဖြစ်ပါတယ်။
အဆိုပါအဖွဲ့ဝင်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ သက် သေတွေစစ်တဲ့ နေရာမှာရော၊ သက်သေခံ ပစ္စည်းတွေ သိမ်း ဆည်းတဲ့နေရာမှာရော အစအဆုံး တာဝန်ယူရပါတယ်။ သူကိုယ် တိုင် ဝင်ရောက်ကြီးကြပ်ကွပ်ကဲရပါတယ်။ သိမ်းဆည်း သက် သေခံ ပစ္စည်းတွေကိုလည်း ခေါင်းဆောင်ဖြစ်သူက လက်မှတ်ရေး ထိုးရပါတယ်။ ဆိုလိုသည်မှာ သက်ဆိုင်ရာ လက်အောက်ဝန်ထမ်း တွေချည်းပဲ ပစ်ထားပြီးတော့ မင်းတို့ လုပ်ချင်ရာလုပ်တော့ ဆိုတဲ့ သဘော မဟုတ်ပါဘူး။
အဲဒီလိုလုပ်တဲ့အခါမှာလည်း စိုးရိမ်မှုတွေ ရှိကြသလို တစ် ဦးတစ်ယောက်က အမှုကိုချေဖျက်တာ၊ အမှုပျက်အောင်လုပ်မှာ၊ ကျွန်တော်တို့အဖွဲ့က လူတွေကို လာဘ်ပေးပြီးတော့ မတော် မလျော်ဖြစ်အောင် လုပ်မှာ၊ ဒါတွေကိုလည်း ကြီးစွာသော သတိ ထားရှိပါတယ်။ အဲဒီနေရာကို ကွင်းဆင်းတော့မယ်ဆိုတာနဲ့ တစ်ပြိုင်နက်၊ ကွင်းမဆင်းမီမှာ ကျွန်တော်တို့အနေနဲ့ ကြီးကြီး ကြပ်ကြပ်၊ သေသေချာချာ၊ လေးလေးနက်နက် တာဝန်များ ပေးအပ်ပါတယ်။ လျှို့ဝှက်ကိစ္စများဖြစ်ပါတယ်။ သတင်း လုံခြုံမှု ကိုလည်း အထူးဦးစားပေးပြီးတော့ ဆောင်ရွက်စေပါတယ်။ အဲဒီ လိုဆောင်ရွက်လို့ တစ်စုံတစ်ရာ မလျော်မကန် ဖြစ်ပါက ထိ ရောက်စွာ အရေးယူမည်ဆိုတာလည်း သိကြပြီးဖြစ်ပါတယ်။
နောက်တစ်ခုက ကော်မရှင်အဖွဲ့ဝင်များကိုယ်တိုင် ကျင့် ဝတ်ကို လိုက်နာစောင့်ထိန်းရပါတယ်။ ရိုးသားဖြောင့်မတ်ရပါ တယ်။ တည်ကြည်မှုရှိရပါတယ်။ ပွင့်လင်းမှုရှိရပါတယ်။ စသဖြင့် ကျွန်တော်တို့ရဲ့ ကျင့်စဉ်တွေ၊ ကျင့်ဝတ်တွေလည်း ရှိပါတယ်။ အဲဒီ ကျင့်ဝတ်က ကျွန်တော်တို့ ဝန်ထမ်းပဲလားဆိုတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ စသုံးလုံးဝန်ထမ်းတွေ၊ သွားစစ်ဆေးတဲ့ အဖွဲ့တွေ၊ အကုန်လုံးကို စည်းနဲ့ကမ်းနဲ့ မိမိရဲ့ အသက်ခန္ဓာကဲ့သို့ စောင့်ထိန်း ဖို့ ပြောထားတာရှိပါတယ်။
အဲဒါကြောင့်မို့ ယခု ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့ လုပ်ငန်းအတွေ့အကြုံအရ တင်ပြရမယ်ဆိုရင် အဖွဲ့ဝင်တွေအပေါ် မှာ ဖြစ်စေ၊ ဝန်ထမ်းငယ်တွေအပေါ်မှာ ဖြစ်စေ အခုလို ချဉ်းကပ်မှု မျိုး၊ ဆောင်ရွက်မှုမျိုး၊ ခြိမ်းခြောက်မှုမျိုး၊ တစ်စုံတစ်ရာ အတွေ့ အကြုံတော့ မရှိသေးပါဘူး။ ရှိလာရင်လည်း ဥပဒေနဲ့အညီ ဘယ် သူ့ကိုမှ မသက်ညှာဘဲ အရေးယူ ဆောင်ရွက်ဖို့ ရှိပါတယ်။
မော်ကွန်း။ ။ ကော်မရှင်ကို လွှတ်တော်ကိုယ်စားတွေနဲ့ပတ်သက် လို့ ငါးနှစ်တစ်ကြိမ် ရွေးချယ်ခံရတဲ့ နိုင်ငံရေးရာထူးယူကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေနဲ့ ပတ်သက်လို့ ဆရာတို့ဆီကို တိုင်စာတွေ ပေးပို့လာတာတွေ လတ်တလောမှာရော ရှိပါသလား။
ဦးဟန်ညွှန့်။ ။ ပုဒ်မ ၄၃မှာ ဘယ်လိုဆိုထားသလဲဆိုတော့ နိုင်ငံ တော်သမ္မတ၊ သို့မဟုတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် အဂတိလိုက်စားမှုနှင့် စပ် လျဉ်း၍ စုံစမ်းစစ်ဆေးတင်ပြရန် ကော်မရှင်ကို တာဝန်ပေးအပ် နိုင်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ်။ အဆိုပါ ပြဌာန်းချက်နှင့် အညီ နိုင်ငံတော်သမ္မတထံမှသော် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံမှသော်လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံမှသော်လည်းကောင်း လွှဲပြောင်းပေးပို့သော တိုင်စာ များ လက်ခံရရှိပါတယ်။ အချို့ကိုတော့ဖြင့်ကား အရေးယူ ဆောင် ရွက်မှုတွေ ကျွန်တော်တို့ ပြုလုပ်ထားတာ ရှိပါတယ်။ ဥပမာ အားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ကိစ္စဖြစ်ပါတယ်။ အသေးစိတ်တွေတော့ ထုတ်ဖော်ပြောခွင့် မရှိ ပါဘူး။
မော်ကွန်း။ ။ နောက်တစ်ခုက ဝန်ထမ်းအကြီးအကဲတွေ၊ တချို့ ဝန်ထမ်းငယ်တွေလည်းတွေ့ရတယ်။ အဲဒါကတော့ ရှိသင့်ရှိထိုက် တာထက် အဆမတန် ချမ်းသာကြွယ်ဝနေကြတာပါ။ ဒီဟာတွေ ကို ကော်မရှင်က စောင့်ကြည့်နေတာ။ ခေါ်ယူစစ်ဆေးတာတွေ လုပ်တာမျိုး ရှိပါသလား။
ဦးဟန်ညွှန့်။ ။ ဒီဟာတွေကို CPU ထဲမှာ ထည့်ပေးလိုက်ပါပြီ။ သူတို့ကို အချင်းချင်းပြန်စောင့်ကြည့်ရင် ပိုပြီးတော့ပေါ့၊ ပွင့်ပွင့် လင်းလင်းပြောရရင် သူတို့ရဲ့အကြီးအကဲ မဟုတ်တာလုပ်တယ် ဆိုတာမျိုးကို အောက်က လက်အောက်ဝန်ထမ်းက ကျွန်တော် တို့ကို ခိုးတိုင်ကြားတာမျိုး ရှိပါတယ်။ ဒီသဘောပေါ့။ သူတို့လည်း ကြောက်ကြောက်နဲ့၊ ဆရာတို့ရယ်၊ ကျွန်တော်နာမည်လေးတော့ မပြောပါနဲ့၊ ဝှက်ထားပေးပါ။ ကျွန်တော် အကြီးအကဲ ဦးဘယ်သူ ကတော့ဖြင့် ဒါတွေ၊ ဒါတွေ မတော်မတရားလုပ်ပြီးတော့ ဘယ် လောက်ချမ်းသာနေပါပြီ။ တိုက်ကလည်း ငါးလုံး၊ ကားကလည်း ၁ဝ စီး၊ မြေကွက်ကလည်း ဘယ်နှကွက် ရှိနေပါပြီ။ ကျွန်တော်တို့ သာ ငတ်ပြတ်နေတာပါ၊ ကျွန်တော်ကတော့ စာရေးကြီး ဖြစ်ပါ တယ်။ ရုံးအုပ်ကြီးဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်မပြေပါဘူး။ သို့သော်လည်းပဲ ဒါကို ကျွန်တော်တိုင်တာ သိသွားရင်တော့ ဘဝ ပျက်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး တိုင်ကြားလာတဲ့၊ ရိုးသားတဲ့ ဝန် ထမ်းတွေလည်း ရှိပါတယ်။
အဲဒါတွေကြောင့် အရိုးစွဲနေတဲ့အဂတိကို၊ ဦးနှောက်ထဲ စွဲနေတဲ့ဟာကို ရှင်းလင်းပြီးမှ အဂတိတိုက်ဖျက်ရေးလုပ်ရင် ပိုအောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူ၏ဘုံရန်သူ အဖြစ်၊ လူထုတစ်ရပ်လုံး၏ အမျိုးသားရေး ဘုံရန်သူအဖြစ် သတ် မှတ်ချေမှုန်းမှသာ အောင်မြင်မှာဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင် သရွေ့ ကတော့ ဆီးချိုရောဂါကဲ့သို့ပဲ(အမြစ်ပျက်အောင်ကုသမရနိုင်) ဖြစ်ပါတယ်။
Office : 
မော်ကွန်းမဂ္ဂဇင်း
အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။
ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။
Website: http://www.mawkun.com
E-mail: mawkunmagazine@gmail.com