စည်သူ
ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၃ (မော်ကွန်း)





နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော် ဦးဝီရသူကို အွန်လိုင်းကနေ ဗီဒီယိုကွန့်ဖရန့် နဲ့ ချုပ်ရက်ရမာန်ယူပြီး အင်းစိန်ထောင်ပို့လိုက်တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းကပြောပါတယ်။
“ရမန်တွေကိုတော့ အခုနောက်ပိုင်းမှာ အချုပ်တရားခံအားလုံးကို ဗီဒီယိုကွန့်ဖရန့်နဲ့ယူတာဖြစ်ပါတယ်။ အချုပ်တရားခံတွေကို COVID – 19 မကူးစက်ဖို့ဖြစ်ပါတယ်။ လာရောက်တဲ့တစ်ခြားလူတွေကိုလည်း မကူးစက်ဖို့ဖြစ်တယ်” လို့ ဦးဇော်ဇော်ထွန်းကပြောပါတယ်။
ဒီကနေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ လုံခြုံရေးယူထားတာကိုလည်း တွေ့ရပြီး တရားရုံးရှေ့မှာ ဦးဝီရသူကို ဝန်းရံသူတွေက We Love Wirathu စာတန်းပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး လာရောက်ဝန်းရံခဲ့ကြပါတယ်။
၂၀၁၉ ဧပြီနဲ့မေမှာ မြိတ်မြို့နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပတဲ့ လူထုဟောပြောပွဲတွေမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်ဟောပြောခဲ့တာကြောင့် သူ့ကို ရန်ကုန်အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ၂၀၁၉ မေလနှောင်းပိုင်းမှာ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
တရားရုံးကလည်း လျှောက်ထားမှုကို လက်ခံပြီး ဦးဝီရသူကို ရုံးတော်ကို ဆင့်ခေါ်ခဲ့ပေမယ့် မလာရောက်တဲ့အတွက် ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး တစ်နှစ်ခွဲခန့်အကြာမှာကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။
သူ့ကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
လာမယ့် ရုံးချိန်းကိုတော့ နိုဝင်ဘာ ၁၇ ရက်မှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။
ဓါတ်ပုံများ – စည်သူ
#Dailynews

