Photo – THIHA 2017
ဒီနေ့ ကမ္ဘာကြီးက ရောဂါတွေ တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် ရှိနေ တယ်။ ဖြစ်လိုက် ရင်လည်း မရှူနိုင်မကယ်နိုင်ချည်းပဲ။ ဆား (SARS) ရောဂါဖြစ်လို့မှမကြာသေးဘူး၊ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပြီလို့ ဆိုကြပြန်တယ်။ အမောပြေမယ်ကြံကာရှိသေး အီဘိုလာဖြစ်ပြန်ပြီဆိုတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရပြန်ရော။ ဗိန္ဓောဆရာ သြဠာရိက ဆရာတုတ်ကြီး ပြောသလို ပြောရရင် ဥပါဒ်၊ ဌီ၊ ဘင် ကိုး။ လူပြိန်းနားလည်အောင် ပြောရရင် ဖြစ်၊ တည်၊ ပျက် မမြဲတဲ့ ကမ္ဘာကြီး ပေပဲ။
အရင်ကတော့ ၉၆ ပါးရောဂါလို့ အလွယ်ခေါ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ ၉၆ ပါး မကလောက်တော့ဘူး ထင်တာပဲ။ လေနာတာ တစ်မျိုးတည်းကိုပဲ လေထိုး၊ လေအောင့်၊ လေချုပ်၊ လေသင်တုန်း၊ လေဖြတ်၊ လေပြွန်ရောင်၊ လေနဲ့ ဝမ်းမကွဲ၊ လေပူထလို့ ဆိုထားတယ် မဟုတ်လား။ ဒါကြောင့်လည်း တိုင်းရင်းဆေးဝါး ထုတ်လုပ်သူတွေက လေမျိုး ၈ဝ လျက်ဆားရယ်လို့ ထုတ်လုပ်ပြီး ဈေးကွက်တင် ရောင်းချတာ နေမှာ။ လျက်ဆားနဲ့ ပတ်သက်လို့ ရယ်စရာမောစရာ ပြောကြတဲ့ ပုံပြင်လေးတောင် ရှိသေးတယ်။
ဟိုးအရင်ခေတ်က မြန်မာနိုင်ငံသားတစ်ယောက် ပြည်ပကို ပညာသင်ကြားဖို့ စေလွှတ်ခံရတယ်။ အဲဒီခေတ်က နိုင်ငံခြားခရီးဆိုတာဗြဟ္မာ့ ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း။ တံခါးပိတ်ပြီး ဧကစာကျင့်သုံးနေချိန်။ ဗေဒင်ဆရာတွေက နိုင်ငံခြားထွက်ရကိန်း ရှိတယ်ဆိုတဲ့ ဟောကိန်းတွေနဲ့ လုပ်စားလို့ကောင်းတဲ့ ခေတ်။ အဲဒီပညာတော်သင် နိုင်ငံရပ်ခြားသွားမယ်ဆိုတော့ ထွေလီကာလီ တောက်တိုမယ်ရတွေ စုံစိနဖာကို ဆွေမျိုးသားချင်းတွေက ထည့်ပေးကြသတဲ့။ ပုံတော်တွေရော၊ ဂုဏ်တော်တွေရော၊ စားဖွယ်သောက်ဖွယ် အစုံအလင်ရော ဆိုပါတော့။ ပြည်ပလေဆိပ်မှာ လေယာဉ်ဆိုက်လို့ အိတ်စ်ရေးဖြတ်ချိန်မှာ လျက်ဆားပုလင်းကို လေဆိပ်တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိသွားပါသတဲ့။ အမှုန့်ဖြူဖြူတွေကို ပုလင်းထဲ ထည့်ပြီး သယ်လာတယ်ဆိုတော့ သံသယရှိပြီလေ။ လျက်ဆားပုလင်းကို ကိုင်ပြီး ဒါဘာလဲလို့ မေးတော့ မောင်မင်းကြီးသားက လေမျိုး ၈ဝ လျက်ဆားကို Eighty Kind of Air လို့ဖြေလိုက်တယ်။ အဲဒီလိုလည်း ဖြေလိုက်ရော လေကိုတောင် အမျိုး ၈ဝ တိတိခွဲပြီး အမှုန့်လုပ်လို့ ပုလင်းထဲ ထည့်လာနိုင်တဲ့ ရွှေနိုင်ငံသားကို အံ့သြဘနန်း ဖြစ်ကြရပါသတဲ့။
ကျွန်တော်တို့ကတော့ ဆရာမောင်ဆေးနီမှုန့်နဲ့ လူလားမြောက်လာတယ်။ သူငယ်တော်ပေါင်းချုပ်နဲ့ လူဖြစ်လာတယ်။ အခုအချိန်ထိလည်း တိုင်းရင်းဆေးတွေ လက်မလွှတ်နိုင်သေးဘူး။ ဆရာခိုဆေးပုလင်း၊ ဦးအုန်းစိန် ဒဏ်ကြေဆေး၊ ဒေါ်ထူးထူးလျက်ဆား၊ ဦးဉာဏ်ထွန်း သွေးတိုးကျဆေး၊ ရှင်းရှင်း အစာကြေဆေးပြား၊ မကွေးဝင်းမြင့် ချက်ဆေး၊ စက္ခုပါလ မျက်ကြည်ဆေး ကျွန်တော့်အိပ်ရာနံဘေးမှာ အကုန်ရှိတယ်ဆိုရင် ယုံလိုက်ပါ။ အစွမ်းထက်တဲ့ တိုင်းရင်းဆေးတွေက ဈေးလည်း သက်သာတယ်။ ရောဂါလည်း အမှန်ပျောက်တယ်။
ကျွန်တော်တို့ငယ်ငယ်က ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုလုပ်ကြသလဲ။ ကိုယ်တွေ လက်တွေ ကိုက်ခဲပြီး ချစ်ချစ်တောက်ပူပြီဆိုမှ နီးစပ်ရာဆေးခန်း ပြေးကြရတယ်။ သာမန် အပရိကလောက်ကတော့ အခိုးပွင့်ဆေး နီကြင်ကြင်အမှုန့်တွေ လက်ဝါးထဲ ထည့်၊ ရေနွေးပူပူနဲ့ မှုတ်သောက်ပြီး ရောဂါပျောက်ခဲ့ရတာချည်းပဲ။ အဲဒီတုန်းက ရောဂါတွေ ဆိုတာကလည်း ဆေးသောက်ပြီးတာနဲ့ ချွေးကလေးစို့လာရင် ငါနေ နင်သွားပဲ။ အဘွားကတော့ လက်တစ်ဝါးစာ စာရွက်လေး သုံးခေါက်ချိုး ခေါက်ထားတဲ့ ကိုးပါးဆေး (သွေးဆေး)ကို အမြဲ မှီဝဲတယ်။ သွေးဆေးက သူ့အတွက် သက်စောင့်ဆေးလေ။ ထမင်းစားပြီးတိုင်း သွေးဆေးကို လက်ဖဝါးပေါ် ထည့်လို့ အမြဲ လျက်လေ့ရှိတယ်။
ကျောင်းပိတ်ရက် ဘောလုံးကန်လို့ ဖြစ်စေ၊ ကစားရင်းဖြစ်စေ သံပြားရှ၊ ပုလင်းကွဲ ရှခဲ့ရင် ဘာလုပ်တယ်ထင်လဲ။ သဲတွေ၊ ဖုန်တွေနဲ့ သိပ်ခဲ့ကြတာဗျား။ သွေးတွေ ဘာတွေ တိတ်ပြီး ပျောက်သွားတာပဲ။ အခုနေ ပြန်စဉ်းစားကြည့်တော့ ကြောက်စရာကြီး။ ကျွန်တော်တို့ခေတ်က လူတွေကတော့ အဲဒီလို မိုက်ရူးရဲခဲ့ကြတယ်။ ရောဂါပိုးတွေ ဝင်မှာလည်း မကြောက်ခဲ့ကြ၊ မေးခိုင်ပိုးဝင်မှာလည်း မစိုးရိမ်ခဲ့ကြ၊ ဥုံဖွဆိုပြီး နေခဲ့ကြတဲ့သူတွေပေါ့။ အနာကို အရက်ပြန်နဲ့ ဆေးရမယ်ဆိုတာလည်း မသိခဲ့ကြဘူး။ ဘီတာဒိုင်းနဲ့ သိပ်ရတယ်ဆိုတာလည်း မသိခဲ့ကြဘူး။ အဲဒီလို လုပ်ရမယ်လို့ သိသည့်တိုင်အောင် ဘယ်အိမ်မှ အရက်ပြန်ဆောင်မထားဘူး။ ဘီတာဒိုင်း ရှိမနေခဲ့ဘူးလေ။
တစ်ခါတလေ ကစားနေရင်း နှာခေါင်းသွေးယိုတဲ့အခါတွေ ရှိတယ်။ နွားချေးခြောက်ရှာပြီး နှာခေါင်းသွေးယိုတဲ့သူကို ရှူခိုင်းသေးတာကလား။ နှာခေါင်းသွေးယိုတဲ့သူကလည်း ယူလာတဲ့ နွားချေးခြောက် ရှူတာပဲ။ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ လူ့အဖွဲ့အစည်းက အဲဒီလိုပါဆို။ အပူလောင်ရင် ရှူးရှူးနဲ့တောင် ပန်းခဲ့ကြသေးတယ်။ အကြောတင်၊ အဆစ်လွဲလောက်ကတော့ ရပ်ကွက်ထဲက အနှိပ်သည်နဲ့တင် ပြီးတယ်။ ကျွန်တော်က ဘောလုံးကန်တိုင်း အကြောတင်၊ အကြောထုံး ဖြစ်လေ့ရှိသူ။ ဘောလုံးကစားနေရင်း ခြေဖမိုးကြီး ဖူးရောင်လာရင် ဘောလုံးကစားတာနားပြီး အိမ်ပြန်ပြေးရစမြဲ။ အမေက ကျွန်တော့်ကို အရပ်ထဲက အကြောပြင်ဆရာဆီ ခေါ်သွားပြီး တစ်လမ်းလုံး ဆူလာတယ်။ အကြောပြင်ဆရာက ဘုန်းကြီးလူထွက်တစ်ယောက်ပါ။ သူက ဆိုင်းဘုတ်ချိတ် ဆေးကုတဲ့ ဆေးဆရာတော့ မဟုတ်ဘူး။ ဝါသနာပါလို့ လေ့လာသင်ယူထားတာ။ သူ့ဆီရောက်တဲ့အခါ အခန်းထဲက ပုလင်းလေး ထုတ်လာပြီး ပုလင်းထဲက ဆေးရည်တွေနဲ့ လိမ်းပေးတယ်။ ကျွန်တော့်ကို ဆေးလိမ်းပေးနေရင်းနဲ့ အမေနဲ့ သာကြောင်းမာကြောင်းတွေ ပြောနေသေးတာ။ ဆေးလိမ်း နှိပ်နယ်ပြီးတာနဲ့ အမေက ဆေးဖိုး ငါးကျပ်ပေးပြီး ကျွန်တော့်ကို ကန်တော့ခိုင်းတယ်။ အကြောပြင်ဆရာက အမေပေးတဲ့ ပိုက်ဆံကို မယူပါဘူး။ ဒါပေမဲ့ ဆေးစွမ်းအောင်ဆိုပြီး အမေက အမြဲပေးတယ်။ ကျွန်တော့်ခြေထောက် အကြောတင်၊ အကြောထုံးတာကတော့ အဲဒီအကြောပြင်ဆရာနဲ့ပဲ အမြဲ ကုသမှုခံယူခဲ့တယ်။ ရောဂါလည်း တကယ်ပျောက်ခဲ့တယ်။
ခွေးကိုက်ကုထုံးလည်း ကြုံတုန်း ပြောရဦးမယ်။ တစ်နေ့တော့ ရပ်ကွက်ထဲက ခွေးက ကျွန်တော့်ခြေသလုံး လှမ်းဟပ်ပါလေရော။ ကျွန်တော် ခွေးကိုက်ခံရပြီဆိုတော့ မိခင်တွေရဲ့ ထုံးစံအတိုင်း အမေက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တယ်။ အဘိုးလေးဆီ ကျွန်တော့်ကို ခေါ်သွားတယ်။ ကျွန်တော်လည်း အမေ့နောက်က ကောက်ကောက်ပါအောင် လိုက်ခဲ့ရတယ်။ အဘိုးလေးဆီရောက်တော့ ကျွန်တော့်ဒဏ်ရာ ကြည့်ပြီး စိတ်မပူဖို့ ပြောတယ်။ ကျပ်ပြားဝိုင်းလောက် ရှိတဲ့ အိုးခြမ်းပဲ့လေးကို မီးဖိုပေါ်တင်ပြီး ပါးစပ်က ဆီမန်းမန်းတယ်။ စိတ်တိုင်းကျ ရွတ်ဖတ်ပြီးတဲ့အခါ အိုးခြမ်းပဲ့က မီးဖိုပေါ် တင်ထားလို့ တော်တော်လေး ပူနေပြီ။ အဲဒီအိုးခြမ်းပဲ့လေးကို မီးဖိုပေါ်ကနေ မီးညှပ်နဲ့ ဆွဲနုတ်လိုက်တယ်။ ပါးစပ်ရှေ့မှာ ထားပြီး တဖွဖွ ရွတ်ဖတ်နေသေးတာ။ ဘာတွေရွတ်မှန်းတော့ ကျွန်တော်လည်း မသိဘူး။ ရွတ်ပြီးပြီဆိုတော့မှ ကျွန်တော့်ခြေသလုံးပေါ်က ခွေးကိုက်ဒဏ်ရာပေါ်တင်ပေးလိုက်တယ်။ ခွေးကိုက်ထားတဲ့ ဒဏ်ရာကြောင့် နာကလည်း နာ၊ အိုးခြမ်းပဲ့က မီးအပူပေးထားလို့ ပူကလည်း ပူ၊ ကျွန်တော့်အဖြစ်ကို စဉ်းစားသာ ကြည့်ပေတော့။ ဒါပေမဲ့ ဘာဆေးမှ မလိမ်း၊ ဘာဆေးမှမသောက်၊ ဘာဆေးမှ မထိုးရပါဘဲ ခွေးကိုက်ဒဏ်ရာက အဘိုးလေးရဲ့ အိုးခြမ်းပဲ့ကုထုံးနဲ့ ပျောက်ခဲ့ဖူးတယ်။
အခုတော့ နှာစေးချောင်းဆိုးတာက အစ ဂျီပီထိုင်တဲ့ ဆရာဝန်တွေနဲ့ မကုချင်ကြတော့ဘူး။ ပြည်တွင်းပြည်ပဘွဲ့တွေတသီကြီးရထားတဲ့ အထူးကုဆိုသူတွေနဲ့ ကုပါမှ ရောဂါပျောက်ချင်ကြတဲ့ ခေတ် ဖြစ်လာပြီ။ ငွေကြေးတတ်နိုင်ကြသူတွေကလည်း ဘာလေးဖြစ်ဖြစ် ပြည်ပထွက် ဆေးလေးကုလိုက်ရမှ နေသာထိုင်သာ ရှိကြတာကလား။ တချို့က တကယ်လိုအပ်လို့ အထူးကုတွေနဲ့ ကုတာ၊ ပြည်ပထွက် ကုသမှုခံယူမှကို ရမယ့်ရောဂါမို့ ကုသမှုခံယူတာ ဘာမှ မပြောလိုပေမယ့် ကြွားချင်ဝါချင်စိတ်လေးကြောင့် သွားရောက်ကုသမှု ခံယူကြသူတွေလည်း အမှန်တကယ်ရှိတယ်။ လူစည်စည်ဆိုရင် ‘ငါတို့က ဘန်ကောက်ကို မက်ဒီကယ်ချက်အပ်သွားလုပ်တာလေ’။ ‘မင်းတို့ဘကြီး နေထိုင်မကောင်းလို့တဲ့ စင်ကာပူသွားပြီး ထွိမန့် (Treatment = ဆေးကုသမှုခံယူ)ရတာပေါ့’။ ‘ပြောကို မပြောချင်ဘူးကွယ်၊ မင်းတူက ဖောရိန်းကျောင်းတက်ရမှာဆိုတော့ မက်ဒီကယ်အင်ရှူရန့် (Medical Insurance = ကျန်းမာရေးအာမခံ) လုပ်ရမယ်ဆိုတော့ အန်တီတို့ပါ တစ်လက်စတည်း လုပ်ဖြစ်သွားတာပေါ့ကွယ်။ ဟင်း ဟင်း ဟင်း’။ ပတ်ဝန်းကျင်မှာ ဒီလိုအခေါ်အပြောတွေက မကြားချင်မှအဆုံး မဟုတ်လား။
တကယ်တော့ အခုခေတ်မှာ ပိုက်ဆံတတ်နိုင်လို့ ဖြစ်စေ၊ အဆက်အသွယ်ကောင်းလို့ ဖြစ်စေ ပြည်ပထွက် ဆေးကုတယ်ဆိုတာ မဆန်းတော့ဘူး။ တစ်နှစ်ကို ပြည်ပထွက်နေတဲ့ ဆေးကုသမှုစရိတ်တွေ ပေါင်းလိုက်ရင် ဒေါ်လာ သန်းချီ ရှိနိုင်တယ်။ ကျွန်တော်တို့ဆီက ကျန်းမာရေးစောင့်ရှောက်မှုကလည်း မိတ်ဆွေတို့ သိတဲ့ အတိုင်းပဲ။ အဲဒီတော့ တတ်နိုင်သူတွေက ပြည်ပထွက်ကု၊ မတတ်နိုင်သူတွေက လမ်းထိပ်ကွမ်းယာဆိုင်က စပ်ဆေးနဲ့ ကု၊ မရှိမရှားတွေက ပြည်တွင်းက ဆေးရုံ၊ ဆေးခန်း ပြေးကြပေတော့။
တကယ်တော့ ကွမ်းယာဆိုင်က စပ်ဆေးတွေသည်ပင် ကျွန်တော်တို့၊ ခင်ဗျားတို့ အားလုံးရဲ့ အာရောဂျံ ပရမံလာဘံပဲ မဟုတ်လား။ စပ်ဆေးတွေက အန္တရာယ်များမှန်းလည်း သုံးစွဲကြသူတွေ သိကြတာပါပဲ။ ဒါပေသိ ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံး မဟုတ်လား။ လတ်တလော စရိတ်ကျဉ်းကျဉ်းနဲ့ ရောဂါပျောက်ဖို့က အရေးကြီးဆုံးပဲ။ ကျန်တာ ဘာသောညာသော စဉ်းစားမနေအားဘူး။ ရောဂါတစ်ခု ဖြစ်လာပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆေးကုသမှု ခံယူချင်သူချည်းပဲပေါ့။ ဒါပေမဲ့ သိတော် မူကြတဲ့အတိုင်း ဆေးဖိုးအပြင် ဝါးခဆိုတာကလည်းရှိသေးတော့ ဆေးဖိုးဝါးခကိုပဲ မျက်စိစုံမှိတ် မကုသနိုင်တဲ့ သူတွေရှိနေတယ်။
ရောဂါဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ မညီမျှရင် ဖြစ်ကြတာပဲ မဟုတ်လား။ အခုခေတ်က ကျန်းမာရေးစောင့်ရှောက်မှု စရိတ်က မြင့်မားလွန်းတော့ ကျန်းမာအောင်ပဲ နေထိုင်ကျင့်ကြံ အားထုတ်နေကြရတယ်။ စကားစပ်လို့ ပြောရရင် ကျွန်တော်တို့မြို့က ပြည်သူ့ဆေးရုံကြီးက ခုတင် ၁,ဝဝဝ ဆံ့လောက်တော့ ရှိမယ်။ ကျွန်တော်တို့ မြို့မှာပဲ အရက်ဆိုင်က ၁,ဝဝဝ ကျော် ရှိနေတယ်။ ဒါတောင် အအေးဆိုင်အမည်ခံ အရက်ပုန်းဆိုင်တွေ မပါဘူး။ အရက်ရောင်းတဲ့ ကုန်စုံဆိုင်တွေ စာရင်း မပါသေးဘူး။ ၂၄ နာရီ အချိန်ပြည့် ဖွင့်ထားတဲ့ ကွန်ဗီးနီးယန့် စတိုးဆိုင်တွေ မပါသေးဘူး။ အဲဒီဆိုင်တွေက အရက်ပုံမှန်သောက်သုံးသူတွေ တစ်ဆိုင်တစ်ယောက် ဆေးရုံတက် ကုသမှုခံယူရင်တောင် ဆေးရုံခုတင်က မလောက်ငချင်ဘူး။ အဲဒီတော့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်တာ အကောင်းဆုံးပဲ မဟုတ်လား။
တစ်ခေတ်တစ်ခါက လူမှုရေးဦးတည်ချက်တွေထဲမှာတောင် ကျန်းမာရေးကိစ္စ အရေးတယူ ထည့်ခဲ့ကြရတယ် မဟုတ်လား။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်ပြည့်ဝရေးဆိုပြီး ထည့်ခဲ့ကြတာလေ။ ဘာပဲဖြစ်ဖြစ် ကျန်းမာပျော်ရွှင်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပေပဲ။ ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ကျန်းမာပျော်ရွှင် အောင်ပွဲဝင်ဆိုတဲ့ ဆောင်ပုဒ်တွေတောင် စိုက်ထူခဲ့ကြသေးတယ်။
မိတ်ဆွေတို့၊ ဆေးဝါးတွေနဲ့ ယဉ်ပါးကြပါသလား။ ကျွန်တော်ကတော့ ဘီပီအိုင်ထုတ် လက်တစ်ဝါးစာလောက် ရှိတဲ့ ပုလင်းပြားညိုညိုလေးတွေနဲ့ ထည့်တဲ့ ဘားပလက်ဆိုတာတွေကို အဘွား မကြာခဏ သောက်နေတာ မြင်ခဲ့ဖူးတယ်။ အဲဒီတုန်းက သမဝါယမက သောက်ဆေးတွေလည်း ခွဲတမ်းနဲ့ ရောင်းချခဲ့ဖူးတယ်။ ကိုယ်နဲ့ သင့်တော်၏၊ မသင့်တော်၏ စဉ်းစားမနေအားဘူး။ ပေးတဲ့အခါ ထုတ်ထားလိုက်တာပေါ့ဆိုတဲ့ ထုံး နှလုံးမူပြီး မဲပေါက်တဲ့အခါ ယူထားလိုက်တာပဲ။ သက်တမ်းလွန်၊ မလွန်လည်း ဘယ်သူမှ ကြည့်နေတာ မဟုတ်ဘူး။ ဘားပလက်သောက်ရင် အိပ်ကောင်းစားကောင်းတယ်လို့ ကျွန်တော့်အဘွားက ရိုးရိုးသားသားပဲ ယုံကြည်ထားတယ်လေ။
နေမကောင်း ထိုင်မသာ ဖြစ်တဲ့အခါ လူမမာဖြစ်သူတွေ ခံတွင်းမလိုက်ကြဘူး။ အစားအသောက် ပျက်ကြတယ်။ ကျွန်တော် ငယ်ငယ်ကလည်း နေထိုင်မကောင်းဖြစ်ပြီဆိုရင် ပါးစပ်က တူးခါးနေတော့တာ။ လူမမာဖြစ်တဲ့ ကျွန်တော်က လူမမာစာဖြစ်တဲ့ မြူစွမ်တို့၊ ဆန်ပြုတ်တို့၊ စွပ်ပြုတ်တို့ဆို မသောက်ချင်ဘူး။ လူမမာစော် နံတယ်လို့ ခံစားရတယ်။ အမေက ကြက်သားလေး ဈေးပြေးဝယ်၊ မီးဖိုပေါ် ဒန်အိုးလေးနဲ့ တင်ပြီး ပြုတ်၊ ကြက်သားတွေ နူးအိလာတဲ့အခါ တစ်တုံးချင်း ဆယ်ပြီး အအေးခံထား။ စားခါနီးမှ အမျှင်ထွက်အောင် နွှာပြီး ကြက်သွန်နီပါးပါးလှီး၊ သံပရာသီးတစ်စိတ်လောက်ညှစ်၊ ဆီချက်လေး၊ ငံပြာရည်လေး ဆမ်းပြီး နံနံပင်လေး အုပ်လိုက်တဲ့အခါ စားချင့်စဖွယ် ဖြစ်သွားတော့တယ်။ ကြက်သားစားရင် အားရှိတယ်၊ အာဟာရပြည့်တယ်လို့ အမေက တွက်ဆထားပြီးသား။ အမေသုပ်တဲ့ ကြက်သားသုပ်က ကျွန်တော့်ဘဝမှာ အကောင်းဆုံးပဲ။
ဓာတ်စာဆိုတာလည်း ရှိသေး။ အဲဒါကလည်း နေမကောင်းလို့ ဖျားပြီ၊ နာပြီဆိုမှ စားကြရတာ။ လက်ဖက်ရည်ဆိုင်က ကော်ဖီချိုပျစ်ပျစ်နဲ့ ဓားလှီးပေါင်မုန့်ကို ချက်နို့ဆီကျဲကျဲ ဆမ်းထားတဲ့ ပေါင်မုန့်နို့ဆမ်းပါပဲ။ ဘာမှ မထူးဆန်းပါဘူး။ အဲဒီခေတ်က ပေါင်မုန့်တို့ ထုံးစံအတိုင်း ရက်လွန်တာလား မသိ၊ ရက်ကျော်တာလားမသိ မြိန်ရေရှက်ရေ စားခဲ့သောက်ခဲ့ကြတယ်။ ဒါပေသိ အဲဒီပေါင်မုန့်နို့ဆမ်းသည်ပင် သာမန်အချိန်တွေမှာ စားခွင့် မရှိခဲ့ဘူး။ နေမကောင်းဖြစ်ပြီဆိုမှ ပေါင်မုန့်နို့ဆမ်းတစ်ချပ်နဲ့ ကော်ဖီပျစ်ပျစ်တစ်ခွက်။ ပေါင်မုန့်နို့ဆမ်းပေါ်က လျှံကြလာတဲ့ နို့ဆီပျစ်ပျစ်တွေ ကော်ဖီထဲ ထည့်သောက်ရတာကလည်း နတ်သုဒ္ဓါတမျှပါပဲ။ ပေါင်မုန့်နို့ဆမ်းနဲ့ ကော်ဖီပျစ်ပျစ် သောက်ချင်ရင် နေမကောင်းဖြစ်မှသာ သောက်ပေတော့။ သူက အခွင့်ထူးခံ ဓာတ်စာ။ ပေါင်မုန့်နို့ဆမ်းနဲ့ ကော်ဖီပျစ်ပျစ်ကို ငယ်ငယ်က မကြာခဏ စားချင်ပေမယ့် နေမကောင်းမှ စားရတဲ့ ဓာတ်စာဆိုတော့ တစ်နှစ်နေမှ နှစ်ခါ၊ သုံးခါထက် မပိုခဲ့ဘူး။ ငါသာ မကြာခဏ နေမကောင်းဖြစ်ရင် ခဏခဏ စားရသောက်ရမှာပဲဆိုတဲ့ ကလေးအတွေးတွေလည်း မကြံကောင်းမစည်ရာ ဝင်ခဲ့သေးတယ်။
ဟိုတစ်လောက လက်ဖက်ရည်ဆိုင် ထိုင်ရင်း ပေါင်မုန့်နို့ဆမ်းနဲ့ ကော်ဖီပျစ်ပျစ် သောက်ချင်လို့ မှာစားသေးတယ်။ ဒီနေ့ခေတ် ပေါင်မုန့်တွေက အရင်ခေတ်ကထက် စာရင် ပိုလို့ နူးညံ့လာတယ်။ နို့ဆီတွေကလည်း အဆီပြည့်နို့ဆီ ယူမလား၊ အဆီနုတ်ပြီးသား နို့ဆီယူမလား ကြိုက်ရာယူလို့ရတယ်။ ကော်ဖီတွေဆိုတာကလည်း မြစ်ဆုံမှာ ဝါးဆစ်ပိတ်နဲ့ သောက်တဲ့ ကော်ဖီမှသည် ရထားကြီးစီးပြီး အမေလို့ အော်ခေါ်တဲ့ ကော်ဖီအထိ တံဆိပ်ပေါင်းစုံ။ ကာပချီနိုတို့၊ အမေရိကန်နိုတို့ သောက်ချင်သပဆိုလည်း ရပါ့။ ဒါပေမဲ့ ငယ်ငယ်တုန်းက စားခဲ့ရတဲ့ ဓားလှီးပေါင်မုန့် ညိုညစ်ညစ်ကို မီတယ် မထင်ဘူး။ လက်ဖက်ရည်ဖျော်ခုံထောင့်မှာ ရှိတဲ့ နက်စ်ကော်ဖီပုလင်းထဲက ကော်ဖီမှုန့်အရသာကို မီတယ်လို့ မထင်ဘူး။ တကယ်တော့ ကျွန်တော့်လျှာသည်ပင် Junk Food (အမှိုက်စာ)၊ Fast Food (အမြန်စာ)စတဲ့ သရေစာတွေနဲ့ ချိုးတက်ခဲ့ချေပြီတကား။
မိတ်ဆွေတို့ကို ကျွန်တော့်ငယ်ဘဝ ကျန်းမာရေးကုထုံးတွေနဲ့ ဓာတ်စာတွေအကြောင်း ပြောပြနေတာ အကြောင်းရှိတယ်။ ကျွန်တော်တို့တုန်းကတော့ မျက်ကန်းတစ္ဆေမကြောက် မိုက်ရူးရဲခဲ့ကြတယ်ဆိုတာ ပြောပြချင်တာ။ ဒါမျိုးတွေတော့ ရှိခဲ့ကြတယ်ဆိုတာ သိစေချင်တာပါ။ (လိုက်လံတုပပြီး ကုသရန် မလိုပါ) မိရိုးဖလာကုထုံးအချို့ကလည်း တကယ် အစွမ်းထက်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ဆင့်ကမ်းမှု နည်းခဲ့တော့ တချို့ကုထုံးတွေက ကောင်းပေမယ့် မှတ်တမ်းမှတ်ရာ မရှိတော့ဘူး။ နှမြောစရာ သိပ်ကောင်းတာပဲ။ မိတ်ဆွေတို့ ဆန္ဒရှိမယ်ဆိုရင် မိတ်ဆွေတို့ဆီက ရပ်ဓလေ့ရွာဓလေ့ ကုထုံးတွေအကြောင်း ကျွန်တော် သိချင်ပါသေးတယ်။
၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁)မှ အမေ့ခံ ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။