Illustration – Tin Min Aung
မြို့ထဲမှာ အရုပ်တွေ ရောက်နေပြီ
ဆက်ဆံရေးက နူးညံ့တယ်
အနောက်တိုင်းဝတ်စုံ ဝတ်ထားတယ်
မြန်မာစကားကို ပြောတယ်
လက်ဆွဲနှုတ်ဆက်တယ်
မျက်လုံးတွေက မိုးပေါ်ကို ကြည့်တယ်
အရုပ်တွေဟာ ညင်ညင်သာသာနဲ့
ရှေးဟောင်းကုလားထိုင်တွေပေါ်မှာ တက်ထိုင်တယ်
ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲက ကြောင်ကို ပွတ်သလို
ရှေးဟောင်းကုလားထိုင်ကြီးကို ပွတ်တယ်
ရှေးဟောင်းတွေ ရှေးဖြစ်တွေ ရှေးရှေးကနေ စလို့
အရုပ်တွေ ဖြစ်လာတဲ့အကြောင်းကို ပြောတယ်
အရုပ်တွေ ပြောတာက တဖြည်းဖြည်းနဲ့
အရုပ်လုံး ပေါ်လာတယ်
လူဆိုတာ အရုပ်တွေကနေ ဆင်းသက်လာတာတဲ့
အရုပ်တွေက စကားပြော သိပ်ကောင်းတယ်
အရုပ်တွေဟာ လူတွေကို အရုပ်ကမ္ဘာဆီ ခေါ်သွားဖို့
ကြိုးစားတယ်
အရုပ်ကမ္ဘာဆိုင်ရှင်က အရုပ်ဆိုင်မှာ
အရုပ်တွေ ပျောက်သွားတဲ့အကြောင်း
သတင်းထုတ်ပြန်ခဲ့တာကိုတော့
အရုပ်တွေ မသိသေးဘူး
(၁၀ ဇွန် ၂၀၁၇)
၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ ကဗျာ ဖြစ်ပါသည်။
သော်ဇင်အုန်း ရေးသည်။