Photo – Khin Maung Myint
ရခိုင်ပြည်နယ်သည် သဘာဝတရားက ပေးထားသည့် တောတောင်၊ ရေမြေ၊ သဘာဝသယံဇာတ ပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်သော်လည်း ထိုအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဒုက္ခမျိုးစုံကို ရခိုင်ပြည်သူလူထုက ရင်ဆိုင် ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တစ်ခုလည်းဖြစ်ပြီး ကုလသမဂ္ဂ၏စာရင်းများအရ နေရပ်စွန့်ခွာဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့်ကို ရင်ဝယ်ပိုက်ထားရသည်။
ရခိုင်ပြည်နယ်၏ မြို့နယ်တချို့တွင် အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးတို့ ပျောက်ကွယ်လာနေပြီး လူထု၏ အသက်အိုးအိမ်လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အကြမ်းဖက်မှုများမှာလည်း တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့သည်။ အပြစ်မဲ့ပြည်သူအချို့အသတ်ခံရသည်၊ အချို့ အသက်လုပြီး ထွက်ပြေးကြရသည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များတွင် တွေ့နေရသည်။
၂ဝ၁၆ အောက်တိုဘာတွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်သုံးခုမှ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်) အပါအဝင် စုစုပေါင်းစခန်းသုံးခုကို အလစ်ငိုက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်းတွင် အကြမ်းဖက်သမားများသည် မွတ်ဆလင်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ဆက်တိုက်ဆိုသလို လုပ်လာခဲ့သည်။ ယခုနှစ် သြဂုတ် ၃ ရက်တွင် မောင်တောမြို့နယ်၊ ကိုင်းကြီး (မြို)ကျေးရွာမှ မြိုတိုင်းရင်းသားခုနစ်ဦး အသတ်ခံခဲ့ရပြီး တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ၎င်းအခြေအနေများကို ကွင်းဆင်းလေ့လာရေးသားနိုင်ရန် ရသေ့တောင်မြို့နယ် မေယုတောင်ခြေရင်းရှိ ကျေးရွာများသို့ မော်ကွန်းက သွားရောက်ခဲ့သည်။
သြဂုတ် ၁၇ ရက်တွင် ရန်ကုန်မှ စစ်တွေသို့ လေယာဉ်ဖြင့် ထွက်လာခဲ့ပြီး စစ်တွေတွင် ပြည်နယ်အစိုးရရုံးသို့သွားကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်တို့ကို တွေ့ဆုံ မေးမြန်းခွင့်တောင်းခံခဲ့သော်လည်း မရရှိခဲ့ပေ။
သို့သော် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်နှင့်တော့ သြဂုတ် ၁၈ ရက်က တွေ့ဆုံမေးမြန်းခွင့် ရခဲ့ သည်။ မောင်တောဒေသတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရွာသားများ အသတ်ခံနေရသည့် အကြောင်းရင်းကို မေးမြန်းသည့်အခါ၌ လုံခြုံရေးအင်အားကောင်းသည့်၊ ချမ်းသာသည့် နိုင်ငံများတွင်လည်း မကြာခဏဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံကဲ့သို့ အဘက်ဘက်မှ ချွတ်ခြုံကျနေသည့် နိုင်ငံ၏နယ်စပ်သည် ယခင်က တည်ငြိမ်ခဲ့ပြီး ၂ဝ၁၂ နောက်ပိုင်းမှ နှစ်ဖက်အဖွဲ့အစည်းကြား ပြဿနာများ ဖြစ်လာကြသည်ဟု သူကဆိုသည်။
”ငါတို့ နယ်စပ်ဒေသက ကျန်တဲ့ရှမ်းနယ်စပ်၊ ကချင်နယ်စပ်၊ တရုတ်နယ်စပ်တွေနဲ့စာလု့ိရှိရင် အများကြီးတည်ငြိမ်တဲ့နယ်စပ်ဒေသဖြစ်တယ်။ ၂ဝ၁၆ အောက်တိုဘာနောက်ပိုင်းမှာ လူအယောက် တစ်ရာကျော်က ဘာရည်ရွယ်ချက်ကြောင့်လဲမသိဘူး ဒီလိုမျိုး(အကြမ်းဖက်သတ်ဖြတ်မှုများ) လုပ်လာလို့ တည်ငြိမ်မှုတွေ လျော့ရဲလာတာဖြစ်တယ်”ဟု သူကနှိုင်းယှဉ်ပြောဆိုသည်။
ထို့နောက် သြဂုတ် ၁၉ ရက်တွင် ရသေ့တောင်မြို့နယ်၊ မေယုမြစ် အနောက်ဘက်ခြမ်း၊ မေယုတောင်ခြေဝန်းကျင်ရှိ ကျေးရွာများသို့ ခရီးဆက်ခဲ့သည်။ မွတ်ဆလင်ကျေးရွာများနှင့် ရခိုင်တိုင်းရင်းသားကျေးရွာများ ရှိသည့်နေရာ ဖြစ်သည်။
သြဂုတ် ၂ဝ ရက်တွင် အရင်ဆုံးသွားခဲ့သည့် ကျေးရွာက ရသေ့တောင်မြို့နယ်အတွင်းရှိ ပိတောက်မြိုင်နှင့် ချွတ်ပြင်ကျေးရွာ ဖြစ်သည်။ ချွတ်ပြင်ကျေးရွာမှာ ရွာကြီးတစ်ရွာဖြစ်ပြီး မွတ်ဆလင်များနေသည့်ဘက်နှင့် ရခိုင်တိုင်းရင်းသားများနေသည့်ဘက်ကို ရဲကင်းတစ်ခုက ခြားထားသည်။ ယင်းရွာတွင် မွတ်ဆလင်ဦးရေနှစ်ထောင်ခန့်ရှိပြီး ရခိုင်တိုင်းရင်းသားမှာ နှစ်ရာခန့်ရှိသည်ဟု ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပြသည်။
ဇူလိုင် ၂၇ ရက်တွင် ချွတ်ပြင်ကျေးရွာမှ ကျေးရွာသားသုံးဦး မေယုတောင်ပေါ်သို့ ခရုကောက်သွားရာ တစ်ဦးမှာ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းကို ဒေသခံရခိုင်တိုင်းရင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေယုတောင်တန်းပေါ်တွင် လိုက်လံရှာဖွေကြရာ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသည့် တဲများကိုတွေ့ရှိခဲ့ပြီး ထိုတဲထဲတွင် မိုးကာလိပ်၊ ဆန်၊ ဆီ၊ ငါးခြောက်၊ အိုးခွက်၊ ပန်းကန်နှင့်WFP တံဆိပ်ပါ ဘီစကစ်မုန့်ထုပ် စသည့်ပစ္စည်းများကိုတွေ့ရှိခဲ့သည်ဟု ယင်းရှာဖွေမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ချွတ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြကပြောသည်။
အထက်ပါသတင်းနှင့်ပတ်သက်၍ အစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီ (အဲသည့်အချိန်က Counsellor Office Information Committee ဟုသုံးနှုန်းသည်) မှ ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါစခန်းတွင်တွေ့ရသည့် အိုးခွက်၊ ပန်းကန်များတွင် မေယုတောင်ခြေအနီးရှိ မွတ်ဆလင်ကျေးရွာနာမည်များနှင့် ယင်းကျေးရွာတွင် နေထိုင်သူတချို့၏ နာမည်များရေးသားထားသည်ကို တွေ့ခဲ့ရသည်ဟု ဦးအောင်သိန်းမြက ဆိုသည်။ ယင်းပစ္စည်းများကို သိမ်းဆည်းသယ်ယူ လာသည့် ရဲတပ်ဖွဲ့ အထက်နန်းရာကျေးရွာအနီးအရောက်တွင် မွတ်ဆလင်များက လူအုပ်ဖြင့်ဝိုင်းလာပြီး ကြားဖြတ်လုယူရန် ကြိုးစားခဲ့သော်လည်း တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာသဖြင့် ဟန့်တားနိုင်ခဲ့သည်ဟု သူကဆိုသည်။
”လူနာမည်တွေပါနေတော့ ဒီသက်သေခံပစ္စည်းတွေကို လူအုပ်နဲ့လုယူဖို့ ကြိုးစားခဲ့သေးတယ်”ဟု ဦးအောင်သိန်းမြက ဆိုသည်။
ထိုသို့ အကြမ်းဖက်စခန်းတစ်ခု မေယုတောင်ပေါ်တွင် တွေ့ရှိပြီးနောက်ပိုင်း ထိုတောင်တန်းကို မှီခိုအသက်မွေးနေကြသည့် ဒေသခံတိုင်းရင်းသားများမှာ တောင်ပေါ်သို့မသွားရဲကြတော့ဟု မေယုတောင်ခြေရင်းရှိ အိမ်ခြေ ၅ဝ ဝန်းကျင်နှင့် လူဦးရေ ၂၂ဝ ရှိသော ပိတောက်မြိုင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်က ပြောသည်။
”အဲဒီကတည်းက ဒီဒေသက လူတွေဟာ တော်တော်ကြောက်နေကြတယ်။ တောင်ပေါ်ကိုလည်း ထင်းရှာ၊ ဟင်းရှာ မသွားကြတော့ဘူး”ဟု ဦးစံသာကျော်က ဆိုသည်။
Photo – M Mrunt မောင်တောမြို့နယ်မှ မီးလောင်သွားသည့် မြို့သူကြီးကျေးရွာ
သြဂုတ် ၄ ရက်က ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့များသည် မွတ်ဆလင်များ နေထိုင်သည့် အောက်နန်းရာကျေးရွာတွင် အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူများရှိသည်ဟု သတင်းရသဖြင့် ၎င်းတို့အား သွားရောက်ဖမ်းဆီးခဲ့သည်။
သံသယရှိသူခြောက်ဦးအား ဖမ်းဆီးလာရာတွင် ထိုကျေးရွာမှ လူအင်အား ၆ဝဝ ခန့်ကလောက်လေးခွ၊ ဂျင်ကလိ၊ တုတ်၊ ဓားများနှင့်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖောက်ကာ လူစုခွဲခဲ့ရပြီး တရားခံနှစ်ဦးလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု အစိုးရသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မွတ်ဆလင်များက တိုက်ခဲ့ပြီးနောက် လုံခြုံရေးမရှိသော ချွတ်ပြင်(ရခိုင်ရွာ)၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ သဇင်မြိုင်၊ ပေါက်ပင်ရင်းစသည့် ရခိုင်ကျေးရွာများမှဒေသခံများသည် လုံခြုံရေးစခန်းရှိသည့် စေတီပြင်ကျေးရွာနှင့် မွတ်ဆလင်ကျေးရွာများနှင့်ဝေးသည့် ခွဆုံကျေးရွာသို့ ထွက်ပြေးခဲ့ကြသည်ဟု ဒေသခံများကပြောသည်။
လုံခြုံရေး ရဲဝန်ထမ်းများနှင့်တပ်မတော်သားများရောက်လာမှ ကိုယ့်ရွာကိုယ် ပြန်လာခဲ့ကြသည်ဟု စေတီပြင်ကျေးရွာသို့ ထွက်ပြေးခဲ့သည့် ပိတောက်မြိုင်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဒေါ်မကြီးက ဆိုသည်။
”တောင်ပေါ်က ဆင်းလာမလား၊ ရွာထဲကပဲ လူအုပ်လိုက်တက်လာမလားဆိုတာ နေ့တိုင်းကြောက်နေရတယ်။ ညဘက်ဆို အိပ်လို့မရဘူး။ စစ်သားတွေ ဒီနေ့ ရွာမှာမရှိရင် ဒီနေ့ ရွာမှာ မနေတော့ဘူး။ လုံခြုံမယ့်နေရာကိုပြေးမယ်”ဟု အိမ်နောက်တွင်ရှိသော မေယုတောင်ကို လက်ညှိုးထိုးပြရင်း သူက ပြောသည်။
ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် ရဲဝန်ထမ်းများက လုံခြုံရေးယူပေးထားပြီး တပ်မတော်သားများကတော့ မေယုတောင်ပေါ်တွင် နယ်မြေရှင်းလင်းရေးများ လုပ်နေသည်ကို တွေ့ခဲ့ရသည်။
”ဒီရဲတွေက ဘင်္ဂါလီတွေ လူအုပ်နဲ့တက်လာရင် ဘယ်လိုမှထိန်းမနိုင်ဘူး။ ဒေသလုံခြုံရေးအနေနဲ့ ဒီဒေသမှာ စစ်တပ် တပ်ရင်းတစ်ရင်းလောက် ချပေးဖို့ကောင်းတယ်။ ကျေးရွာလူတွေလည်း စိုးရိမ်စိတ်တွေလျော့သွားမယ်”ဟု ချွတ်ပြင်(ရခိုင်ရွာ) ကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြက ဆိုသည်။
စေတီပြင်ကျေးရွာ၊ အမှတ် ၃ နယ်ခြားစောင့်တပ်ဖွဲ့ ခွဲမှ တာဝန်ရှိသူတစ်ဦးကတော့ လူနည်းစုဖြစ်သည့် တိုင်းရင်းသားကျေးရွာများကိုသာ လုံခြုံရေး အပြည့်အဝပေးထားပြီး မွတ်ဆလင် ကျေးရွာများတွင် လုံခြုံရေးချထားခြင်းမရှိဟု ဆိုသည်။
တစ်ခါတစ်ရံ မွတ်ဆလင်ကျေးရွာများတွင် အကြမ်းဖက်သမားများနှင့် ဆက်သွယ်သူများရှိသည်ဟု သတင်းရပါက ယင်းကျေးရွာများသို့ သွားရောက် ဖမ်းဆီးခြင်းများ ပြုလုပ်ရသည်ဟု ဆိုသည်။
”ဥပဒေအတိုင်း လုပ်ပေမယ့် လူအုပ်နဲ့ တားဆီးတာ၊ ဟန့်တားတာတွေ ရှိတဲ့အခါကျတော့ လုပ်ရကိုင်ရ ခက်ခဲတယ်”ဟု သူက ဆိုသည်။
ထိုကျေးရွာများသို့ ဆိုင်ကယ်ဖြင့် သွားသည့်အခါတွင် ကျွန်တော့်ကို လိုက်ပို့သည့် ဆိုင်ကယ်မောင်းသူအပြင် နောက်ထပ်ဆိုင်ကယ်နှစ်စီးဖြင့် လူငယ်သုံးယောက်က အဖော်လိုက်ပေးသည်။
အောက်နန်းရာ မွတ်ဆလင်ကျေးရွာတွင် လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များကို မွတ်ဆလင်ရွာသားများက ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်သွားခြင်းကြောင့် အန္တရာယ် တစ်စုံတစ်ရာရှိလာပါက ကာကွယ်နိုင်ရန် ဖြစ်သည်။
သြဂုတ် ၂ဝ နှင့် ၂၁ ရက်များတွင် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ သဇင်မြိုင် စသည့် ရခိုင်တိုင်းရင်းသားကျေးရွာများသို့ သွားရောက်ခဲ့သည်။
ကျေးရွာချင်းချိတ်ဆက်ထားသည့် လမ်းတစ်လျှောက်တွင်ရှိသော အထက်နန်းရာ၊ ချွတ်ပြင်(မွတ်ဆလင်ရွာ)စသည့်ကျေးရွာများတွင် မွတ်ဆလင်အချို့ကောက်စိုက်နေကြသည်။ ကလေးငယ်များမှာလည်း လယ်ကွင်းနှင့်လမ်းဘေးရှိ ရေအိုင်များတွင် ငါးရှာနေကြသည်။ သူတို့ကို ဓာတ်ပုံရိုက်မည်ပြုသည်နှင့် ကလေးငယ်များမှာ ကြောက်လန့်ပြီး ထွက်ပြေးကြသည်။
Photo – Hla Htay ကျေးရွာများမှ မောင်တောမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဟိန္ဒူမိသားစုများ
သြဂုတ် ၂၂ ရက်တွင် စေတီပြင်ကျေးရွာမှ ရသေ့တောင်မြို့ပေါ်သို့ စက်လှေနှင့်ပြန်လာခဲ့သည်။ ရသေ့တောင်တွင် တစ်ညအိပ်ပြီး နောက်တစ်ရက်တွင် စစ်တွေမြို့သို့ ရှပ်ပြေးယာဉ်ဖြင့် ပြန်လာခဲ့ကာ အစိုးရအဖွဲ့နှင့် ထပ်မံတွေ့ဆုံနိုင်ရန် ကြိုးစားခဲ့သော်လည်း အခွင့်ရေးမရခဲ့ပေ။
သြဂုတ် ၂၄ ရက် ညနေ ၄နာရီတွင် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ခြင်းသတင်းစာရှင်းလင်းပွဲကို ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်ရာ ကျွန်တော်သည် ယင်းနေ့ နေ့လယ်တွင် မီရာလေယာဉ်ဖြင့် ရခိုင်ပြည်နယ်မှ ပြန်လာခဲ့တော့သည်။
တစ်ကျော့ပြန် အကြမ်းဖက်မှု
မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာ၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပန်ကြားချက်အရ ‘ဘင်္ဂါလီ’ ဟူသောအသုံးအနှုန်းနှင့် ‘ရိုဟင်ဂျာ’ ဟူသော အသုံးအနှုန်းတို့ကို မခေါ်ဝေါ်ဘဲ ‘မွတ်ဆလင်’သို့မဟုတ် ‘ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်လူ့အဖွဲ့အစည်း’ဟု သုံးစွဲမည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏စီးပွားရေးနှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်စွာသွားခွင့်နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးပို့နိုင်မှု၊ လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ကောင်းမွန်စွာ ဆောင်ရွက်ရန် အကြံပြုထားသလို ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် နိုင်ငံအတွင်း မွေးဖွားသည့်ကလေးငယ်များကို နိုင်ငံသားအဖြစ် ပေးသင့်သည်ဟု အကြံပြုထားသည်။
ယင်းအစီရင်ခံစာထုတ်ပြန်ပြီး နောက်တစ်နေ့ သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် Arakan Rohingya Salvation Army-ARSA သည် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ တပ်မတော်ဌာနချုပ်တစ်ခုအပါအဝင် ရဲကင်းစခန်း ၃ဝ ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်။ ၂ဝ၁၆ အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ယခုတိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်သည်။
ပထမအကြိမ် တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၆လက်၊ ကျည်မျိုးစုံ တစ်သောင်းကျော်နှင့် လှံစွပ်၊ ကျည်အိမ်များပါ ဆုံးရှုံးခဲ့သည်ဟု သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။
ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် သြဂုတ် ၂၅ ရက်မှ ၃၁ ရက်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများကြားထိတွေ့တိုက်ပွဲ ၉ဝ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ စစ်သည်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် နိုင်ငံ့ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရသည်။ အစွန်းရောက်အကြမ်းဖက်သမားများဘက်မှလည်း ၃၇ဝ ဦး သေဆုံးခဲ့ပြီး ကိုးဦး အရှင်ဖမ်းမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သြဂုတ် ၃၁ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
မောင်တောဒေသအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်ဦးရေမှာ စက်တင်ဘာ ၁၁ ရက်ထိ ၂၇,ဝဝဝ ဝန်းကျင် ရှိခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
Photo – Hla Htay မောင်တောမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ
ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသည့် မွတ်ဆလင်အရေအတွက်မှာ လေးသိန်းဝန်းကျင်ရှိနေပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမငးကြီးရုံး(The Office of the United Nations High Commissioner Refugee-UNHCR)စက်တင်ဘာ၊ တတိယအပတ်က သတင်းထုတ်ပြန်ထားသည်။
ကြိုတင်မတားဆီးနိုင်ခဲ့
သြဂုတ် ၃ ရက်တွင် ကိုင်းကြီး(မြိုကျေးရွာ)၌ မြိုတိုင်းရင်းသား ခုနစ်ဦး အသတ်ခံရကာ တစ်ဦးပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း သြဂုတ် ၉ ရက်တွင် ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင်အမျိုးသားပါတီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ၊ လုံခြုံရေးဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့သလို သြဂုတ် ၂၄ ရက် ရသေ့တောင်မြို နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့် ရခိုင်ပြည်နယ်တွင် ပိုမိုကောင်းမွန်သော လုံခြုံရေးအစီအမံများ ချမှတ်အရေးအဆိုကို ပြည်သူ့လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင်လည်း ရှုံးနိမ့်ခဲ့သည်။
သြဂုတ် ၂၅ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်(ဒေါ်အောင်ဆန်းစုကြည်)၏ ထုတ်ပြန်ချက်တွင်လည်း အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထုတ်ပြန်မှုနှင့် အချိန်ကိုက်၍ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသည်ကို ကြိုတင်မှန်းဆထားကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများကို ညွှန်ကြားချက်များ ပေးထားခဲ့သည်ဟု ဖော်ပြထားသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားသော်လည်း အကြမ်းဖက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ကိုတည်ထောင်သူနှင့်အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ တိုက်ခိုက်လာနိုင်သည်ကို ကြိုတင်ခန့်မှန်းထားသော်လည်း နေ့ရက်နှင့်အချိန်ကို တိတိကျကျမသိရှိခြင်းကလည်း တားဆီးကာကွယ်သည့်နေရာမှာ အခက်အခဲရှိနိုင်သည်ဟု ဆိုသည်။
သူကဆက်လက်ပြီး ”လက်ရှိက အလုံအလောက် ချထားတယ်လို့ တရားဝင် ကြေညာခဲ့ကြပေမယ့် ဒီထက်ကောင်းမွန်တဲ့ လုံခြုံရေးအစီအမံတွေ ချမှတ်ဖို့ လိုအပ်တယ်။ အင်အားလည်း လိုအပ်ရင် လိုအပ်သလို အသုံးချထားဖို့လိုအပ်တယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ စက်တင်ဘာ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမင်းကိုနိုင်က ထိုဒေသ၏ လုံခြုံရေးကို ကြိုတင်ပြင်ဆင်ပြီး အကြမ်းဖက်သူများအား ခုခံဖမ်းဆီးအရေးယူနိုင်ခဲ့သည်ကို မတွေ့ရဟုဆိုသည်။
”အခုက လာလာတိုက်သွားပြီးတဲ့အခါကျမှ နောက်ကနေ လိုက်လံရှင်းလင်းတယ်ဆိုတာက ကြာပြီဗျ။ အဲဒီပြဿနာပဲ။ ဒီဟာက အရေးကြီးတယ်။ ကြိုတင်ပြင်ဆင်ပြီးတော့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”ဟု သူကဆက်လက်ပြောသည်။
နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ သြဂုတ် ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ်သန်းထွဋ်သိန်းကတော့ အကြမ်းဖက်သမားများမှာ ရဲတပ်ရင်းများကိုသာမက တပ်မတော်ဌာနချုပ်ကိုပါ တိုက်ခိုက်ခဲ့သောကြောင့် ”နယ်မြေရှင်းလင်းတဲ့သူတွေကိုလည်း တိုက်ခိုက်နေပါတယ်။ နောက်ထပ်လည်း အကြမ်းဖက်မှုများ ဆောင်ရွက်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်”ဟု ပြောဆိုခဲ့သည်။
Photo -M Mrunt ဘူးသီးတောင်ဆိပ်ကမ်း၌ တွေ့ရသည့် နေရပ်စွန့်ခွာလာသူများ
အကြမ်းဖက်အဖွဲ့ ဘယ်လို ဖြစ်လာသလဲ
ထိုကဲ့သို့ မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ARSA အဖွဲ့ကို သြဂုတ် ၂၅ ရက်တွင် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။
ARSA အဖွဲ့ သည် ဟာယာခါအယ်ယာကင်-Hara-kha A1 – Yaqeen (ယုံကြည်မှုအရ လှုပ်ရှားမှု) အမည်ဖြင့်စတင်လှုပ်ရှားခဲ့ပြီး ယခုနှစ် မတ်လကုန်ခါ နီးတွင် Arakan Rohingya salvation Army-ARSAဟု အမည်ပြောင်းခဲ့သည်ကို ယင်းအဖွဲ့၏ တွစ်တာစာမျက်တွင် တွေ့ရသည်။
ထိုအကြမ်းဖက်အဖွဲ့ကို အဓိက ကြီးကြပ်သူများမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာမြို့မှ ခေါင်းဆောင်များနှင့် မဒီနာမြို့မှ ခေါင်းဆောင်များဖြစ်ပြီး ၎င်းတို့မှာ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သွားသူများဖြစ်သည်ဟု International Crisis Group/2016 နှစ်ကုန်ပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအကြမ်းဖက်တိုက်ခိုက်မှုများကို အဓိက ဦးဆောင်သူမှာ အက်တာအူလား (Ata Ullah)(ခ)ဟာဖစ်တူဟာရ် (ခ)အဘူအေးမားဂျန်နူနီဖြစ်သည်။ ၎င်းတို့ထဲမှ ၂ဝ ဦးသည် အာဖကန်နစ္စတန်နှင့် ပါကစ္စတန်ကဲ့သို့သော ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ တိုက်ပွဲအတွေ့အကြုံရှိသူများဖြစ်သည်ဟု ICG က ဆိုသည်။
ARSA အဖွဲ့သည် စစ်ရေးအတွက် ကြိုတင်စီမံချက်များကို ၂ဝ၁၂ ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ၂ဝ၁၃ တွင် မောင်တောဒေသမှ တက်ကြွသည့် လူငယ်များကို စုဆောင်းကာ ၂ဝ၁၄ တွင် လူရာပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်၊ မောင်တောနှင့် ဘူးသီးတောင်နယ်စပ်တစ်လျှောက် မေယုတောင်တန်း၊ မွတ်ဆလင်ကျေးရွာများတွင် လက်နက်အသုံးပြုပုံ၊ ပြောက်ကျားနည်းစနစ်၊ ဖောက်ခွဲရေးပစ္စည်းနှင့် လက်လုပ်ဗုံးအသုံးပြုပုံများကို နှစ်နှစ်ကျော် ကြာသည့်အထိ အဓိက သင်ကြားပေးခဲ့သည်ဟု ICG က ဖော်ပြထားသည်။
သြဂုတ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်မှာ အရှေ့အလယ်ပိုင်း အခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် IsIamic State in Iraq and Syria-ISIS အဖွဲ့နှင့် ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ (Inter-Services Intelligence-ISI) တို့ ပါဝင်ပတ်သက်နေသည်ဟုဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအရာရှိတစ်ဦးနှင့်အိန္ဒိယထောက်လှမ်းရေးအရာရှိတစ်ဦးကို ကိုးကားပြီး မဇ္ဈိမသတင်းဌာနက ရေးသားထားသည်။
ဘာကြောင့်အကြမ်းဖက်တိုက်ခိုက်တာလဲ
အစိုးရတာဝန်ရှိသူများနှင့်နိုင်ငံရေး လေ့လာသုံးသပ်သူများကတော့ ယခုအကြမ်းဖက်မှုသည်မောင်တောခရိုင်ဒေသကို အစ္စလာမ္မစ်နိုင်ငံထူထောင်လိုခြင်း၊ နယ်မြေလုလိုခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။
”နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူတွေရဲ့ထောက်ခံမှု၊ စည်းရုံးမှု၊ ငွေကြေးထောက်ပံ့မှု ဒါတွေကို ရယူပြီးတော့မှ နိုင်ငံတကာမှ အလေးထားအာရုံပြုလာအောင်၊ ပိုမိုစိတ်ဝင်စားလာအောင်လုပ်ပြီး မွတ်ဆလင်နိုင်ငံအဖြစ် ထူထောင်ဖို့ အတွက် ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်” ဟုပြည်ထဲရေးဝန်ကြီးဌာန၊ ရဲမှူးချုပ်ဝင်းထွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် သံတမန်များနှင့်ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများအား တွေ့ဆုံရှင်းလင်းသည့်ပွဲ၌ ပြောဆိုခဲ့သည်။
အကြမ်းဖက်သမားများသည် အစိုးရအဖွဲ့နှင့် ဆက်သွယ်နေသော မွတ်ဆလင်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမာခံသတင်းပေးများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဒေသခံတိုင်းရင်းသားများကို ကျေးရွာများတွင် ဆက်လက်မနေနိုင်အောင်ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဘူးသီးတောင်၊ မောင်တောနယ်မြေရှိ ကျေးရွာအားလုံးတွင် မွတ်ဆလင်များသာ နေထိုင်နိုင်ရေးကို စီမံပြီး အမာခံနယ်မြေအဖြစ် တည်ဆောက်၍ အခွင့်သာသည့်အခါ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းနှင့်လူမှုကွန်ရက်၊ မီဒီယာများတွင် ဝါဒဖြန့်ချိရေးများ လုပ်ဆောင်နေကြသည်ဟု ရဲမှူးချုပ်ဝင်းထွန်းက ဆက်လက်ပြောသည်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ သုတေသီဦးမောင်မောင်စိုးက အောက်တိုဘာအကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း မွတ်ဆလင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများ၊ အစိုးရနှင့် ဆက်နွှယ်သူများအသတ်ခံရခြင်းကြောင့် မောင်တောဒေသရှိ အစိုးရအုပ်ချုပ်ရေးစနစ်မှာ ရခိုင်ကျေးရွာများတွင်သာ သက်ရောက်တော့သည်ဟု သုံးသပ်သည်။
”အခုက ဘူးသီးတောင်၊ မောင်တောဒေသမှာ လုံခြုံရေးသက်သက် ပျက်တာမဟုတ်ဘူး။ ဘင်္ဂါလီကျေးရွာတွေမှာ အုပ်ချုပ်ရေးစနစ်ကိုပျက်သွားတာ”ဟုဆိုသည်။
ဒေါက်တာနိုင်ဆွေဦးက အကြမ်းဖက်သမားများ ရဲကင်းစခန်း ၃ဝ ကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်ခြင်း၊ စစ်ကူလမ်းကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ စစ်ကူလာမည့်လမ်းကြောင်းများတွင် လက်လုပ်မိုင်းများထောင်ထားခြင်း၊ တံတားများကိုဖျက်ဆီးခြင်း စသည်တို့ကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်မှုမှာ ပိုပြီး စနစ်တကျဆောင်ရွက်လာကြသည်ဟု ဆိုသည်။
”ဒါက ပြည်ပအထောက်အပံ့နဲ့ စနစ်တကျပြင်ဆင်ပြီးတော့ တိုက်ခိုက်တဲ့ အကြီးစားအကြမ်းဖက်မှု ဖြစ်တယ်”ဟုသူက ထောက်ပြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်သလို မြန်မာနိုင်ငံအစ္စလာမ်ဓမ္မဗိမာန် အကြီးအကဲနှင့် ငြိမ်းချမ်းရေးမေတ္တာအဖွဲ့ကို တည်ထောင်သူ ဦးအေးလွင်ကတော့ ရခိုင်ပြည်နယ်ကော်မရှင်အစီရင်ခံစာ ထုတ်ပြန်ချက်နှင့် ရခိုင်မြောက်ပိုင်းတိုက်ခိုက်မှု တိုက်ဆိုင်နေခြင်းမှာလည်း ရခိုင်ပြည်နယ်တွင်ဖြစ်နေသည့် မွတ်ဆလင်အရေးကို ပြည်တွင်း၊ ပြည်ပက အာရုံပိုစိုက်လာအောင်လုပ်လိုက်သည့် ဆွဲဆောင်မှုတစ်ရပ်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။
ARSA ၏ ဗျူဟာ အပြောင်းအလဲ
စက်တင်ဘာ ၁ဝ ရက်တွင် ARSA အကြမ်းဖက်အဖွဲ့သည် နေရပ်စွန့်ခွာထွက်ပြေးသူများအတွက် လူသားချင်းစာနာမှု အကူအညီများ ရရှိနိုင်ရေးအတွက် တစ်လကြာအပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ခဲ့သလို စက်တင်ဘာ ၁၄ ရက်တွင်လည်း တခြားသောအရှေ့အလယ်ပိုင်းမှ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အစပ်မရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများကို မကြိုဆိုဟု သူတို့၏ တွစ်တာမှတစ်ဆင့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းနှင့်နိုင်ငံတကာမီဒီယာများက ARSA အဖွဲ့ကို မြန်မာနိုင်ငံရှိ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကဲ့ သို့ပုံဖော်လာကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး လမ်းကြောင်းကို ဝင်ရောက်ရန် ကြိုးပမ်းလာသည်။ အခြားတစ်ဖက်တွင်လည်း ARSA အဖွဲ့သည် လူ၊ လက်နက်အင်အား စုဆောင်းခြင်းတို့ ပြုလုပ်ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့နေရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်မှာ ရုတ်တရက်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အစိုးရအဆက်ဆက် လုပ်ကိုင်ပုံ မှားယွင်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်လာရခြင်းဖြစ်သလို ထိုဒေသတွင် ရှိနေသော မွတ်ဆလင်များအနေဖြင့် သူတို့၏လူအခွင့်အရေးချိုးဖောက်ခံနေရခြင်း၊ ဘေးဖယ်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို ခံစားလာရပြီးနောက် နည်းလမ်းအမျိုးမျိုးဖြင့်တောင်းဆိုသော်လည်း မရသဖြင့် လက်နက်ကိုင်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဦးအေးလွင်က သုံးသပ်သည်။
”သူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးကို သူတို့ရဲ့ ဘဝတည်ဆောက်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာကလည်း ပြည်ထောင်စုရဲ့အောက်ကနေ ဥပဒေဘောင်အတွင်းကနေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရချင်တယ်ဆိုတဲ့ ဆန္ဒလည်း ဖြစ်နိုင်တယ်”ဟု သူက သုံးသပ်သည်။
သူက ဆက်ပြီး ”ဒါက လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာပါ။ ဘာသာရေးပဋိပက္ခအသွင် ဆောင်သွားရင် အရမ်းကြောက်ဖို့ ကောင်းသွားလိမ့်မယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစင်တာမှ ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်က သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ရိုဟင်ဂျာအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးသင့်သည်ဟု မြန်မာအစိုးရကို နိုင်ငံတကာသံတမန်များက တိုက်တွန်းခဲ့ဖူးသည်ဟု ဆိုသည်။
”နည်းလမ်းမျိုးစုံနဲ့ မြန်မာနိုင်ငံထဲကို ဝင်လာကြတဲ့သူတွေက လက်နက်ကိုင်ပြီး တိုက်ခိုက်တာကို စေ့စပ်ဆွေးနွေးမယ် ဆိုရင် ဒီနိုင်ငံမှာ အချုပ်အခြာမရှိဘူးလို့ သတ်မှတ်လို့ရပါတယ်” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။
ထိုဒေသတွင်နေထိုင်သည့် မွတ်ဆလင်များမှာ တစ်ဖက်နိုင်ငံမှာ ဝင်ရောက်လာသူများ ဖြစ်သလို လက်ရှိ ARSA အဖွဲ့သည်လည်း တခြားသောနိုင်ငံသားများက ဦးဆောင်ပြီး ဖွဲ့ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု သူက သတ်မှတ်ကာ ”အရှေ့အလယ်ပိုင်းက အကြမ်းဖက်သမားတွေ ဒီမြန်မာထဲမှာ အဖွဲ့တစ်ဖွဲ့ထောင်ပြီးတော့ ကျွန်တော်တို့အစိုးရနဲ့ဆွေးနွေးရင် ကျွန်တော်တို့ အစိုးရလောက် မိုက်မဲတဲ့သူလည်း ရှိမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။
တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ တည်ထောင်သူ ဦးစိုးမြင့်အောင်ကတော့ ARSA အဖွဲ့အနေဖြင့် သူတို့ကိုယ်သူတို့ အကြမ်းဖက်အဖွဲ့မဟုတ်ဟု သတ်မှတ်၍မရနိုင်သလို အစိုးရတာဝန်ရှိသူများဘက်မှလည်း ထိုအဖွဲ့၏ အကြမ်းဖက်လုပ်ဆောင်ချက်များကို သက်သေအထောက်အထား အသေအချာပြရန်လိုအပ်သည်ဟု ဆိုပါသည်။
Photo – M Mrunt မောင်တောမြို့ပေါ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲဝန်ထမ်းတစ်ဦး
သူက ဆက်လက်ပြီး ” နောက်ဆုံးမှာ သူတို့လုပ်ရပ်က သက်သေခံမှာပဲ။ အချက်အလက်တွေက အဖြေပေးသွားမှာပဲ”
ထို့အပြင် ယခုအကြမ်းဖက်မှုဖြစ်စဉ်ကို ကိုင်တွယ်သည့်အခါ အစိုးရနှင့်တပ်မတော်အနေဖြင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သလို တပ်မတော်အနေဖြင့်လည်း ARSA အဖွဲ့ကို ချေမှုန်းသည့်အခါ အင်အား အဆမတန်အသုံးပြုနေသည်ဆိုသည့်သံသယများကိုချေဖျက်ရန်လိုအပ်သည်ဟု ၎င်းက သုံးသပ်သည်။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးကတော့ ထိုကဲ့သို့ အကြမ်းဖက်အဖွဲ့မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းသည် နောက်ထပ် လူသစ်စုဆောင်းခြင်း၊ လက်နက်စုဆောင်းခြင်းများအတွက် အချိန်ယူနေခြင်းသာ ဖြစ်နိုင်သည်ဟု သုံးသပ်သည်။
လက်ရှိ ဘင်္ဂါလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးနေသည့် မွတ်ဆလင်များထဲတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသာ တွေ့ရပြီး လူငယ်၊ လူရွယ်များကို အကြမ်းဖက်အဖွဲ့မှ လူသစ်စုဆောင်းနေသည့် အနေအထားဖြစ်သည်ဟု ၎င်းကဆိုသည်။
”နောက်ထပ်လာမယ့် တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေမှာ ဒီထက်ကောင်းတဲ့လက်နက်တွေကို သုံးလာကြလိမ့်မယ်လို့ သုံးသပ်မိတယ်”ဟု ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်သည်။
အစိုးရလုပ်ဆောင်ချက်
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်လည်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို သူ့လက်ထက်တွင် ဖြေရှင်းပေးနိုင်ခြင်း မရှိသောကြောင့် နောက်တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့်အစိုးရက ထိုအမွေကို ဆက်ခံခဲ့သည်။
NLDအစိုးရသစ် တက်လာပြီး ခြောက်လအကြာတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သော်လည်း အပြီးသတ် အစီရင်ခံစာထုတ်ပြန်ပြီး ၂၄ နာရီ မပြည့်ခင်မှာပင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ အစိုးရအတွက် စိန်ခေါ်မှုအသစ်များ ရှိလာခဲ့သည်။
လက်ရှိအချိန်တွင် အကြမ်းဖက်မှုဖြစ်ပေါ်နေသည့်နေရာဒေသများကို နိုင်ငံတော်သမ္မတက စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပေးထားပြီး တပ်မတော်သားနှင့်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလျက် ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ် ပဋိပက္ခသည် မြန်မာနိုင်ငံ၏အဓိက အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အကြမ်းသမားများနှင့် အပြစ်မဲ့သူများ ရောထွေးနေသောကြောင့် ထိုနှစ်ခုကို ခွဲခြားရန် အခက်အခဲများရှိနေသော်လည်း အပြစ်မဲ့ပြည်သူလူထု အားလုံးကို ဥပေ ဒနှင့်အညီ ကာကွယ်ပေးသွားမည်ဟု အိန္ဒိယအခြေစိုက် Asia News International –ANIသတင်းဌာနကို ပြောဆိုထားသည်။
Photo – Hla Htay မောင်တောမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြသည့် ဟိန္ဒူမိသားစုဝင်များ
စက်တင်ဘာ ၇ ရက်က နေပြည်တော်တွင် လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်မှုဖြစ်ပွားသည့် ဒေသတွင် ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံသည့်နေရာသို့ပြောင်းရွှေ့ပေးခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးလာသူများကို အကူအညီများပေးခြင်းများကို ဆောင်ရွက်နေသည်ဟု ပြောဆိုသွားသည်။
အစွန်းရောက်အကြမ်းဖက်သမားများနှင့် အဆက်အဆံမလုပ်ကြသည့် မွတ်ဆလင်ကျေးရွာများကလည်း အစိုးရဌာနဆိုင်ရာများကို ဆက်သွယ်လာသည်များရှိသလို အကြမ်းဖက်သမားများနှင့် မပူးပေါင်းလိုသည့် မွတ်ဆလင်ရွာသားများကိုလည်း ဝိုင်းဝန်းကူညီပေးရန်ရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့သည်။
ရေတို၊ရေရှည် ဘာတွေလုပ်မလဲ
အကြမ်းဖက်မှုများဖြစ်ပွားခြင်းကြောင့် အုပ်ချုပ်ရေးစနစ် ပျက်သွားပြားသွားခဲ့သည့်မောင်တောဒေသကို အုပ်ချုပ်ရေးစနစ်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောလျင်စွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
ထို့ပြင်နယ်စပ်တစ်လျှောက်တွင် လုံခြုံရေး အပြည့်အဝချထားပေးခြင်း၊ နယ်စပ်ခြံစည်းရိုးကို ခိုင်ခိုင်ခံ့ခံ့ကာရံခြင်းများကို ဆောင်ရွက်သင့်ပြီး အေးချမ်းစွာ နေထိုင်လိုသော မွတ်ဆလင်များကိုလည်း တရားဥပဒေစိုးမိုးမှုအောက်တွင်ထားသင့်သည်ဟု ပြောဆိုကြသည်။
”အဲဒီလို မလုပ်နိုင်ဘူးဆိုရင် အကြမ်းဖက်သမားတွေနောက်ကို ပါသွားမယ်။ အဲဒီလိုဆိုရင် အကြမ်းဖက်သမား ပိုများလာမှာဖြစ်တယ်” ဟု ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်၏အစီရင်ခံစာထဲမှ တချို့သော အကြံပြုချက်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခြားသော အချက်များကိုတော့ အချိန်ယူပြီးမှ ဆောင်ရွက်သွားရမည်ဟု အိန္ဒိယအခြေစိုက် ANI သတင်းဌာနကို ပြောဆိုထားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတမှ စက်တင်ဘာ ၁၂ ရက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုအား ပူးတွဲဥက္ကဋ္ဌ အဖြစ်လည်းကောင်းဦးဆောင်စေကာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။
ကိုဖီအာနန်ကော်မရှင်၏အစီရင်ခံစာတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ၁၉၈၂ ဥပဒေအညီဆောင်ရွက်ရန် အကြံပြုထားသော်လည်း ထိုဥပဒေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်ဟု ဆက်လက်အကြံပြုထားသည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် မွေးဖွားသည့်ကလေးငယ်များကိုလည်း နိုင်ငံမဲ့ ဖြစ်မသွားစေရန် ကြိုးပမ်းသင့်သည်ဟုလည်း ဖော်ပြထားသည်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်းသာ နိုင်ငံသားစိစစ်မှုကို ပြုလုပ်သင့်ပြီး ကိုဖီအာနန်အစီရင်ခံစာတွင် အကြံပြုထားသည့် နိုင်ငံအတွင်း၌ မွေးဖွားသည့် ကလေးငယ်တိုင်းကိုလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဆိုသည်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံတချို့တွင်သာ ရှိပြီး အာဆီယံနိုင်ငံများတွင် ထိုကဲ့သို့ အခွင့်အရေးပေးသည့်နိုင်ငံ မရှိသေးဟု ဆိုသည်။
”နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝ ခံစားခွင့်ပေးရမယ်။ တိုင်းရင်းသားတွေလည်း နိုင်ငံသားလျှောက်ရင် သက်သေအထောက်အထားတော့ ပြရတာပဲ။ သူ့နိုင်ငံအလိုက် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ သက်သေအထောက်အထား မပြဘဲနဲ့ နိုင်ငံသားကတ်ထုတ်ပေးတဲ့ နိုင်ငံမရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။
Photo – Hla Htay မောင်တောဒေသရှိ ကတ္တရာလမ်းပေါ်ထောင်ထားသည့် မိုင်းကို ရှင်းလင်းခဲ့သည့်နေရာ
ထို့အပြင် အစိုးရအနေဖြင့် ရခိုင်ဘက်မှ အများလက်ခံထားသောခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် လိုအပ်သလို မွတ်ဆလင်များဘက်မှ အလယ်အလတ်ကျသည့်ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရန် လိုအပ်သည်ဟု သူက ဆက်လက်ပြောသည်။
ဦးမင်းကိုနိုင်ကလည်း ရခိုင်ဒေသတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများမှာ ဘာသာရေးလူမျိုးရေး ပြဿနာမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည့် လူဝင်မှုပြဿနာနှင့် အကြမ်းဖက်မှုပြဿနာကို ခံနေရခြင်းသာ ဖြစ်သည်ဟုဆိုသည်။
သူက ဆက်လက်ပြီး ”ကမ္ဘာ့ပထဝီနိုင်ငံရေးတစ်ခုလုံးနဲ့ ကြည့်ရင်းလည်း ကျွန်တော်တို့နိုင်ငံက သိပ်ပြီးအရေးကြီးတဲ့နေရာ၊ အရေးကြီးတဲ့အချိန် ရောက်နေတယ်။ အဲဒါကို မြန်မြန်ဆန်ဆန်နဲ့ စုပြီး ကာကွယ်ဖို့လိုတယ်”ဟု သုံးသပ်သည်။
ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် NLD အစိုးရသည် နိုင်ငံတကာဖိအားအောက်ရောက်နေသည်ဟု ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်နိုင်ငံသား ဒေါက်တာဂျက်ပီလိုက်ဒါက သုံးသပ်ပြီး အခုလိုအကြံပြုသည်။
”အစိုးရရယ်၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေဟာ ရခိုင်ပြည်နယ်အတွက် မူဝါဒတွေ၊ ဦးစားပေးလုပ်စရာတွေမှာ သဘောထားကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့လက်ရှိအခြေအနေမှာ အဲဒီကွဲလွဲမှုတွေကို ခဏလောက်မေ့ထားလိုက်ပြီး ပြင်ပကမ္ဘာကို ညှိနှိုင်းပူးပေါင်းတုံ့ပြန်တာ အလွန်အကျိုးရှိပါလိမ့်မယ်”
၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။