ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
မနက်ခင်းမိုးဖွဲဖွဲအောက်၊ ထီးတစ်ဖက်၊ လက်ပွေ့အိတ်တစ်ဖက်နှင့် မစုမွန် လမ်းကျဉ်းလေးတစ်ခု အတွင်း လမ်း လျှောက်သွားနေစဉ် သူ့တင်ပါးကို နောက်ဘက်မှ တစ်စုံတစ်ယောက်က ဖျတ်ခနဲ လှမ်းရိုက်တာခံလိုက် ရသည်။ လှည့်ကြည့်လိုက်တော့ စက်ဘီးစီးလာသည့် အသက် ၂၅ နှစ်ဝန်းကျင် မိမိနှင့် ရွယ်တူ အမျိုးသား ဖြစ်နေသည်။
သူသည် ရှက်လည်းရှက်၊ ဒေါသ လည်း ထွက်၊ နောက်မှ အသိဝင်လာပြီး အမြန်နင်းပြေးသွားသည့် ထိုစက်ဘီး နောက် ပြေးလိုက်မိသည်။ သို့သော် သူ မအော်ဝံ့။ စက်ဘီးက လမ်းချိုးတစ်ခုသို့ ကွေ့ဝင်သွားသည်။ အဲသည့်နေ့က မစုမွန် တီရှပ်နှင့် ဂျင်းဘောင်းဘီအရှည်ကို လုံလုံ ခြုံခြုံပင်ဝတ်ထားခဲ့သည်။ ထိုနေ့မှစ၍ မစုမွန်သည် ပတ်ဝန်းကျင်ကို သတိထား ပြီးသွားလာခဲ့သည်။ သို့သော် နှစ်လ အကြာတွင် ထိုနေရာ၌ပင် နှောင့်ယှက်မှု တစ်ခု ထပ်ကြုံရပြန်သည်။
စက်ဘီးစီးလူတစ်ယောက် သူ့ဘေး ကကျော်ဖြတ်သွားပြီး သူ့ရှေ့မလှမ်း မကမ်းလမ်းဘေး၌ စက်ဘီးကို ဒေါက် ထောက်လျက် သူ့ဘက်မျက်နှာမူ ရပ် နေသည်။ ထိုသူသည် ပိန်ပိန်ပါးပါး၊ တီရှပ် နှင့် ပုဆိုးဝတ်ထားပြီး အသက် ၂ဝ ခန့်သာ ရှိဦးမည်။ အိမ်လိပ်စာ ရှာနေပုံရသည်ဟု သူထင်ခဲ့သည်။
လူချင်းသိပ်မကွာတော့သည့် နေ ရာအရောက် ပုဆိုးကို ဆွဲလှန်လိုက်ပြီး သူ့၏လိင်အင်္ဂါကို လက်နှင့်ကိုင်တွယ်ပြ တော့သည်။ ”အစ်မ သူ့ကို ပြောဖို့နေနေ သာသာ သူ့ကိုထပ်ပြီးလှည့်မကြည့် ရဲဘူး လေ။ ရုံးပဲ အမြန်ပြေးလာခဲ့မိတယ်” ဟု မစုမွန်က ဒုတိယအကြိမ် အဖြစ်အပျက်ကို ပြောပြသည်။
မစုမွန်ရဲမတိုင်ဖြစ်၊ ရှက်တာလည်း ပါသလို သူ့အရင် နှောင့်ယှက်ခံရဖူးသော သူငယ်ချင်းတစ်ယောက် အတွေ့အကြုံကို သိထား၍လည်းဖြစ်သည်။ သူ့သူငယ်ချင်း တုန်းက အနားကပ်ပြီး ညစ်ညမ်းစကား များပြောသွားခြင်းဖြစ်သည်။ ထိုစဉ်က ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားရာ ထိုသူ ကို သိပါသလားဆိုသည့်အချက်နှင့် အမှု ဖွင့်၊ မဖွင့်ကို ရဲစခန်းက မေးမြန်းကြောင်း သူက ပြန်ပြောပြသည်။
နောက်တစ်ကြိမ်ဖြစ်ရင် ဘယ်သူ ဘယ်ဝါသေချာမှတ်ထားရန် ရဲစခန်းက မှာကြားခဲ့ပြီး အမှုကတော့ အလုပ်ရှုပ် မည်စိုး၍ မဖွင့်ခဲ့သော်လည်း ဤနေရာ တွင် ယခုလိုနှောင့်ယှက်မှုများရှိနေသည့်အပေါ်သက်ဆိုင်ရာမှ တာဝန်ယူကာ လုံခြုံရေးအတွက် တစ်စုံတစ်ရာ လုပ် ဆောင်ပေးလိုခြင်းဖြစ်ကြောင်း မစုမွန်၏သူ ငယ်ချင်းက ပြောသည်။
၁၉၉၇ တွင် မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား မှုပပျောက်ရေး သဘောတူစာချုပ် (Convention on the elimination of all forms of discrimination against women – CEDAW) ခေါ် စီဒေါအဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း ယနေ့ထက်တိုင် အမျိုး သမီးများအပေါ် အကြမ်းဖက်မှုများအား ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း မရှိ သေးကြောင်း အမျိုးသမီးအရေးလှုပ်ရှား ဆောင်ရွက်နေသူများက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၁ မှ စ၍ မုဒိမ်းမှုဖြစ်ပွားနှုန်းများ နှစ်စဉ် မြင့်တက် လာနေပြီး အသက်မပြည့်သေးသည့် မိန်း ကလေးငယ်များကို အဓမ္မပြုကျင့်မှုများ လည်း မကြာခဏဖြစ်ပွားနေရာ နိုင်ငံ တော်အဆင့် ထိရောက်သော အကာ အကွယ်များ မပေးနိုင်ပါက အမျိုးသမီး များ၏ ဘဝအခြေအနေမှာ လုံခြုံမှုကင်းမဲ့ ကာ အကြမ်းဖက်မှုဒဏ်များ ဆက်ခံနေ ရဦးမည်ဟု ကျား၊ မ တန်းတူ ရေးကွန်ရက် မှ ဒေါ်မေစံပယ်ဖြူက ပြောသည်။
စီဒေါအဖွဲ့ဝင်နိုင်ငံများသည် အမျိုး သမီးများအပေါ် ခွဲခြားဖိနှိပ်မှု၊ အကြမ်း ဖက်မှုများ ကာကွယ်ရန် ဥပဒေ၊ မူဝါဒများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရ မည်ဖြစ်သော်လည်း မြန်မာနိုင်ငံသည် အဖွဲ့ဝင်ဖြစ်ပြီး ၁၆ နှစ်အကြာ ၂ဝ၁၃ မှ သာ ‘အမျိုးသမီးများအပေါ် အကြမ်းဖက် မှုတားဆီးကာကွယ်ရေးဥပဒေ’ ကို မူကြမ်းအဆင့် စရေးနိုင်ခဲ့သည်။ သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သော အစိုးရ လက်ထက် ရောက်သည့်တိုင် မူကြမ်း အဆင့်တွင်သာ ဆက်ရှိနေသည်။
ယင်းဥပဒေတွင် ပြစ်မှုပြစ်ဒဏ်များ အပြင် တရားမကုစားရေးနှင့် ဘဝ ပြန် လည်ထူထောင်ရေးတို့ အသေးစိတ်ရေး ဆွဲထားရာ အတည်ပြုပြဋ္ဌာန်းနိုင်မည် ဆိုပါက အမျိုးသမီးများ အကြမ်းဖက်ခံ ရမှုကို ထိရောက်စွာကာကွယ် ကုစားပေး နိုင်မည်ဟု ယင်းဥပဒေမူကြမ်းရေးဆွဲရာ တွင်ပါဝင်ခဲ့သော အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ဆိုကြသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမျုား
အမျိုးသမီးများအပေါ် အကြမ်းဖက် မှုဟုဆိုလျှင် စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟူ၍ အမျိုး အစား သုံးရပ်ရှိကြောင်း အမျိုးသမီးများ နှင့် ကလေးသူငယ် အမှုအခင်းများတွင် အခမဲ့အကူအညီပေးနေသည့် ဥပဒေရေး ရာကုစားရေးအဖွဲ့ (မြန်မာ) (Legal Clinic Myanmar) ၏ မန္တလးရုံး တာ ဝန်ခံ ရှေ့နေဒေါ်အေးသန္တာကရှင်းပြသည်။
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တွင် နှုတ်အားဖြင့် ကာယိန္ဒြေထိခိုက် အောင် ပြုမူပြောဆိုခြင်း၊ ကာယိန္ဒြေပျက် စီးစေရန် လက်ရောက်မှုကျူးလွန်ခြင်း (ဥပမာ-အမျိုးသမီးတစ်ဦးအား ဘတ်စ် ကားပေါ်တွင် မဖွယ်မရာပြုလုပ်ခြင်း)နှင့် အသရေဖျက်ခြင်းတို့ ပါဝင်သည်။ ရုပ် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် အပြင်းအထန်နာကျင်စေခြင်း၊ အရှက် တကွဲအကျိုးနည်းဖြစ်စေရန်လက်ရောက် မှု၊ အနိုင်အထက်ပြုမှုတို့ ပါဝင်သည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များတွင်မူ ကာမလိမ်လည် ရယူမှု (ဥပမာ-လက်ထပ်မည်ဟုဆိုကာ ကာမကိုရယူပြီး လက် မထပ်ခြင်း)၊ မုဒိမ်းမှု၊ ကာမပွဲစား အဖြစ် အရွယ်မရောက်သေးသူများကို ရောင်းဝယ်ဖောက်ကားမှု၊ တရားဝင်ထိမ်း မြားကြောင်း ယုံကြည်စေ၍ (ဥပမာ-တရားသူကြီးရှေ့မှောက်တွင် တရားဝင် လက်မှတ်ရေးထိုး၍ လက်ထပ်ခြင်းမဟုတ် ဘဲ အဖြစ်သဘော လက်ထပ်ပြီး ရက်ပိုင်း မျှသာအတူနေခြင်း) သွေးဆောင် ကာမ စပ်ယှက်ခြင်းနှင့် ယခင် ထိမ်းမြားခြင်းကို ထိမ်ချန်မှုတို့ ပါဝင်ကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့မှ ထုတ်ဝေသည့် အသိ ပညာပေးလက်စွဲစာအုပ်တွင် ဖော်ပြ ထားသည်။
တရားဝင်လင်ယောကျ်ားပင် ဖြစ် စေကာမူ ဇနီးမယားက သဘောမတူဘဲ အတင်းအဓမ္မပြုကျင်လျှင် အိမ်တွင်း အကြမ်းဖက်မှုအဖြစ် သက်ရောက်ပြီး မုဒိမ်းမှုဖြင့် အကျုံးဝင်သည်ဟု ဒေါ်အေး သန္တာက ရှင်းပြသည်။
Legal Clinic Myanmar မန္တလေးရုံးခွဲသို့ ယခုနှစ် ဇန်နဝါရီမှ နိုဝင် ဘာအထိ တိုင်ကြားလာသော အမျိုးသမီး များ အကြမ်းဖက်ခံရမှု ၁၇ဝ ကျော်ရှိခဲ့ပြီး အမှုပေါင်း ၄ဝ ကျော်က တရားရုံးသို့ ရောက်ရှိခဲ့သည်။ တချို့အမှုများမှာ စေ့ စပ်ညှိနှိုင်းပေး၍ ပြေလည်သွားခြင်း၊ အိမ် ထောင်ဖက်များ ဆိုပါကလည်း အမှုဖွင့် တရားစွဲခြင်းမျိုးမလုပ်ဘဲ ကွာရှင်းရုံဖြင့် ကျေအေးလိုက်ခြင်း၊ အချို့မှာလည်း တစ် ကြိမ်သာတိုင်ကြားပြီး ရုံးသို့ ထပ်မံ ရောက်မလာတော့ခြင်းတို့ ရှိသည်။
အကူအညီ တောင်းခံလာသော အမှုအခင်းအများစုမှာလည်း မုဒိမ်းမှု၊ ကာမလိမ်လည်ရယူမှု၊ တစ်လင် တစ် မယားစနစ် ချိုးဖောက်မှု၊ ကာယိန္ဒြေထိ ခိုက်စေမှု၊ အသရေဖျက်မှုနှင့် အိမ်တွင်း အကြမ်းဖက်မှုများဖြစ်ကြောင်း ရှေ့နေ ဒေါ်အေးသန္တာက ပြောကြားသည်။
တောင်ဒဂုံဂိတ်ဟောင်းဈေးမှ ဈေးဝယ်နေကြသည့် အမျိုးသမီးများ ။ ဓာတ်ပုံ – ကျော်လင်းထွန်း/မော်ကွန်းမဂ္ဂဇင်း
အိမ်တွင်းအကြမ်းဖက်ခံ ဇနီးသည် တစ်ဦး
ယင်းသို့ လာရောက် အကူအညီ တောင်းခံသူများထဲတွင် မန္တလေး၊ အမရ ပူရမြို့နယ်၊ ကြံတန်းရပ်ကွက်နေ အသက် ၃ဝ အရွယ်ရှိ ရက်ကန်းသမ မစန်းစန်းမော် လည်း ပါဝင်သည်။ ယာဉ်နောက်လိုက် အဖြစ်လုပ်ကိုင်သော ခင်ပွန်းဖြစ်သူနှင့် မစန်းစန်းမော်ပေါင်းသင်းနေထိုင်လာ သည်မှာ အိမ်ထောင်သက်ခြောက်နှစ် ကျော်ပြီဖြစ်ကာ သုံးနှစ်အရွယ်သားလေး တစ်ယောက်လည်း ရှိကြသည်။
ယခင်က မိသားစုအပေါ် ငွေကြေး ပြည့်ပြည့်ဝဝ ထောက်ပံ့သလို နွေးထွေး ကြင်နာတတ်သော ခင်ပွန်းသည် ယခုနှစ် ပိုင်းမှာတော့ မိမိအပေါ် ပြုမူဆက်ဆံပုံ များ ပြောင်းလဲလာသည်ဟု မစန်းစန်း မော်က ဆိုသည်။ အရပ်ထဲမှ လူများ တစ် စွန်းတစ်စ သတိပေးခြင်းကို မဟုတ်တန် ရာဟုသာ နှလုံးသွင်းခဲ့သော်လည်း ကိုယ် တိုင် လက်ပူးလက်ကြပ်တွေ့သည့်နေ့မှာ တော့ ခင်ပွန်းသည်တွင် အငယ်အနှောင်း ရှိနေကြောင်း ရင်နင့်စွာဖြင့် လက်ခံလိုက် ရသည်။
ထိုနေ့က အိမ်ကို ညသန်းခေါင် ကျော်သည့်တိုင် ခင်ပွန်းပြန်မလာ၍ သူ သွားလေ့ရှိသော ဘီယာဆိုင်သို့ လိုက်ခဲ့ သည်။ ဆိုင်ထဲရောက်တော့ အမှောင် ကျကျထောင့်တစ်နေရာတွင် ခင်ပွန်းဖြစ် သူကို မိန်းမတစ်ယောက်နှင့်အတူ ပူး ပူးကပ်ကပ်ထိုင်လျက် တယ်လီဖုန်း နား ကြပ်ကို တစ်ယောက်တစ်ဖက်တပ်၍ ပြုံးရယ် ကြည်နူးနေပုံကို မြင်လိုက်ရစဉ် မစန်းစန်းမော်လည်း အော်မိ အော် ရာ အော်ပစ်လိုက်သည်။
ခင်ပွန်းက ထိုသို့အော်ရ ကောင်းလားဟုဆိုပြီး မစန်း စန်းမော်၏အင်္ကျီကို ဆွဲကာ လက်သီးနှင့်ထိုးရန် ရွယ်လိုက် သည်။ သို့သော် ဆိုင်ရှင် ရောက်လာပြီး ဖျန်ဖြေကာ အိမ်သို့ပြန်ကြရန် တောင်းပန် သည်။ ထိုအချိန်တွင် ခင်ပွန်းနှင့် အတူရှိနေသည့် အမျိုးသမီးက တော့ ထွက်ပြေးသွားသည်။
အိမ်ရောက်တော့ ကွာရှင်းပေးဖို့ ခင်ပွန်းက ဆိုလာသည်။ သို့သော် မစန်း စန်းမော်က ရက်ကန်းခတ်ခြင်းဖြင့် တစ် လမှ ကျပ်လေးသောင်းမျှသာ ဝင်ငွေရှိရာ သားဖြစ်သူ ရှေ့ရေးကိုတွေးလျက် ကွာ မပေးနိုင်ဟု ငြင်းဆန်ခဲ့သည်။
”နောက်ပိုင်းမှာ သူက ညတိုင်း ကိုယ်နဲ့လည်း အတူမနေတော့ဘူး၊ ညဆို သူထွက်သွားပြီ”ဟု သူ့တဲအိမ်ကိုလိုက်ပြ ရင်း ယောကျ်ားဖြစ်သူ၏ ပြောင်းလဲလာ သောအမူအကျင့်များကို ပြန်ပြောပြ သည်။ ပြောနေရင်း မျက်ဝန်းမှတစ်ဆင့် ကော့ညွတ်နေသည့် မျက်တောင်ဖျားဆီ တွဲခိုနေသော မျက်ရည်စများကို မစန်း စန်းမော် တဖျတ်ဖျတ် ခတ်ချလိုက်သည်။
လက်ရှိတွင် သူတို့သားအမိနှစ် ယောက်တည်းသာ ကျန်ရစ်ခဲ့သည့် ၁၂ ပေပတ်လည်ခန့် ဓနိမိုးထရံကာ မြေစိုက် တဲအိမ်တွင်း အဆောင်အယောင်ဟူ၍ ခုတင်ကြီးတစ်လုံးနှင့် ကြောင်အိမ်ဗီဒို တစ်လုံးသာရှိသည်။ တဲအတွင်း မြေပြင် ပေါ်တွင်တော့ သူ့ခင်ပွန်း သောက်ခဲ့သော အရက်ပုလင်းနှင့် ဘီယာဘူးခွံများ ပြန့် ကြဲလျက်။
မစန်းစန်းမော်အဖြစ်ကို နေ့စဉ် မြင် တွေ့နေရသည့်မျက်စောင်းထိုးအိမ်မှ အိမ်နီးချင်း မခင်မျိုးအေးက ”ယောကျ်ား က သူ့ကို အမျိုးမျိုးနှိပ်စက်တာ၊ ည ၁၁ နာရီလောက်ကြီး အရက်နဲ့ မြည်းဖို့ သံပရာသီး သွားဝယ်ဆိုလည်း ဟိုဘက်ရွာ အထိ သွားဝယ်ရတယ်” ဟု ပြောပြသည်။
မခင်မျိုးအေးသည် အမရပူရမြို့ နယ်အတွင်းမှ အမျိုးသမီးများအရေး ကူ ညီဆောင်ရွက်သည့် ‘အမရအောင် အမျိုး သမီးအဖွဲ့’ ၏ အတွင်းရေးမှူးဖြစ်ရာ စကား ကတောက်ကဆဖြစ်ရုံနှင့် ပါးရိုက်၊ ခြေဖြင့် ကန်ကျောက်သည့် ဒဏ်များ ခံ နေရသော မစန်းစန်းမော်ဆန္ဒကို မေး မြန်းကြည့်ခဲ့သည်။
အစပိုင်းတော့ ရတန်သလောက် စည်းရုံးချော့မော့ကြည့်ဦးမည်ဟု အားခဲ ထားသည့် မစန်းစန်းမော်လည်း နောက် ဆုံးတွင် ခင်ပွန်းသည်အပေါ် နာကြည်း ချက်များ ပွင့်အန်ထွက်လာပြီး ကွာရှင်းရုံ မျှတင်မဟုတ်ဘဲ တရားဥပဒေအရပါ သူ ၏ ဖောက်ပြန်မှု၊ ရိုက်နှက်နှိပ်စက်မှုများ အတွက် အရေးယူပေးစေလိုလာသည်။
သို့နှင့် အောက်တိုဘာ ၂၁ ရက် တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် အတူမျက်မြင်သက်သေအဖြစ် လိုက်ပါ ပေးမည့်သူ တချို့အား ခေါ်ကာ ခင် ပွန်း သည်နှင့် ဖောက်ပြန်နေသည့် အမျိုးသမီးအိမ်ကို သွားရောက် ပြီး မျက်မြင်အမိ ဖမ်းခဲ့သည်။ ထို့နောက် ရဲစခန်းတွင် အမှု ဖွင့် ပေးရန် တိုင်ကြားခဲ့သည်။
အကြမ်းဖက်ခံ အမျိုးသမီး သရုပ်ဖော်ဆောင်ခြင်း ဖြစ်ပါသည်။ ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
သို့ရာတွင် စခန်းက အမှုကို ချက်ချင်းဖွင့်မပေးခဲ့ ပေ။ ထိုသို့ အမှုဖွင့်မပေးခြင်းမှာ ရဲတပ်ဖွဲ့အနေဖြင့် လင်မယား ကိစ္စများကို အချိန်ခေတ္တပေး၍ စောင့်ကြည့်သည့် သဘော မျိုးဖြစ် ကြောင်း ရှေ့နေဒေါ်အေးသန္တာက ပြော ကြားသည်။
”လင်မယားကိစ္စတွေမှာ အမှုလာ ဖွင့်ကြတယ်။ ပြီးတော့ ခဏနေလည်းကျ ရော သူတို့ချင်းပြန်အဆင်ပြေပြီး အမှုပြန် ပိတ်ပေးခိုင်းတာရှိလို့ စောင့်ကြည့် တာပါ”
မစန်းစန်းမော်မှာ အလုပ်တစ်ဖက်၊ ကလေးဝေယျာဝစ္စတစ်ဖက်နှင့် ရဲစခန်း သို့ အကြိမ်ကြိမ် နေ့စဉ်ရက်ဆက်သွား ရောက်တိုင်ကြားခဲ့ရာ ငါးရက်မြောက် သည့်နေ့ အောက်တိုဘာ ၂၆ ရက် ရောက် မှ တစ်လင်တစ်မယားဥပဒေ၊ ထိခိုက် နာကျင်စေမှုပုဒ်မတို့ဖြင့် ခင်ပွန်းဖြစ်သူကို အမှုဖွင့် ဖမ်းဆီးကာ အမရပူရမြို့နယ် ရဲ စခန်း၌ ချုပ်ထားခဲ့သည်။ လက်ရှိမှာ တော့ ရုံးချိန်းတစ်ကြိမ်ထုတ်ခဲ့ပြီးဖြစ်ကာ တရားရုံးမှ အမိန့်မချမှတ်ရသေးပေ။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု
အမျိုးသမီးနှင့် ကျား၊ မတန်းတူရေး အဖွဲ့အစည်းများထံ လာရောက်တိုင်တန်း သည့် အခြေအနေကို လေ့လာခြင်းအရ နယ်မြို့များနှင့် ကျေးလက်တို့တွင် မုဒိမ်းမှု၊ ကာမလိမ်လည်မှုများ အတွေ့ရများပြီး ရန်ကုန်ကဲ့သို့ လူနေထူထပ်သည့် မြို့ပြ များတွင်မူ အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုများ ပိုမိုဖြစ်ပွားနေသည်ဟု ယင်းအဖွဲ့အစည်း များက ဆိုကြသည်။
ထိုသို့တိုင်ကြားလာသူများအနက် မော်ကွန်းမှ ချဉ်းကပ်ခဲ့သော အမျိုးသမီး အချို့၏ ပြောပြချက်အရ ၎င်းတို့အနေဖြင့် ရဲစခန်း၊ တရားရုံးများသို့ သွားလာဖူးခြင်း မရှိသည့်အပြင် မည်သို့တိုင်ကြားရမည်ကို လည်းမသိခြင်း၊ တိုင်ကြားမှုပြုသော် လည်း ထိရောက်သော အရေးယူမှုများ မရရှိခြင်းတို့ကြောင့် အမျိုးသမီး အကူ အညီပေးရေး အဖွဲ့အစည်းများနှင့် ချိတ် ဆက်ရခြင်း ဖြစ်သည်ဟု ဆိုကြသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အမျိုးသမီးအရေအတွက် မည်မျှနှောင့် ယှက်ခံနေရသည်ဟူသည့် စစ်တမ်းမျိုး အစိုးရရော အရပ်ဘက်အဖွဲ့အစည်းများ ကပါ ကောက်ယူထားနိုင်ခြင်းမရှိ သေးဟု အမျိုးသမီးအခွင့်အရေးများ လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ဆိုသည်။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ အတွက် ရှေ့ပြေးစစ်တမ်းတစ်စောင် စတင် စမ်းသပ်ကောက်ယူနေသူကတော့ မြန်မာအမျိုးသမီးကိုယ်လုံပညာ သင် တန်း၏ ပူးတွဲတည်ထောင်သူ မအေဗယ် လင်းယုယုဆွေ ဖြစ်သည်။
”တစ်ယောက်ယောက်က ရန်ကုန် မှာ Sexual Harassment (လိင်ပိုင်း ဆိုင်ရာနှောင့်ယှက်မှု) တွေ ဘယ်မှာရှိလို့ လဲလို့ ပြောလာရင် ဒီမှာဆိုပြီး ပြလို့ရလာ မယ်” ဟု သူက စာတမ်းကောက်ခံနေရ သည့်အကြောင်းကို ရှင်းပြသည်။ သူက အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာနှောင့် ယှက်ခံရမှုများနှင့်ပတ်သက်ပြီး ယခုနှစ် အောက်တိုဘာမှစတင်ကာ ရန်ကုန်မြို့ တွင် စစ်တမ်းကောက်ယူလျက်ရှိသည်။
မြို့ပြရှိ အများပြည်သူနှင့်ဆိုင် သောနေရာများတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ကြုံခဲ့ရဖူးသူများအနက် အဆိုပါ ကိုယ်လုံပညာသင်တန်းကိုထူ ထောင်ခဲ့သူ မော်ဒယ်မေရှဲလည်း အပါ အဝင်ဖြစ်သည်။ အခြေခံပညာကျောင်းသူ ဘဝတွင် ကျောင်းသွားကျောင်းပြန် မိဘ က အကြိုအပို့ လုပ်ပေးခဲ့သော်လည်း ၁၆ နှစ်အရွယ် ဆယ်တန်းအောင်ပြီးစမှာ တော့ အပြင်ကို တစ်ကိုယ်တည်းသွားလာ ရန် မိဘများက ခွင့်ပြုလိုက်သည်။
ထိုသို့ ခွင့်ပြုလိုက်ချိန်မှာပင် အများ ပြည်သူသုံး ဘတ်စ်ကားများကို အဖော် မပါဘဲ မေရှဲ စစီးခဲ့ပြီး ယင်းဘတ်စ်ကား များပေါ်၌ပင် သုံးကြိမ်ထက်မနည်း လိင် ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကြုံခဲ့ရဖူး သည်။ ထိုစဉ်အချိန်ကတော့ ရှက်ကြောက် စိတ်ဖြင့် ဘာမှမတုံ့ပြန်နိုင်ခဲ့သည့်အပြင် သက်ဆိုင်ရာသို့လည်း မတိုင်ကြားခဲ့ဟု သူက ပြန်ပြောပြသည်။
မိဘများကို ဖွင့်ပြောပြန်လျှင်လည်း နှစ်သိမ့်ဆွေးနွေးခြင်းမပြုဘဲ ကိုယ်အနေ အထိုင်မတတ်၍ ဖြစ်သည်ဟု အပြစ်တင် ဆူပူကြမည်ကိုစိုးရွံ့၍ ပြန်မပြောပြဖြစ်ခဲ့ ပေ။ လွန်ခဲ့သောခုနစ်နှစ်ခန့်က ကြုံတွေ့ ခဲ့ ရသည့် ထိုအပြစ်အပျက်များကပင် မေရှဲ အား မြန်မာ့ရိုးရာလက်ဝှေ့ပညာ သင်ယူ တတ်မြောက်စေရန်နှင့် မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်ရန် တွန်း အားတစ်ရပ် ဖြစ်လာခဲ့သည်။
တိုင်ကြားမှုများ မလုပ်ဖြစ်သလို ရဲ စခန်းသို့ သွားရောက်တိုင်ကြားပါက လည်း ”ပစ္စည်းသက်သေရှိလား၊ လူသက် သေရှိလား၊ ပြီးရင် စာရွက်စာတမ်းကိစ္စ တွေလို ရှည်လျားထွေပြားတဲ့ဟာတွေ ကြောင့် တော်ရုံတန်ရုံအမှုဖွင့်ဖို့ တွန့်ဆုတ် ကြတာမျိုး ရှိတယ်”ဟု မေရှဲက ဆိုသည်။ သားရှင်မိခင်များနှင့် ပတ်သက်၍ လည်း မေရှဲက အခုလို ကြံပြုသေးသည်။
”အမျိုးသမီးဖြစ်တဲ့ မိခင်တွေကိုယ် တိုင်က သားတွေကို မိန်းကလေးဆိုရင် တန်ဖိုးထားလေးစားတတ်အောင် သင် ပေးဖို့ လိုပါတယ်”ဟု သူက ဆိုသည်။
ထို့အပြင် အမျိုးသမီးများကိုယ်တိုင် ကလည်း အကြမ်းဖက်ခံရသည့် အမျိုး သမီးများအပေါ် အပြစ်တင်သည့် အကျင့် ကိုပြောင်းလဲရန်လိုအပ်သည်ဟု မေရှဲ အပါအဝင် အခြားအမျိုးသမီး အရေး ဆောင်ရွက်နေသူများက ဆိုကြသည်။
အမျိုးသမီးငယ်များအား မျိုးဆက် ပွားကျန်းမာရေးနှင့် လိင်ပညာပေး လုပ် ငန်းများဆောင်ရွက်လျက်ရှိသည့် Colorful Girls အဖွဲ့မှ ဒေါ်နန့်သဇင် မင်းက ”ဒီကောင်မက ဒီလိုနေလို့ဖြစ်တာ၊ ဒီလို အဝတ်အစား ဝတ်တာကိုဆိုပြီး အပြစ်တင်ကြတယ်။ ဒီအကျင့်တွေက ပြောင်းလဲသင့်ပါပြီ။ ဒါမှသာ မိန်းကလေး တွေ (အကြမ်းဖက်ခံရပြီဆိုရင်) အချင်း ချင်းဖြစ်စေ၊ မိခင်တွေ၊ အစ်မတွေကိုဖြစ် စေ ဖွင့်ပြောလာမှာပါ”ဟု ဆိုသည်။
ရန်ကုန်မြို့တွင် အောက်တိုဘာ အတွင်းက ကျင်းပခဲ့သည့် မြို့ပြအမျိုး သမီးများဘဝ လုံခြုံရေးဖိုရမ်တစ်ခုတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး Legal Clinic Myanmar ၏ ညွှန် ကြားရေးမှူး ဒေါ်လှလှရီကမူ အမျိုးသမီးများ အကြမ်း ဖက်ခံရပြီဆိုပါက ယာဉ်တစ်စီးနှင့် တစ်စီး တိုက်လျှင် ယာဉ်ထိန်းရဲများ လျင်မြန်စွာ ရောက်လာသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ ချက် ချင်းရောက်လာနိုင်မည့် တိုင်ကြားရေး စနစ်မျိုးရှိရန် လိုအပ်သည်ဟု ပြောကြား ခဲ့သည်။
အဆိုပါဖိုရမ်၌ပင် အကြမ်းဖက်မှု နှင့် ရာဇဝတ်မှုခင်းဆိုင်ရာ သုတေသီ လည်းဖြစ်သည့် အမျိုးသမီးအရေး တက် ကြွလှုပ်ရှားသူ ဒေါ်ခင်မမမျိုးက အကြမ်း ဖက်မှုများအား တွန်းလှန်ရန် အမျိုးသမီး များကိုယ်တိုင်က ရပ်ရွာအဆင့် အစုအဖွဲ့ များ ဖွဲ့စည်း၍ နှစ်သိမ့်ဆွေးနွေး၊ အသိ ပညာပေးမှုများ ပြုလုပ်ရန် လိုအပ်သလို သက်ဆိုင်ရာ အစိုးရဌာနနှင့် ရဲတပ်ဖွဲ့ များ အနေဖြင့် မဟာဗျူဟာ ချမှတ်ရမည်ဖြစ် ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
”အလုပ်က မအားရတဲ့ကြားထဲ သက်သေလိုက်နေရမယ်ဆိုပြီး လျစ်လျူရှု တာမျိုးတွေက အကြမ်းဖက်မှုကို ပိုအား ပေးရာ ရောက်စေတယ်။ ဒါကြောင့် Neighborhood Cohesion (အိမ်နီး ချင်းအဆင့် စုဖွဲ့ရိုင်းပင်းကူညီမှု) လုပ် ဆောင်ဖို့ လိုပါတယ်” ဟု သူက အကြံ ပြုသည်။
သက်ငယ်များအား လိင်အကြမ်းဖက်မှု
မုဒိမ်းမှုများအနက် အမျိုးသမီး ကလေးသူငယ်များအပေါ် လိင်အကြမ်း ဖက်သော မှုခင်းသတင်းများက သတင်း စာ မျက်နှာများတွင် မကြာခဏဆိုသလို တွေ့မြင်လာရသည်။ ရဲတပ်ဖွဲ့မှ စာရင်း များအရ ယခုနှစ် ၁ဝ လတာအတွင်း နိုင်ငံ တစ်ဝန်း မုဒိမ်းမှု ၇၆၁ မှုတွင် သက်ငယ် မုဒိမ်းမှုပေါင်း ၃၈ဝ ကျော်ရှိသည်။ ၎င်း စာရင်းအရတစ်နေ့လျှင် မုဒိမ်းမှုနှစ်မှုနှုန်း ဖြစ်ပွားနေပြီး အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးနှစ်ဦးတွင်တစ်ဦးမှာ ကလေး သူငယ် ဖြစ်နေကြောင်း တွေ့ရှိရသည်။
စီဒေါသဘောတူညီချက်အရ အမျိုးသမီးဟူသောဖွင့်ဆိုချက်တွင် အမျိုး သမီးများ မွေးဖွားချိန်မှ သေဆုံးချိန်အထိ အသက်အရွယ်အပိုင်းအခြားမရွေး အကျုံးဝင်ကြောင်း ဖွင့်ဆိုထားသည်။
မကြာမီထွက်ပေါ်လာဖွယ်ရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတား ဆီးကာကွယ်ရေးဥပဒေမူကြမ်း ရေးဆွဲမှု တွင် ဥပဒေဆိုင်ရာနည်းပညာအကြံပေး အဖြစ်ပါဝင်သည့် Legal Clinic Myanmar မှ ဒေါ်လှလှရီက ”ဥပဒေမူ ကြမ်းမှာတော့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးတွေနဲ့ မသန်စွမ်းအမျိုးသမီး တွေကို မုဒိမ်းကျင့်ရင် အမြင့်ဆုံး ထောင် ဒဏ်တစ်သက်၊ အနိမ့်ဆုံး ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ရမယ်လို့ ရေးဆွဲထားပါ တယ်”ဟု ဆိုသည်။
လက်ရှိတည်ဆဲဥပဒေဖြစ်သော ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရမူ သက်ငယ်မုဒိမ်းမှုများအတွက် ထောင် ဒဏ်နှစ် ၂ဝ က အမြင့်ဆုံးဖြစ်ပြီး ထောင် ဒဏ် ၁ဝ နှစ်နှင့် ငွေဒဏ်များလည်း ချ မှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဥပဒေကြမ်းတွင် သက်ငယ်မုဒိမ်း အမှုများအတွက် ကာကွယ်စောင့်ရှောက် ပေး ရန်နှင့် ဘဝပြန်လည်ထူထောင်ရေးတို့ ပြု လုပ်ပေးရန်ပြဋ္ဌာန်းထားပြီး ရှေ့နေ၊ တရားရေးအရာရှိ၊ ရဲတပ်ဖွဲ့ ဝင်များအား ယင်းဥပဒေအသုံးပြုနည်း လေ့ကျင့် သင် တန်းပေးရေးနှင့် ဥပဒေအား အကောင် အထည်ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရ ဌာနအလိုက် လိုအပ်သော အသုံးစရိတ် များ ရရှိရန်ပါ ထည့်သွင်းရေးဆွဲထားသည်။
”လွှတ်တော်ကရော၊ အစိုးရက ရော ကျွန်မတို့ မူလဆွေးနွေးထားခဲ့စဉ် တုန်းကအတိုင်း ဘာမှမဖြတ်မတောက်ဘဲ ပြဋ္ဌာန်းပေးမယ်ဆိုရင် ဒီဥပဒေဟာ ဒီ အရှေ့တောင်အာရှမှာ အကောင်းဆုံး စံနမူနာပြဥပဒေဖြစ်လာမှာပါ”ဟု ဒေါ်မေ စံပယ်ဖြူက ထပ်လောင်းပြောကြားသည်။
မူကြမ်းရေးဆွဲမှုတွင် သက်ဆိုင်ရာ ဝန်ကြီးဌာများနှင့် တရားလွှတ်တော်ချုပ် ရုံးတို့အပြင် ကုလသမဂ္ဂ ကျား၊ မတန်းတူ ရေးအဖွဲ့လည်းပါဝင်ကာ ပြစ်မှုပြစ်ဒဏ် များအပြင် ဥပဒေကုစားရေးနှင့် ပြန် လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှု များကို အသေးစိတ်ပြဋ္ဌာန်းပေးထား၍ ထိုသို့ စံနမူနာပြ ဥပဒေဖြစ်လာမည်ဟု မှတ်ချက်ပြုခြင်းဖြစ်ကြောင်း ၎င်းက ရှင်း ပြသည်။
ယင်းဥပဒေမူကြမ်းရေးဆွဲမှု၏ လက်ရှိအခြေအနေကို အမျိုးသား လွှတ် တော်တွင် ဖွဲ့စည်းထားသည့် အမျိုးသမီး နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အတွင်းရေးမှူး နော်စူစန်နာ လှလှစိုးအားမေးမြန်းကြည့်ရာ နိုဝင်ဘာ လဆန်းပိုင်းကပင် ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က အသစ်ပြဋ္ဌာန်းသင့်သော ဥပဒေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကာ လက်ရှိတွင် ပြည်ထောင်စုတရားရုံးချုပ် သို့ ရောက်ရှိနေပြီး တရားစီရင်ရေးနှင့် ပတ်သက်သည်များကို လေ့လာစိစစ်နေ ဆဲဟုဆိုသည်။
”အမျိုးသမီးတွေ အကြမ်းဖက်ခံ ရတာ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်တယ်ဆို တာမျိုး (အစိုးရက) သိပ်ပြီးတော့ တွေးမိ ပုံမရဘူး၊ မတွေးမိတော့ အရေးတကြီး ပြဋ္ဌာန်းဖို့ မလိုအပ်ဘူးလို့ ထင်နေလား မသိဘူး”ဟု သူက မှတ်ချက်ပြုသည်။
အကြမ်းဖက်ခံရာမှ လွတ်မြောက်လာသည့် မိန်းကလေးများ ဒေါ်အမာနီအိမ်တွင် အလှပြုပြင်ရေး သင်တန်း တက်နေစဉ် ။ ဓာတ်ပုံ – ကျော်လင်းထွန်း/မော်ကွန်းမဂ္ဂဇင်း
ဥပဒေဗဟုသုတ နည်းပါးခြင်း
မြန်မာနိုင်ငံတွင် ဥပဒေအသစ် များကို ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် တစ် ချိန်တည်းမှာပင် ပြည်သူများအကြားတွင် ဥပဒေဆိုင်ရာ ဗဟုသုတများ နည်းပါးနေ သေးသည့်အချက်ကိုလည်း ရှေ့နေများက ထောက်ပြကြသည်။
အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးအောင်နိုင်စိုးက ”အင်္ဂလိပ်က ထားပေး ခဲ့တဲ့ ဥပဒေတွေထဲမှာ အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေတွေက အများကြီးဗျ။ အသုံးမချနိုင်တာ”ဟု ဆိုသည်။
အထူးသဖြင့် ၁၈၆၁ က ပြဋ္ဌာန်း သော ရာဇသတ်ကြီးဥပဒေနှင့် ၁၈၉၈ က ပြဋ္ဌာန်းသော ရာဇဝတ်ကျင့်ထုံး ဥပဒေတို့ တွင် အမျိုးသမီးများအတွက် ပြဋ္ဌာန်းချက် များစုံလင်စွာပါဝင်သော်လည်း ပြည်သူ များအနေဖြင့် ဥပဒေများနှင့် ပတ်သက်၍ သိရှိနားလည်မှုအားနည်းခြင်းကြောင့် ပြည့်ပြည့်ဝဝ အသုံးမချနိုင်ကြောင်း ၎င်း က ပြောကြားသည်။
သာဓကအနေဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄ ‘မိန်းမတစ်ဦး၏ ကာယိ န္ဒြေပျက်စီးစေရန်အကြံဖြင့် လက်ရောက် မှု ကျူးလွန်ခြင်း၊ သို့မဟုတ် ပြစ်မှုမကင်း သော အနိုင်အထက်ပြုမှု’မှာ ရဲအရေးပိုင် ပုဒ်မဖြစ်သည်။ ဥပမာပြရလျှင် အမျိုး သမီးတစ်ဦးအား ဘတ်စ်ကားပေါ်တွင် မဖွယ်မရာပြုလုပ်ခြင်းမျိုး ဖြစ်သည်။
ယင်းသို့ ဖြစ်ပွားပါက ရဲစခန်းသို့ ချက်ချင်းတိုင်ကြားနိုင်ပြီး ရဲတပ်ဖွဲ့ အနေ ဖြင့်လည်း ဖမ်းဆီးအရေးယူပေးရန် တာ ဝန်ရှိသည်။ ရဲစခန်းနှင့်ဝေးကွာသော နေ ရာမျိုးဖြစ်ပါက အနီးအနားရှိ တွေ့မြင်သူ များက ပြုကျင့်သူအား ဝိုင်းဝန်းဖမ်းဆီး ပြီး ရဲလက်သို့ အပ်နှံခွင့်ရှိသည်အထိ ရာဇ ဝတ်ကျင့်ထုံး ပုဒ်မ ၄ တွင် ပြဋ္ဌာန်းပေး ထားသည်။
သို့ရာတွင် ပုဒ်မ ၃၅၄ နှင့် ဆင်တူ ယိုးမှားရှိသော အခြား ပုဒ်မမှာ ပုဒ်မ ၅ဝ၉ ‘မိန်းမတို့ ကာယိန္ဒြေကို စော်ကားရန် ရည် ရွယ်သောစကား သို့တည်းမဟုတ် ကိုယ် အမူအရာ၊ သို့တည်းမဟုတ် ပြုလုပ်မှု’ဖြစ် ကြောင်း ဦးအောင်နိုင်စိုးက ရှင်းပြသည်။
ထိုသို့တွေ့ကြုံရပြီဆိုလျှင် ရဲစခန်း တွင် တိုင်ကြား၍မရပေ။ ပုဒ်မ ၅ဝ၉ မှာ ရဲ အရေးပိုင် ပြစ်မှုမဟုတ်၍ တရားရုံးသို့သာ ဦးတိုက်လျှောက်ထားရမည်ဟု ပြဋ္ဌာန်း ထားသည်။ အခင်းဖြစ်ပွားရာမှာ အခြား သူတစ်ဦးရှိနေပါကလည်း မျက်မြင် သက် သေအဖြစ်သာ လိုက်ပါကူညီပေးနိုင်ပြီး ဖမ်းဆီးပေးခွင့်မရှိပေ။
ဥပဒေသစ်ပြဋ္ဌာန်းနိုင်လျှင် အမျိုး သမီးများအပေါ် ကာကွယ်စောင့်ရှောက် ရန် ပိုမိုပြည့်စုံလာမည်ဖြစ်သော်လည်း ယင်းသို့ အထူးဥပဒေမထွက်ပေါ်မီအထိ တော့ ဥပဒေဟောင်းများအား သုံးစွဲနေရ ဦးမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက် ပြုသည်။
ပြည်သူများအကြား ဥပဒေရေးရာ များနှင့်ပတ်သက်သည့် အသိအမြင် ကြွယ်ဝစေရန် အခြေခံပညာကျောင်းများ မှ စ၍ လေ့ ကျင့်သင်ကြားပေးသင့်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။
ဒေါ်ခင်မမမျိုးက ”ကျွန်မတို့နိုင်ငံ မှာ အခုချိန်အထိ Criminology (ရာဇ ဝတ်မှုခင်းဗေဒ) ဆိုတဲ့ ပညာရပ် လုံးဝ မရှိ သေးပါဘူး။ ဘယ်ကျောင်းမှာမှ မသင် သေးပါဘူး”ဟု ၎င်းက ဆိုသည်။
ယင်းဘာသာရပ်မှာ လူမှုသိပ္ပံဆိုင် ရာပညာရပ်တစ်ခုဖြစ်ပြီး ရာဇဝတ်မှုပုံစံ အမျိုးမျိုးတို့၏ ဖြစ်ပွားရသည့် အကြောင်း ရင်းနှင့် လူမှုအဖွဲ့အစည်းအပေါ် သက် ရောက်မှုတို့ကို လေ့လာသော ဘာသာရပ် ဖြစ်ပြီး နိုင်ငံတကာတွင် တက္ကသိုလ်အဆင့် အထူးပြုဘာသာရပ်အဖြစ် သင်ယူနိုင် သကဲ့သို့ အချို့နိုင်ငံများတွင် အခြေခံ ပညာအဆင့်သင်ရိုးများ၌ပင် ထည့်သွင်း သင်ကြားပေးလေ့ရှိသည်။
စီဒေါအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများ ကို လေ့လာပါက စီဒေါ သဘောတူညီချက် များ အကောင်အထည်ဖော်ရန် အစိုးရ များက နိုင်ငံရေးမူဝါဒအတွင်း ထည့်သွင်း ရေးဆွဲထားသည်ကို တွေ့ရှိရကြောင်း အမျိုးသမီးအဖွဲ့များကွန်ရက် (WON) ၏ အကြံပေးပညာရှင် ဒေါ်ကြည်ကြည်မော် က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလျှင် ယမန် နှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်မြင့်တက်လာစေရန် မူဝါဒ ချမှတ် လုပ်ဆောင်ခဲ့ရာ ယခုအခါ လွှတ်တော် အတွင်း၌ အမျိုးသမီးကိုယ်စားလှယ် အများအပြား နေရာရလာပြီ ဖြစ်သည်။
”သူတို့ဆိုရင် အစ္စလာမ္မစ်နိုင်ငံ ဖြစ် တဲ့အတွက် တားဆီးကန့်သတ်ချက်တွေ ကျွန်မတို့ထက်များတယ်။ ဒီလို နိုင်ငံမျိုး မှာတောင် အမျိုးသမီးတွေ လွှတ်တော်ထဲ မှာ ပိုပြီးနေရာရအောင် လုပ်ဆောင်နိုင်ခဲ့ ပြီ”ဟု ဒေါ်ကြည်ကြည်မော်ကပြောသည်။
အမျိုးသမီးကိုယ်စားလှယ်များ လွှတ်တော်တွင် နေရာရ လာခြင်းအားဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကာကွယ်ရေးကဲ့သို့သော ဥပဒေရေးဆွဲ ခြင်းများ၊ လျင်မြန်စွာ လုပ်ဆောင်လာနိုင် သည့်အပြင် အခြားအမျိုးသမီးအခွင့် အရေးဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရကို ပိုမိုတောင်းဆိုလာနိုင်မည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်သော်လည်း လက်ရှိ လွှတ်တော် အရပ်ရပ်တွင် အမျိုးသမီးပါဝင်မှုအချိုးက ၁၃ ရာခိုင်နှုန်းသာရှိနေပြီး စီဒေါမှ သတ် မှတ်သော လွှတ်တော်တွင်း အမျိုးသမီး များ ပါဝင်သင့်သည့် အချိုးက ၃ဝ ရာခိုင် နှုန်းဖြစ်ကြောင်း ‘အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးအဖွဲ့ (Women’s Federation for Peace) ၏ စာတမ်းတစ်စောင် တွင် ရေးသားထားသည်။
ဥပဒေဆိုင်ရာ အသိအမြင် ဗဟု သုတနည်းပါးခြင်းအပြင် မော်ကွန်း မဂ္ဂဇင်းမှ ချဉ်းကပ်တွေ့ဆုံခဲ့သည့် အကြမ်း ဖက်မှုခံရသော အမျိုးသမီးအများစု၏ စိုး ရိမ်ပူပန်မှုများတွင် ခိုလှုံရာကင်းမဲ့နေ သည့်အချက်က အဓိကပြဿ နာတစ်ရပ် အဖြစ် တွေ့ရှိရသည်။
ဘဝပြန်လည်ထူထောင်ရေး
မစန်းစန်းမော်အမှုအပါအဝင် အိမ် တွင်းအကြမ်းဖက်မှုများစွာ လိုက်ပါ ဆောင်ရွက်ပေးဖူးသော Legal Clinic Myanmar မှ ရှေ့နေဒေါ်အေးသန္တာက အမျိုးသမီးများတွင် မိမိအပေါ် နှိပ်စက် ညှဉ်းပန်းနေသည့် ခင်ပွန်းကိုအမှုဖွင့်လို သော်လည်း တစ်ကိုယ်ရေမရပ်တည်နိုင်၍ အမှုဖွင့်တိုင်ကြားခြင်းမပြုရန် ဆုံးဖြတ် လိုက်သူများလည်းရှိကြောင်း ဆိုသည်။
ထိုသူများအနက်အမှုဖွင့်တိုင်ကြားသည့်အဆင့်မရောက်ခဲ့သော အိမ်တွင်း အကြမ်းဖက်မှုတစ်ခုက သူ့အတွက် မမေ့ နိုင်စရာဖြစ်ခဲ့သည်။ ယခုနှစ် သြဂုတ်က အိမ်တွင်းအကြမ်းဖက်မှု ဒဏ်ခံနေရ သည့် အမျိုးသမီးတစ်ဦး Legal Clinic ရုံးသို့ ရောက်ရှိလာပြီး ဒေါ်အေးသန္တာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဥပဒေအရဆိုလျှင် တရားဝင် ကွာ ရှင်းပြတ်စဲမှုဖြစ်စေ၊ အမှုဖွင့်တိုင်ကြားမှု ဖြစ်စေလုပ်ဆောင်နိုင်ကြောင်း အကြံပေး ခဲ့သည်။ သို့ရာတွင် ထိုအမျိုးသမီး၏ ခင်ပွန်းမှာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားတတ်သူဖြစ်၍ အိမ်နီးချင်း များက သက်သေမလိုက်ဝံ့ရာ မျက်မြင် သက်သေမရှိပေ။ ထို့ကြောင့် အမှုကို ရုံး တင်ပါက အနိုင်ရရန်အခက်အခဲရှိ လာသည်။
ထို့အပြင် အမျိုးသမီးကိုယ်တိုင်မှာ လည်း အလုပ်အကိုင်နှင့် ဆွေမျိုးကျော ထောက်နောက်ခံမရှိဘဲ လင်ယောက်ျား ကိုသာ မှီခိုနေသူဖြစ်ရာ တစ်ကိုယ်ရေမရပ်တည်နိုင်သောကြောင့် အမှုမဖွင့်ဘဲ လက် လျှော့သွားသည်။ ရက်ပိုင်းအကြာမှာ တော့ ယင်းအမျိုးသမီးသည် ခင်ပွန်းသည်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယခုကဲ့သို့ကိစ္စမျိုးတွင် သတ်ဖြတ်မှု အဆင့်ထိ မရောက်ခင်ကတည်းက ”ကာ ယကံရှင်က ကျေအေးပါတယ်လို့ ပြော လာမယ်ဆိုရင်တောင် ရဲအရေးပိုင်ကိစ္စ ဖြစ်တဲ့အတွက် အစိုးရက တရားစွဲ ဆိုသင့် တယ်”ဟု ဒေါ်အေးသန္တာကပြောသည်။
ထိုအမျိုးသမီးအတွက် လုံခြုံဘေး ကင်းပြီး ဘဝရပ်တည်နိုင်ရေး ပြန်လည် ပြုစုပျိုးထောင်ပေးမည့် ခိုလှုံရာတစ်ခု ကိုတော့ Legal Clinic Myanmar အနေဖြင့် စီစဉ်ပေးနိုင်သည့် အခြေအနေ မရှိကြောင်း၊ ထိုကဲ့သို့ခုံလှုံရာများကို အစိုးရက တည်ထောင်ပေးရန်လိုအပ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အမျိုးသမီး အိမ်တွင်းမှုပညာသင်ကျောင်း တွင် One Stop Service စင်တာ တစ်ခု ကို ယခုနှစ် နိုဝင်ဘာလအတွင်းမှာပင် ဖွင့် လှစ်ခဲ့သည်။
ယင်းစင်တာတွင် ရဲတပ်ဖွဲ့၊ တရား ဥပဒေအရာရှိ၊ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်၊ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် အတူ အကြမ်းဖက်ခံရသော အမျိုးသမီး များအတွက် လိုအပ်သည့် တရားဥပဒေ ကုစားရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူ ထောင်ရေးတို့ကို တစ်နေရာတည်းတွင် နှစ်သိမ့်ဆွေးနွေးအကူအညီပေးသွားမည် ဖြစ်ကြောင်း အမျိုးသမီးရေးရာ အဖွဲ့ချုပ် (ရန်ကုန်တိုင်းဒေသကြီး) အတွင်းရေးမှူး ဒေါ်စောခင်မာဝင်းက ပြောကြားသည်။
အိမ်တွင်းအကြမ်းဖက်ခံရခြင်းမျိုးဆိုလျှင် အကြမ်းဖက်သူရော အကြမ်းဖက် ခံရသည့်အမျိုးသမီးကိုပါခေါ်ယူ၍ တွေ့ဆုံ မေးမြန်းပြီး နှစ်သိမ့်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကာ ကာယကံရှင် ၏သဘောဆန္ဒအတိုင်း အမှုဖွင့် အရေးယူ လို က တရားရေးအတွက်ကူညီပေးမည်ဟု ၎င်းက ပြောသည်။
ယင်းစင်တာအနေဖြင့် လူဦးရေ ကန့်သတ်မထားဘဲ လာရောက်အကူ အညီတောင်းခံသော အကြမ်းဖက်ခံရ သည့် အမျိုးသမီးအားလုံးကို လက်ခံသွား မည်ဖြစ်ကာ ”သူတို့ရဲ့ ဘဝပြန်လည် ရပ် တည်ရေးအတွက်လည်း အိမ်တွင်းမှု အသက်မွေးသင်တန်းတွေ သင်ကြားပေး မယ့်အပြင် စီးပွားရေးလုပ်ဖို့ အရင်းအနှီး လိုအပ်ရင် အသေးစားချေးငွေထုတ်ချေးပေးတာမျိုးတွေ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ထိုကဲ့သို့ စင်တာများ ချဲ့ထွင်ဖွင့် လှစ်သွားနိုင်ရန်မှာမူ အချိန်ယူရဦးမည် ဖြစ်ကာ ဘတ်ဂျက်နှင့် ဝန်ထမ်းအင်အား လိုအပ်ချက်များရှိနေကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဦးစိုးအောင်က ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက် မှုကို တားဆီးကာကွယ် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိများနှင့် အမျိုးသမီးရေးရာ စသည့် ”အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့လိုပါတယ်”ဟု ၎င်းက သုံးသပ်ပြော ကြားသည်။
ယမန်နှစ်က မန္တလေးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော မိသားစုနှင့် အဆက် အသွယ်ဖြတ်တောက်၍ အမျိုးမျိုးနှိပ်စက် ညှဉ်းပန်းကာ ပိတ်လှောင်ခံခဲ့ရသည့် ပန်ဒိုရာအဆီချဆိုင်ဝန်ထမ်း မိန်းကလေး ငယ်ရှစ်ဦးအမှုတွင် သက်ဆိုင်ရာ၏ ကူညီ ပံ့ပိုးမှုအားနည်းခဲ့သည်ဟု ၎င်းတို့အား လွတ်မြောက်အောင်ကူညီခဲ့သူ ဒေါ်အမာ နီက ပြောသည်။ အဆိုပါ မိန်းကလေးများ ၏ လုံခြုံရေးကိုစိုးရိမ်၍ အမှုမပြီးပြတ် မချင်း သူ့အိမ်တွင်သာ ဆက်ထားခဲ့သည်။
အမှုပြီးသွားသည့်အခါတွင် သူတို့ ဘဝရပ်တည်ရေးအတွက် လက်ရှိတွင် သူတို့ဝါသနာပါသည့်အလှပြင်သင်တန်းကို ဆရာမခေါ်ကာ အိမ်တွင် သင်ကြားပေး လျက်ရှိသည်ဟု သူက ဆိုသည်။
”ဒီအပေါ်မှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ဌာနဆိုင်ရာကမှလာပြီး ကူညီပံ့ပိုး ပေးတာမျိုးမရှိပါဘူး”ဟု အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်လာသူ ဒေါ်အမာနီက ပြောသည်။
ထိုအမှုမှ ကိုယ်ရောစိတ်ပါ ထိခိုက် နာကျင်ခဲ့သော မဇာလီဝင်းတို့လို အကြမ်း ဖက်ခံရသည့်အမျိုးသမီးများ၏ ဘဝပြန် လည်ထူထောင်ရေးကိစ္စရပ်များကို အသေး စိတ်ရေးဆွဲထားသည့် ဥပဒေမူကြမ်းအား အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်းရန် ကျား၊ မ တန်းတူရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူက တိုက်တွန်းပြီး ယခုလိုမှတ်ချက်ပြုလိုက်သည်။
”ဒီဥပဒေပြဋ္ဌာန်းဖို့ နှောင့်နှေးကြန့် ကြာနေဦးမယ်ဆိုရင်တော့ အမျိုးသမီး အားလုံးရဲ့ဘဝဟာ မလုံခြုံမှု၊ အကြမ်းဖက် မှုတွေ ဆက်ပြီး ခံစားနေရဦးမှာပါပဲ” ။ ။
၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
ကျော်လင်းထွန်း ရေးသည်။