ကျော်ဇေယျ
ဒီဇင်ဘာ-၂
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အစိုးရနဲ့တပ်မတော်ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာဟာ ဒီကိစ္စအပေါ် အစိုးရက တာဝန်ယူ၊ တာဝန်ခံတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဗိုလ်ချုပ် ကြီး ယွက်စစ်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ဒီနေ့ကစပြီး ဒီဇင်ဘာ ၄ရက်နေ့အထိ ကျင်းပမယ့် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၆/၂၀၁၉) အဖွင့်မိန့်ခွန်းမှာ သူကထည့်သွင်းပြောခဲ့တာပါ။
“ တစ်ဖက်က သက်သေအထောက်အထားခိုင်လုံမှု ဘယ်လောက်အထိရှိတယ်ဆိုတာလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်” လို့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
ဒါ့အပြင် “ ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံ တိုင်းရင်းသား ပြည်သူတွေက နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတာတွေကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြင့် ကုစားပေးရမှာ ဖြစ်ပါတယ်” လို့လည်း အဖွင့်မိန့်ခွန်းမှာ သူက ပြောခဲ့ပါတယ်။
ယနေ့ စတင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေးမှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနိူင်း အစည်းအဝေး( JICM ) ကျင်းပနိုင်ရေး၊ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ လုပ်ငန်းလမ်းညွှန်တွေကို ဆွေးနွေးမှာဖြစ်သလို ပြည်ထောင်စုနဲ့ ကမ္ဘာ့အရေး အရာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အစ္စလာမ်မစ်နိုင်ငံများ(OIC)ကိုယ်စား အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ကာ ဥရောပတိုက်၊ နယ်သာလန်နိုင်ငံ၊ သွားရောက်ရှင်းလင်းကြမှာ ဖြစ်ပါတယ်။
#mawkun #magazine #chronicle #dailynews