အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၇ (မော်ကွန်း)
အိမ်တွင်နေထိုင်ခြင်း(Stay at Home) အစီအစဉ်ကို တင်းကျပ်နိုင်မှသာ Covid – 19 ရောဂါပိုးကို ဟန့်တားနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာချစ်ကိုဟန်က ပြောသည်။
Covid – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့်စပ်လျဉ်း၍ ယနေ့ နံနက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင် ဒေါက်တာချစ်ကိုဟန်က ပြောခြင်းဖြစ်သည်။
ဒေါက်တာချစ်ကိုဟန်က “Stay Home ကာလကို နှစ်ပတ်၊ သုံးပတ်လောက် တင်းတင်းကျပ်ကျပ် ဆောင်ရွက်လိုက်မယ်၊ မလိုအပ်တဲ့ လုပ်ငန်းတွေကို မလုပ်ဘူး၊ အိမ်တွင်းမှာ တိတိကျကျ နေလိုက်ကြမယ်ဆိုရင် ရှေ့ကပြေးနေတဲ့ ရောဂါကို ကျွန်တော်တို့က ဟန့်နိုင်မှာပါ” ဟု ဆိုသည်။
ထို့အပြင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် Quarantine Center များကို ၂၁ ရက်မှ ၁၄ ရက်သို့ လျှော့ချပေးနိုင်မည်ဆိုပါက ရန်ကုန်တွင် ရောဂါကို ထိန်းချုပ်နိုင်မည်ဟု ၎င်းက ပြောသည်။
Quarantine Center များကို ရက်လျှော့ချရန် ဆွေးနွေးချက်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေရော Volunteer တွေရော ပိုပြီးတော့ ဒီအခြေအနေကို ကိုင်တွယ်နိုင်မယ်လို့ ကျွန်မတို့ ဒီလိုခန့်မှန်းပြီးတော့ ဒီလိုစဉ်းစားတာပါ၊ အဲဒါကလည်း စိတ်ချရတယ်ဆိုမှ ကျွန်မတို့ လုပ်မှာပါ”ဟု ပြောသည်။
ဒေါက်တာချစ်ကိုဟန်ဆွေးနွေးသွားသည့်အချက်များကိုလည်း ကောက်နုတ်၍ ရန်ကုန်အတွက် လိုအပ်သည့်အချက်များဆိုပြီး သတင်းစာနှင့် ရုပ်မြင်သံကြားတွင် ထိုအချက်များကို သီးသန့်ဖော်ပြပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာချစ်ကိုဟန်နှင့် We Love Yangon မှ ဦးမောင်မောင်အေးတို့ ပါဝင်ဆွေးနွေးခဲ့သည်။
Stay at Home တွင် ပါဝင်သည့် ပုဇွန်တောင်မြို့နယ်ကို အသွားအလာကန့်သတ်ထားသည်ကို တွေ့ရစဉ်
#Dailynews