၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ရန်ကုန် (မေ – ဇူလိုင် ၂ဝ၁၈)
ဗညားကျော်ရေးသည်
Photo – Banyar Kyaw
ကိုမျိုးဆက်တစ်ယောက် သူ ကာလရှည်ကြာ မက်လာခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင် အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချပေးတဲ့ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာနဲ့ ထောက်ခံစာတချို့ကို ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ် ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့မတ်အကုန်က တင်ခဲ့လိုက်ပါတယ်။
ကိုမျိုးဆက်ရဲ့ အိပ်မက်က သူ့မိသားစုကို အိုးပိုင်၊ အိမ်ပိုင်နဲ့ သူမအိုခင်မှာ ထားခဲ့ချင်တာပါ။
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရဖို့ မဲနှိုက်ရမှာဖြစ်ပြီး ဘယ်နေ့၊ ဘယ်ရက်မှာ မဲနှိုက်ခွင့် ရမယ်ဆိုတာတော့ တိတိကျကျ သူမသိသေးပါဘူး။ မဲပေါက်မှသာ အိမ်ခန်း ရရှိမှာဖြစ်ပါတယ်။
”ပေါက်ရင်တော့ ကံပေါ့၊ မပေါက်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ”လို့ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရေး မသေချာတဲ့ အဖြစ်ကို ကိုမျိုးဆက်က ပြောပြပါတယ်။
သူဟာ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်း ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ဖော်ဆောင်ပေးခဲ့တဲ့ ဗန္ဓုလ အိမ်ရာမှာ တိုက်ခန်းတစ်ခန်းရဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဝယ်ယူခွင့်လျှောက်လွှာတင်ဖို့ နောက်ကျခဲ့လို့ မရခဲ့ပါဘူး။
အဲဒီအချိန်ကတည်းက တန်ဖိုးနည်းအိမ်ရာတွေ ဝယ်ယူခွင့် ရဖို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (Construction and Housing Development Bank – CHD Bank) မှာ သူက ငွေစုစာအုပ်ပါ လုပ်ဖြစ်ခဲ့ပါတယ်။ သူ့ စိတ်ကူးကတော့ ငွေ စုပြီး ကနဦးပေးချေရမယ့် နှစ်ဆယ်ရာခိုင်နှုန်းပြည့်ရင် အိမ်ဝယ်ဖို့ပါ။ ဒါပေမဲ့ အခုအချိန်ထိတော့ ငွေစုတဲ့ဘက်ကို မရောက်သေးဘူးလို့ ရယ်မောရင်း သူကပြောပြပါတယ်။
လက်ရှိလျှောက်ထားတဲ့ အိမ်ရာဝယ်ခွင့် မဲပေါက်ခဲ့ရင်လည်း သူ့လက်ထဲမှာ ကနဦးပေးသွင်းရမယ့် ကျပ်သိန်း ၂ဝ မရှိ သေးပါဘူး။ သူ့မိဘဆီက ခဏချေးပြီး အိမ်ခန်းဝယ်မှာ ဖြစ်တယ် လို့ သူကဆိုပါတယ်။
ကိုမျိုးဆက်လိုပဲ ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာနေရာ ပိုင်ဆိုင်ရေးအတွက် စိတ်ကူးအိပ်မက် မက်နေကြသူတွေ အများ ကြီးရှိပါတယ်။
ရန်ကုန်မြို့ရဲ့စည်ပင်နယ်နိမိတ်ထဲမှာရှိတဲ့ မြို့နယ် ၃၃ မြို့နယ်မှာ မိသားစု ၄ဝ ရာခိုင်နှုန်းကျော်ဟာ အိမ်ငှားနေထိုင် ကြတယ်လို့ ၂ဝ၁၄ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်မှာ ဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ အိမ်ထောင်စု ၁ဝ စုမှာ လေးစုကျော်ဟာ အိမ်ငှားနေထိုင်ကြသူတွေ ဖြစ်ပါတယ်။
မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးရေးပညာရှင် ဖြစ်သလို အိမ်ရာဖွံ့ဖြိုး ရေးဆောင်းပါးတွေ ရေးသားနေတဲ့ ဦးမြင့်မိုရ်ဆွေက အိမ်ရာရရှိဖို့ ရုန်းကန်နေတဲ့ ဝင်ငွေနည်းပြည်သူတွေ အိမ်ရာပိုင်ဆိုင်ရဖို့ အစိုးရအနေနဲ့ မူဝါဒကောင်းကောင်းတွေနဲ့ အကူအညီပေးဖို့ လို တယ်လို့ ဆိုပါတယ်။
Photo – Banyar Kyaw လှိုင်သာယာမြို့နယ်အတွင်းက ဆောက်လက်စ တန်ဖိုးနည်းအိမ်ရာ
အိမ်ရာလိုအပ်ချက်မြင့်
ကုလသမဂ္ဂလူဦးရေဆိုင်ရာရန်ပုံငွေအဖွဲ့(United Nations Fund for Population Activities – UNFPA) ရဲ့ ၂ဝ၁၇ သြဂုတ်အတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းမှာ အိမ်ခန်းပေါင်း ၃ ဒသမ ၈ သန်းနီးပါးချက်ချင်း လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ကိန်းဂဏန်းကတော့ ၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံတွက်ချက်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးဝင်းနိုင်က လောလောဆယ်မှာတော့ မြို့ပေါ်နေ ပြည်သူတွေနဲ့ ကျူးကျော်နေထိုင်သူတွေအပါအဝင် ရန်ကုန်မြို့မှာ ”ချက်ချင်းလိုနေတာက အိမ်ခန်းတစ်သိန်းခွဲ”ဖြစ်တယ်လို့ သူကဆိုပါတယ်။
အိမ်ဆိုတာဟာ အခြေခံလိုအပ်ချက်တွေထဲက တစ်ခုဖြစ်တာကြောင့် အစိုးရက မဖြစ်မနေ ဖြည့်ဆည်းပေးရမှာဖြစ်တယ်လို့ အိမ်ရာဖွံ့ဖြိုးရေး ကျွမ်းကျင်ပညာရှင်တွေက ဆိုကြပါတယ်။ ဒါ ပေမဲ့ ပြည်သူတွေဟာ နေထိုင်ရေးပြဿနာကို ကိုယ့်နည်းကိုယ် ဟန်နဲ့ ဖြေရှင်းနေကြတယ်လို့ ပညာရှင်တွေက ထောက်ပြကြ ပါတယ်။
ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က အစိုးရစာသင်ကျောင်းတွေ၊ ဆေးရုံတွေ နည်းတူ အိမ်ရာကိုလည်း အစိုးရက တာဝန်ယူဆောက်လုပ်ပေးရ မယ်လို့ ပြောပါတယ်။
ကလေးတစ်ယောက်ကို ရပ်ကွက်ထဲမှာ ရှိတဲ့အစိုးရ ကျောင်းမှာလွယ်လွယ်ကူကူ ကျောင်းသွားထားနိုင်သလိုမျိုး တစ်နယ်တစ်ကျေးက ပြောင်းလာတဲ့ လူတစ်ယောက်ကလည်း ဘယ်မြို့နယ်က အိမ်ရာကို ရွေးချယ်ပြီး နေထိုင်ရမလဲဆိုတာမျိုး ဖြစ်နိုင်အောင်လုပ်ရမယ့် အခြေအနေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဟာ ရန်ကုန်မြို့ မှာရှိတဲ့ ကျူးကျော်နဲ့ပတ်သက်ပြီး လေ့လာမှုတွေ၊ ပြန်လည်နေ ရာချထားရေးနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ ပေးနေတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။
တန်ဖိုးမနည်းသေးတဲ့ အိမ်ရာများ
ယခုနှစ်ဆန်းပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တန်ဖိုးနည်း၊ တန်ဖိုးသင့်ဆိုတဲ့ အိမ်ခန်းပေါင်း ၁,ဝဝဝ ကျော်ပါတဲ့ အိမ်ရာတွေကို ရောင်းချပေးခဲ့ပါတယ်။
ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာ အိမ်ရာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာ အပိုင်း ၁ နဲ့ ၂၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့က တိုက်ခန်း တွေကို ရောင်းချပေးခဲ့တာပါ။
လတ်တလောမှာတော့ ရွှေလင်ဗန်းအိမ်ရာနဲ့ ကနောင် အိမ်ရာတွေကို ရောင်းချပေးနေတာဟာ သုံးကြိမ်ထိရှိပြီဖြစ်ကာ တစ်ကြိမ်မှာ လူဦးရေ ၅ဝဝ နီးပါးကို ရောင်းချပေးပြီးဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။
တန်ဖိုးနည်းအိမ်ခန်း ဝယ်ယူရင်တော့ CHD ဘဏ်မှာ ငွေစုစာအုပ်စာရင်း ဖွင့်ရမှာဖြစ်ပြီး ဝယ်ယူမယ့် အိမ်ခန်းတန်ဖိုးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို ကနဦးပေးချေရမှာ ဖြစ်ပါတယ်။ အဲဒီ နောက် အရစ်ကျစနစ်နဲ့ ငါးနှစ်ကနေ ၁၅ နှစ်ထိ ပေးသွင်းဝယ် ယူရမှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
အခု ရောင်းချပေးမယ့် တန်ဖိုးနည်းတိုက်ခန်းဈေးမှာ ကျပ် သိန်း ၁ဝဝကနေ ၁၃ဝ ဝန်းကျင်ဖြစ်ပြီး တန်ဖိုးသင့်တိုက်ခန်း များက ကျပ်သိန်း ၃ဝဝ ကနေ ၆ဝဝ အထိဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဝင်ငွေအတန်းအစားတွေကို သတ်မှတ်ထားတာ မရှိပေမယ့် အကြမ်းဖျင်းအားဖြင့် အနည်းဆုံး အခကြေးငွေရတဲ့သူတွေကို ဝင်ငွေအနိမ့်ဆုံးအဖြစ် သတ်မှတ်လို့ ရကြောင်း ဦးမြင့်မိုရ်ဆွေက ပြောပြပါတယ်။ အနည်းဆုံး အခ ကြေးငွေဆိုတာကတော့ ယခုနှစ်ဆန်းပိုင်းမှာ အတည်ပြုလိုက်တဲ့ တစ်ရက်လုပ်အားခ ၄,၈ဝဝ ကျပ် ဖြစ်ပါတယ်။
လက်ရှိအစိုးရဖော်ဆောင်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေဟာ ဝင်ငွေနည်းပြည်သူတွေအတွက်လို့ဆိုပေမယ့် ကျူးကျော်နေထိုင်သူတွေ၊ လစဉ်ဝင်ငွေသုံးသိန်းမရှိသူတွေဟာ ကနဦးပေးချေရတဲ့ ၂ဝ ရာခိုင်နှုန်းကို လက်လှမ်းမမီ ဖြစ်နေတယ်လို့ သူကထောက်ပြပါတယ်။
ဝင်ငွေနည်းပြည်သူလို့ဆိုလာရင် ဆိုက်ကားနင်းတဲ့သူတွေ၊ ရေခဲချောင်းရောင်းတဲ့သူတွေ၊ ထီလှည့်ရောင်းတဲ့သူတွေကအစ ဆိုင်ကယ်ကယ်ရီ ဆွဲတဲ့သူတွေအဆုံး အားလုံး အကြုံးဝင်နေရ မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ အဲဒီလူတွေကို အိမ်ခန်းတွေ ပိုင်ဆိုင်ဖို့ ဘယ်လိုဆွဲတင်မလဲဆိုတဲ့အဖြေ ”ဒီနေ့ထိ မရှိသေးဘူး” လို့ ဦးမြင့်မိုရ်ဆွေ ဝေဖန်ပါတယ်။
ဒေါ်ဗန်လီဇာအောင်ကလည်း လစာငွေကျပ် ငါးသိန်းဝန်း ကျင်၊ ဆယ်သိန်းဝန်းကျင်ရှိတဲ့ သူတွေမှ ဝယ်ယူခွင့်ရမယ်ဆိုရင် အိမ်ရာတကယ်လိုအပ်နေတဲ့သူတွေအတွက်တော့ အိမ်ရာတွေကို လက်လှမ်းမမီသေးဘူးလို့ဆိုပါတယ်။
အခုဝယ်ယူတဲ့သူတွေကလည်း နေစရာ တကယ်မရှိသူတွေ မဟုတ်ဘဲ အိမ်ခန်းလိုအပ်နေသူတွေကို ပြန်ငှားစားတာတွေ၊ အဲဒီငှားခနဲ့ပဲ အဲဒီအိမ် ကျန်အရစ်ကျငွေကို ပြန်သွင်းနေကြတာ တွေကို ကြားသိနေရတယ်လို့ သူက ပြောပါတယ်။ အဲဒါ အပေါ်မှာလည်း ဘာမှ အရေးယူတာမရှိဘူးလို့ သူကဆက်ပြောပါတယ်။
”တကယ် အိမ်ရာလိုအပ်နေတဲ့ သူတွေအတွက် အဲဒီ ပစ္စည်းက ပိုင်ဆိုင်မှုတစ်ခုအနေနဲ့ ရောက်သွားတာမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။
Photo – Banyar Kyaw လှိုင်သာယာမြို့နယ်အတွင်းက ဆောက်လက်စ တန်ဖိုးနည်းအိမ်ရာ
လက်လှမ်းမီတဲ့ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ပါ
ဝင်ငွေနည်း ပြည်သူတွေအတွက် အိမ်ရာပြဿနာ ဖြေရှင်း တဲ့နေရာမှာ ငှားခသာသာမျှငွေသွင်းပြီး အိမ်ရာပိုင်ဆိုင်ခွင့်ကို နှစ်ရှည်အရစ်ကျပေးသွင်းတဲ့ စနစ်နဲ့အစိုးရက ဆောက်လုပ်ငှားရမ်းပေးတဲ့ အငှားအိမ်ရာစနစ် စတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင် တယ်လို့ အိမ်ရာဖွံ့ဖြိုးရေးပညာရှင်တွေက ဆိုကြပါတယ်။
ဦးမြင့်မိုရ်ဆွေရဲ့ အဆိုအရတော့ ဝင်ငွေနည်းပြည်သူတွေ လက်လှမ်းမီတာကို တန်ဖိုးနည်းလို့ ဆိုပါတယ်။ အိမ်ရာတွေကို ဝယ်ယူတဲ့အခါမှာ လက်လှမ်းမီ၊ မမီကို တွက်ချက်တဲ့နိုင်ငံတကာ နည်းလမ်းတွေရှိတယ်လို့ သူကရှင်းပြပါတယ်။
တရုတ်၊ အိန္ဒိယ၊ ကနေဒါတို့အပြင် အချို့အာရှနိုင်ငံတွေမှာ တော့ မိသားစုဝင်ငွေရဲ့ ၃ဝ ရာခိုင်နှုန်းကို နေထိုင်မှုအသုံးစရိတ် အဖြစ် အသုံးပြုဖို့ သတ်မှတ်ထားတယ်လို့ သူက ဆိုပါတယ်။ ကျန် ဝင်ငွေရဲ့ ၇ဝ ရာခိုင်နှုန်းကျော်ကတော့ မိသားစုရဲ့ စားသောက် စရိတ်၊ ကျန်းမာရေး၊ ပညာရေး စတာတွေမှာ အသုံးပြုတယ်လို့ သူက ရှင်းပြပါတယ်။
ဒါကြောင့် တစ်လဝင်ငွေတစ်သိန်းဝန်းကျင်ရှိတဲ့ မိသားစု တစ်စုအနေနဲ့ အိမ်ရာအတွက် တစ်လကို ငါးသောင်းသွင်းရမယ် ဆိုရင် သူ့တို့မိသားစုအတွက် ဒီအိမ်ရာဟာ လက်လှမ်းမမီဘူးလို့ သူက ဆိုပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် အိမ်ခန်းတန်ဖိုးရဲ့ ကနဦး ပေးချေရတဲ့ ၂ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်း မပေးသွင်းရဘဲ ဝယ် ယူခွင့်အတွက် ကြိုတင်စာရင်းသွင်းခ ငွေအနည်းငယ်သာ သတ် မှတ်ထားတယ်လို့ သူက ဆိုပါတယ်။
အဲဒီငွေသွင်းပြီး ကျန်တဲ့ငွေကြေးကို နှစ်ရှည်ငှားခသာ သာမျှ ပေးသွင်းပြီး တစ်နေ့ အိမ်ပိုင်ရမယ်ဆိုတဲ့ မက်လုံးပေးထား ရင် လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ အိမ်ခန်းတန်ဖိုးရဲ့ ကနဦး ပေးချေရတဲ့ ၂ဝ ရာခိုင်နှုန်းပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သူက ဆိုပါတယ်။
တန်ဖိုးနည်း အငှားအိမ်ရာ
ဒေါ်ဗန်လီဇာအောင်က အိမ်ခန်းတန်ဖိုးရဲ့နှစ်ဆယ်ရာခိုင် နှုန်း မပေးသွင်းနိုင်ရင် ကနဦးပေးချေမှုကိုမထားဘဲ အငှားစနစ်ပဲ လုပ်လိုက်ပါလို့ ဆိုပါတယ်။ အိမ်ခန်းငှားခအနေနဲ့ အစိုးရကို တစ်လတစ်သိန်းဖြစ်ဖြစ်၊ နှစ်သိန်းဖြစ်ဖြစ် ပေးသွင်းစေပြီး အိမ်ခန်းပါ အပိုင်ရစေတဲ့စနစ်နဲ့ လူတိုင်းမဲနှိုက်ကာ အိမ်ပေါ်တက် နေခိုင်း လိုက်ရင် အရမ်းရိုးရှင်းတဲ့ ကိစ္စဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ အိမ်များများ ဆောက်ပေးရမှာ ဖြစ်ပြီး ဈေးနှုန်းတွေကလည်း ပြည်သူတွေ ပေးသွင်းနိုင်ဖို့ လုပ် ပေးရမှာဖြစ်တယ် လို့ သူက ဆိုပါတယ်။
အဲဒီလို လုပ်လိုက်ခြင်းက ”မျိုးဆက်တစ်ဆက်ပြီး တစ် ဆက် အိမ်ငှားဘဝနဲ့ ကုန်ဆုံးတာထက်စာရင် အိမ်ငှားခကို အစိုးရကို ပေးသွင်းလိုက်ရင် နောက်ထပ် အိမ်ငှားနေစရာ မလို တော့ဘူး”လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ အစိုးရအနေနဲ့ တန်ဖိုးနည်းအငှားအိမ်ရာကိုတော့ မလုပ်ပေးနိုင်သေးဘူးလို့ ဦးဝင်းနိုင်က ဆိုပါတယ်။ အကြောင်း ကတော့ တန်ဖိုးနည်းအငှားအိမ်ရာတွေ ဆောက်လုပ်ရာမှာ ကုန် ကျစရိတ် ပြန်မရတာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
တန်ဖိုးနည်းအရောင်းအိမ်ရာအတွက် အကျိုးအမြတ်ကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပြန်ရတာဖြစ်ပေမယ့် တန် ဖိုးနည်းအငှားအိမ်ရာကတော့ နှစ် ၇ဝ နီးပါးလောက်မှ ဆောက် လုပ်တဲ့ ကုန်ကျစရိတ်ကြေတာကြောင့် နောက်နှစ်တွေ ဆောက်ဖို့ ငွေကြေး ဘယ်မလဲလို့ သူကမေးခွန်းပြန်ထုတ်ပါတယ်။
”ဆောက်သမျှ ပိုက်ဆံအားလုံးကလည်း ဒီလိုပဲ မြုပ်သွား မယ်၊ အချိန်တိုအတွင်းမှာ ပြန်မရဘူး”လို့ သူက ပြောပါတယ်။
၁၉၅၁ ဝန်းကျင်လောက်မှာ တန်ဖိုးနည်းအငှားအိမ်ရာ တွေကို နိုင်ငံတော် ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ ရွာစည်ပင်ရေးအဖွဲ့အနေနဲ့ ဆောက်လုပ်ခဲ့ဖူးတာ ရှိတယ်လို့ သူက ဆိုပါတယ်။ အဲဒီအိမ်ရာတွေမှာ အိမ်ခန်းငှားခ တစ်လကို ၅ဝ ကျပ်ကနေ ၁၅ဝ ကျပ် ပေးသွင်းကာ ပြည်သူတချို့ကို နေ ထိုင်ခွင့်ပြုခဲ့ကြောင်း ဦးဝင်းနိုင်က ရှင်းပြပါတယ်။
မိသားစုတော်တော်များများ နေထိုင်ခွင့် အကျိုးခံစားခဲ့ကြ ရပေမယ့် နိုင်ငံဘဏ္ဍာပြန်မရခဲ့တာကြောင့် ၁၉၈၅ နောက်ပိုင်းမှာ အဲဒီအငှားအိမ်ရာစနစ်ကို ဆက်မဖော်ဆောင်ဖြစ်တော့ဘူးလို့ သူက ဆိုပါတယ်။
ဦးမြင့်မိုရ်ဆွေကတော့ ဝင်ငွေနည်းတဲ့သူတွေအတွက် လုပ်ပေးရမှာက အစိုးရရဲ့ တာဝန် ဖြစ်တယ်လို့ သူက ထောက်ပြ ပါတယ်။
ဝင်ငွေနည်းပြည်သူအတွက် ”ငွေကြေးအကျိုးအမြတ်ကို မကြည့်ဘဲ နေထိုင်ရေး အကျိုးအမြတ်ကို ကြည့်ရမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။
စံချိန်မီ အိမ်ရာလည်း ဖြစ်ဖို့လို
ဦးမြင့်မိုရ်ဆွေကတော့ တန်ဖိုးနည်းအငှားအိမ်ရာတွေ ဖော်ဆောင်တဲ့အခါမှာ အခန်းကျယ်တွေကို ဈေးပေါပေါနဲ့ လုပ် ပေးထားတာမျိုး မဟုတ်ဘဲ ဖြစ်သင့်တဲ့ ဈေးနဲ့အခန်းကို မျှတအောင် လုပ်ပေးရမယ်လို့ ဆိုပါတယ်။
၂ဝ၁၄ ရန်ကုန်တိုင်းဒေသကြီးရဲ့ လူဦးရေကိန်းဂဏန်း အချက်အလက်အရ ရန်ကုန်တိုင်းဒေသကြီးထဲမှာ လူနေအိမ် ၁၅ သိန်းရှိတဲ့အထဲက နေအိမ် ၁ဝ သိန်းဝန်းကျင်ဟာ သစ်သား၊ ဝါး၊ ဓနိတွေနဲ့ ဆောက်လုပ်ထားပြီး ကျန်တဲ့ ငါးသိန်းဝန်းကျင်ဟာ တိုက်ခန်း၊ ကွန်ဒိုစတဲ့ တိုက်ခံအိမ်တွေ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
ဒါကြောင့် ”အဖြေက စံချိန်မီအိမ်တွေ များများဆောက်ဖို့ လိုတယ်ဆိုတာ ထွက်တယ်” လို့ ဦးဝင်းနိုင်က ဆက်ပြောပါတယ်။
စံချိန်မီအိမ်ဆိုတာကတော့ အရည်အသွေးအရ လုံခြုံမှုရှိ ခြင်း၊ သဘာဝပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်ခြင်း၊ ယဉ်ကျေးမှုနဲ့ လည်း လိုက်လျောညီထွေမှုရှိခြင်း၊ လုံလောက်တဲ့ အလင်းရောင် ရရှိခြင်း၊ မိသားစုအနေနဲ့ သီးသန့်လွတ်လပ်စွာ ရှိခြင်း၊ ငလျင် ဒဏ်ခံနိုင်တဲ့ အခြေခံအုတ်မြစ် ရှိရမှာဖြစ်တယ်လို့ သူက ဆက် ပြောပါတယ်။
ဒေါ်ဗန်လီဇာအောင်ကလည်း အဲဒီလို အိမ်ရာဖော်ဆောင် ရာမှာ မြို့ပြအစီအစဉ်တွေလည်း ရှိဖို့လိုတယ်လို့ ထောက်ပြပါ တယ်။ ဖွံ့ဖြိုးရေးမဏ္ဍိုင်ကြီး ငါးရပ်ဖြစ်တဲ့ လူသားအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်၊ ငွေကြေး အင်အား၊ အခြေခံအဆောက် အအုံနဲ့ စွမ်းအင်တွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
အိမ်ရာအနီးနားမှာ အစိုးရစာသင်ကျောင်း၊ ဆေးရုံ၊ ဈေး တို့အပြင် သွားလာရေးအတွက် ကား၊ ရထားစတာတွေကို ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ထိုမှသာ လူတွေနေထိုင်လာမှာဖြစ်တယ်လို့ သူက ထောက်ပြ ပါတယ်။
”တစ်ပြိုင်တည်း မလုပ်နိုင်ဘူးဆိုရင် လိုအပ်တာ အရင် လုပ်ရမှာပေါ့” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိဖော်ဆောင်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေမှာတော့ ထိုအချက်တွေကို ထည့်သွင်းစဉ်းစား ဆောက်လုပ်တာ မရှိသလောက်ပဲလို့ သူက ဆိုပါတယ်။
Photo – Banyar Kyaw ယုဇနဥယျာဉ်မြို့တော်ရှိ တန်ဖိုးနည်းအိမ်ရာ
လိုအပ်နေတဲ့ ဝန်ကြီးဌာန
လက်ရှိမှာတော့ အိမ်ရာနဲ့ပတ်သက်လာရင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က တစ်မျိုး၊ စည်ပင်က တစ်ဖုံစသဖြင့် လုပ်ထုံး လုပ်နည်းတွေက ရှုပ်ထွေးနေတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
အိမ်ရာပြဿနာတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်မှာ ခေတ်အဆက်ဆက် ဖြေရှင်းနေတာဟာ အနာနဲ့ဆေး တခြားစီဖြစ်နေတယ်လို့ အိမ်ရာဖွံ့ဖြိုးရေးကျွမ်းကျင်ပညာရှင်တွေက ဝေဖန်ကြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီးဌာန ထူထောင်ပေးပြီး အဲဒီဌာနကပဲ ဥပဒေတွေ၊ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်းတွေကို ချမှတ်ကာ အစိုးရဘတ်ဂျက်နဲ့ အကောင် အထည်ဖော်တဲ့နောက်ကို ပုဂ္ဂလိကတွေက လိုက်ရမှာဖြစ်တယ် လို့ ပညာရှင်တွေက ဆိုကြပါတယ်။
”အရမ်းအရေးကြီးတဲ့ အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှိကို ရှိရမယ်လေ၊ လိုအပ်တာက မရှိဘူး”လို့ ဒေါ်ဗန်လီဇာအောင်က ထောက်ပြပါတယ်။
အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီးဌာနကသာ မြို့နယ်အလိုက် အိမ် ရာလိုအပ်ချက်ကို ကြည့်ပြီး စီမံချက်ဖြင့် လုပ်ဆောင်မှသာ အိမ် ရာပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တကယ်တမ်းဖြစ်သင့်တဲ့ အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီးဌာန မရှိ ဘဲ ဒီအတိုင်းဆက်သွားနေရင် ဝင်ငွေနည်းပြည်သူတွေအတွက် အိမ်ပိုင်ဆိုင်ရေးဆိုတာ အိပ်မက်ပမာဖြစ်တယ်လို့ သူကမှတ်ချက်ပြုပါတယ်။
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်အတွက် ဘယ်နေ့ မဲနှိုက်ရမယ် အိမ်ခန်းရရှိမယ် ဆိုတာကို မသိသေးပေမယ့် ကိုမျိုးဆက် တစ်ယောက်ကတော့ အိမ်ဝယ်ယူခွင့်ရဖို့ အိပ်မက်မက်နေဆဲပါပဲ။
ဇနီးရယ်၊ သမီးတစ်ယောက်ရယ်နဲ့ မကြာခင် မွေးဖွားလာ မယ့် ကလေးတစ်ယောက် အတွက် ခိုနားဖို့ အိမ်ခန်းတစ်ခုကို လို ချင်နေတာပါ။
”သားသမီးတွေ ရလာပြီဆိုတော့ သူတို့ကို အိမ်ပိုင်လေး ထားချင်တာပေါ့။ ကိုယ့်လိုမျိုး အိုးမဲ့အိမ်မဲ့ နှစ်ရှည်လများ မနေရ အောင်ပေါ့”လို့ သူက ဆိုပါတယ်။
အိမ်ငှားနေရတဲ့ဘဝကိုလည်း သူက စိတ်ကုန်နေပြီလို့ ယခု လို ညည်းတွားပါတယ်။
”အိမ်ငှားဘဝ တစ်လ တစ်သိန်းက ဘယ်တော့မှလည်း အိမ်ပိုင်မှာ မဟုတ်ဘူး။ ကျွန်တော် မသေမချင်း ပေးနေရမှာ”
#MawKunMagazine
#Banyar Kyaw
ဆက်သွယ်မှာယူနိုင်စေရန်..
OFFICE
No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
phone: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine