ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း)
ချင်းပြည်နယ်မြောက်ပိုင်းက အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ကညပိုင်းမှာ သိမ်းပိုက်လိုက်တာကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုလုံးဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုရှိတဲ့အနက် ကလေး-တမူးလမ်းပေါ်က ခမ်းပတ်မြို့ကို ယခုလ ၇ ရက်က NUG ရဲ့ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး နောက်ထပ် နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့ကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။
အိန္ဒိယနယ်စပ်က အသည်းနှလုံးပုံ ရေကန်ရှိတဲ့ ရိဒ်ခေါဒါရ် မြို့ရဲ့ တောင်ကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီ အထိုင်တပ်စခန်းနှစ်ခုကို CNA နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မနေ့က ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ မီဇိုရမ်ဖက်သို့ ဆက်သွယ်ထားတဲ့ နယ်စပ်ဝင်ပေါက် တံတားပေါ်မှာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ရဲ့အလံတွေ လွှင့်ထူထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို CNA က ထုတ်ပြန်လာပါတယ်။
အဲ့ဒီ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာတော့ ရိဒ်ခေါဒါရ်မြို့ကို တော်လှန်ရေးအင်အားစုတွေက အပြည့်အဝ ထိန်းချုပ်ထားကာ စစ်ကောင်စီရဲ့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ပြီလို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မော်ကွန်းကို ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခုနှစ်ဦး လက်နက်ချအညံ့ခံခဲ့တာကြောင့် သူတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ၎င်းကပြောပါတယ်။
ရိဒ်ခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့အတွက် အဲ့ဒီဒေသကို တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရကြိုးပမ်းသွားမယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့ဆန္ဒကတော့ အဲ့ဒီလမ်းကြောင်းကို ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ အဲ့ဒါမှသာ တစ်ဖက်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ လုံလုံခြုံခြုံနဲ့ပြန်ဝင်နိုင်အောင်နဲ့ တစ်ခါတည်း အုပ်ချုပ်ရေးတည်ဆောက်နိုင်အောင် လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ ကလေး-ဖလမ်း-ရိဒ်ခေါဒါရ် လမ်းနဲ့ ကလေး-တီးတိန်-ရိဒ်ခေါဒါရ် လမ်းတွေကိုလည်း ပိတ်ထားပြီး အခြေအနေ ပြန်လည်တည်ငြိမ်မှ ပြန်ဖွင့်ပေးမယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဟာ တိုက်ပွဲတွေကြောင့် လုံးဝရပ်တန့်နေတာဖြစ်ပြီး တရားဝင်နယ်စပ်ဂိတ်တွေကိုလည်း လက်ရှိအချိန်ထိ ပိတ်ထားတယ်လို့ တမူးနယ်စပ်က ပဲမျိုးစုံတင်ပို့တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“တရားဝင်လမ်းက မရှိတာကြာပြီ။ အခုက တောလမ်းတွေပဲ ရှိတော့တယ်။ တောင်ပေါ်ဆိုင်ကယ်လမ်းတွေတော့ရှိတယ်။ မဖြစ်မနေ ကူးမယ့်သူတွေအတွက် တောလမ်းတွေကနေ ခက်ခက်ခဲခဲ ဖြတ်ရတော့တယ်။ အိန္ဒိယကလည်း နယ်စပ်ကို ပိတ်ထားတာ တမူးဆိုရင် ကုန်စည်မဝင်တာ သုံး၊ လေးလလောက်ရှိနေပြီ” လို့ ၎င်းကုန်သည်က ပြောပါတယ်။
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်မဟာမိတ်က စတင်လိုက်ပြီးနောက် တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။
လက်ရှိမှာ ရှမ်းမြောက်ဒေသက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ နမ့်ခမ်း၊ ကွမ်းလုံ စတဲ့မြို့တွေကို မြောက်ပိုင်းညီနောင်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားသလို စစ်ကိုင်းတိုင်းက ကောလင်း၊ ခမ်းပတ်မြို့တွေကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပါတယ်။
ပုံစာ – ရိဒ်ခေါဒါရ်မြို့က အိန္ဒိယနယ်စပ်ဝင်ပေါက်ကို မြင်တွေ့ရစဉ်
ဓာတ်ပုံ – CDF Hualngoram

