ရေဂင်
ရန်ကုန် – ၂၀၂၀ သြဂုတ် ၁၂ (မော်ကွန်း)
ကိုဗစ်ကာလအတွင်း ယာယီရပ်ဆိုင်းထားရသောပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် အားကစားအဖွဲ့ချုပ်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အဆိုတင်သွင်းလာပါက စနစ်တကျစိစစ်၍ ခွင့်ပြုချက်များ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့၏ အွန်လိုင်းဆွေးနွေးပွဲတွင်ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“နေရှင်နယ်လိဂ် ပွဲစဉ်ကို ပြန်လည်ကျင်းပဖို့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ လူ (၃၀၀) ကျော်မှာ တစ်ယောက်မှ ရောဂါလက္ခဏာမတွေ့ခဲ့ပါဘူး။ ဒီနေရှင်နယ်လိဂ်ရဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး နောက်ထပ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပမယ့် အခြားပွဲစဉ်တွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် စစ်ဆေးပြီး ခွင့်ပြုပေးသွားဖို့ ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝင် ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွင် မှတ်ပုံတင်ထားရှိသည့် အားကစားအဖွဲ့ချုပ်ပေါင်း (၄၁) ခုအထိရှိနေပြီး ကိုဗစ်ကာလအတွင်း ယာယီပိတ်သိမ်းခဲ့ရသည့် အားကစားပြိုင်ပွဲများအနက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို သြဂုတ် ၂၂ ရက်တွင် ပရိသတ်မပါဘဲ ကွင်းပိတ်ပြိုင်ပွဲအဖြစ် ပြန်လည်ကျင်းပခွင့်ပြုခဲ့ပြီးဖြစ်သည်။
ထို့အပြင် လက်ရှိကိုဗစ်အလွန်တွင် အစိုးရစာသင်ကျောင်းများ၌လည်း အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် စီစဉ်သွားမည်ဖြစ်ကြောင်း၊ အား/ကာ သိပ္ပံကျောင်းများတွင်လည်း ယခုနှစ်တွင် ဖြုတ်ချခဲ့သည့် ဘောလုံးအားကစားကို ပြန်လည်ထည့်သွင်းရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသွားခဲ့သည်။
MNL ပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကစားစားသမားများ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးနေစဉ်
#Dailynews