ပျဉ်ကာ၊ သွပ်မိုးထားသည့် အိမ်လေးတစ်လုံးထဲတွင် တစ်နှစ်ခွဲအရွယ် ကလေးငယ်သည် သူ၏မိခင်မကျိန်ဒိတ်လျန်းညောင်ထံတွင် နို့စို့ရန် ပူဆာနေသည်။ ယင်းကလေးသည် ခေါင်းကြီးပြီး ဗိုက်ပူနံကားဖြစ်နေသည်။ တင်ပါးကလည်း ပိန်ရှုံ့နေသည်။ လေးနှစ်ခွဲအရွယ် သူ၏အစ်မနှင့် သုံးနှစ်ခွဲအရွယ် အစ်ကိုတို့မှာလည်း ပုပုကွကွလေးတွေ ဖြစ်နေသည်။
ရွာသို့လာသည့် သူနာပြုဆရာမများက အသက် ၂၆ နှစ်အရွယ် မကျိန်ဒိတ်လျန်းညောင်၏ သားသမီးလေးယောက်တွင် အကြီးဆုံးကလေးကလွဲပြီး ကျန်သုံးယောက်သည် အာဟာရချို့တဲ့နေသောကြောင့် အာဟာရပြည့်ဝစေမည့် သီးနှံနှင့် အသားတို့ကို ကျွေးမွေးခိုင်းသည်ဟု သူက ဆိုသည်။
သို့သော် ကလေးတွေကို အသားငါးချက်ကျွေးဖို့ သူမတတ်နိုင်။
”ဆန်တောင်မှ နေ့တိုင်း မစားနိုင်ဘူး။ မနက်ပိုင်း ပြောင်းဖူးကိုချက်စားတယ်။ ညနေ ဆန်ကို ချက်စားတယ်။ ပိုက်ဆံမရှိလို့ မကျွေးနိုင်ဘူး”ဟု သူ၏ တစ်နှစ်ခွဲအရွယ် သားဖြစ်သူကို နို့တိုက်ရင်း ပြောသည်။
မကျိန်ဒိတ်လျန်းညောင်တို့ နေထိုင်သည့် ဖွန်တုန်ကျေးရွာသည် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင်ရှိပြီး မြို့နှင့် ရှစ်မိုင်ခန့်ဝေးသည်။ ပွင့်လင်းရာသီဆိုလျှင် ဆိုင်ကယ်နှင့် မိနစ်သုံးဆယ်ခန့် သွားရပြီး မိုးရာသီဆိုလျှင် တောင်မြေများပြိုကျကာ ကားလမ်းမှာ ဗွက်ထလျက်ရှိသဖြင့် သွားလာရခက်ခဲသည်။
မော်ကွန်းက သွားရောက်ခဲ့သည့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှ ကျေးရွာ ၁ဝ ရွာကျော်၌ ဖွန်တုန်ရွာကဲ့သို့ စားနပ်ရိက္ခာဖူလုံမှု မရှိသည့်မိသားစု မြောက်မြားစွာရှိနေပြီး ကလေးငယ်များမှာလည်း အာဟာရချို့တဲ့မှု ပြဿနာများနှင့် ကြုံတွေ့နေရသည်။
ယင်းသို့ဖြစ်နေခြင်းက ချင်းပြည်နယ်တစ်ပြည်နယ်တည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစားအစာ မလုံလောက်ခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများကို ဝယ်ယူနိုင်ရန် လက်လှမ်းမမီခြင်း၊ အာဟာရပြည့်ဝအောင် စားသောက်ရမည့်ပုံစံကို နားမလည်ခြင်းတို့ကြောင့် ကလေးငယ်အချို့မှာ အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရသည်ဟု ပညာရှင်များက ဆိုသည်။
ကာလတာရှည်အာဟာရချို့တဲ့မှုကြောင့် ငါးနှစ်အောက် ကလေး ၂၉ ရာခိုင်နှုန်း (သုံးယောက်တွင် တစ်ယောက်နှုန်း)သည် သူတို့ အသက်အရွယ်၌ရှိရမည့် အရပ်အမောင်းထက် ပုညှက်နေကြပြီး ခုနစ်ရာခိုင်နှုန်းသည် ပိန်လှီနေကြသည်ဟု ယခုနှစ် မတ်တွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံလူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံအချက် အလက်စစ်တမ်းက ဆိုသည်။
ငါးနှစ်အောက်ကလေး ပုညှက်မှုနှုန်းသည် ချင်းပြည်နယ်၌ ၄၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိနေပြီး ကယားပြည်နယ်၌ ၃၉ ဒသမ ၇ ရာခိုင်နှုန်းရှိကာ ရခိုင်ပြည်နယ်၌ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအတော်များများသည် စားနပ်ရိက္ခာ မဖူလုံမှုကို ကြုံတွေ့နေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP )က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့သည် စားနပ်ရိက္ခာမဖူလုံမှုကို ပိုမိုကြုံတွေ့ ရသည်ဟု ဆိုသည်။
ယခုနှစ် မတ်တွင် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာသတင်း အချက်အလက်ကွန်ရက် (Food Security Information Network) က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အစားအစာအကျပ်အတည်းအစီရင်ခံစာတွင် လူငါးသိန်းနှင့် တစ်သန်းကြား အစားအစာ မဖူလုံသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်သည်ဟု ဆိုသည်။
ယမန်နှစ်က ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (The United Nations Children’s Fund – Unicef)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization – WHO) နှင့် အာဆီယံတို့ ပူးပေါင်း ထုတ်ဝေခဲ့သည့် အာဟာရစစ်တမ်းတစ်စောင်အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့် လာအိုပြီးလျှင် တတိယမြောက် အာဟာရချို့တဲ့မှု အများဆုံးနိုင်ငံဖြစ်သည်ဟု ဆိုသည်။
Save The Children လက်အောက်တွင်ရှိသော အာဟာရဖွံ့ဖြိုးမှုကို ဆောင်ရွက်နေသည့် (Leveraging Essential Nutrition Actions to Reduce Malnutrition – LEARM Project) မှ စီမံကိန်းဒါရိုက်တာ အဲလိဇဘက် ဝီလံ(Elizabeth Whelan)က အသက်ငါးနှစ်အောက်အရွယ်၌ ကာလတာရှည် အာဟာရချို့တဲ့ပြီး ပုညှက်နေခဲ့မည်ဆိုပါက ထိုသူက မွေးလာသည့် ကလေးမှာလည်း ပုညှက်နိုင်ခြေများပြီး ”အဲဒီလိုသံသရာလည်နေမယ်။ နောက်ဆို မျိုးဆက်ကို လိုက်ပြီး ပုညှက်တဲ့အမျိုးဖြစ်သွားနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။
”ထမင်းတော့ နေ့တိုင်းစားတယ်။ အဟာရပြည့်ဝစေတဲ့ စုံလင်တဲ့ အစားအသောက်တွေကို မစားနိုင်ဘူးဆိုရင် စားနပ်ရိက္ခာ မဖူလုံဘူးလို့ သတ်မှတ်တယ်။ ဒီလို မိသားစုတွေ အများကြီးရှိပါတယ်”ဟု သူက ဆိုသည်။
ငါးနှစ်အောက်ကလေး ကာလတာရှည်အာဟာရချို့တဲ့ပြီး ပုညှက်နေပါက အာဟာရချို့တဲ့မှုကြောင့် ရောဂါဖြစ်ပွားမှုနှုန်းများလာခြင်း၊ ဉာဏ်ရည်ဖွံ့ ဖြိုးမှု နိမ့်ကျခြင်း၊ ပညာသင်ကြားနိုင်မှု စွမ်းရည်နိမ့်ကျခြင်းတို့ ဖြစ်လာရုံမက အသက်ကြီးလာသည့်အခါတွင်လည်း ကျန်းမာကြံ့ခိုင်မှုနည်းပါးနိငု ်သောကြောင့် ကုန်ထုတ်မှုစွမ်းရည် နိမ့်ကျလာနိုင်သည်ဟု အာဟာရပညာရှင်များက ဆိုသည်။
Unicef ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘက်ထရော(န်)ဘန်းဗဲ (Bertrand Bainvel) က ”ဒါကကလေးတွေအတွက်တင်မကဘူး။ တိုင်းပြည်အတွက်လည်းအရမ်းအရေးကြီးတယ်။နောင်လာမယ့် ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျနေမယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကလည်း သေချာပေါက်ကျဆင်းမယ် ဆိုတာကို ပြောနိုင်တယ်”ဟု ဆိုသည်။
ယခုနှစ်မေလအတွင်း Unicef က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် မြန်မာနိုင်ငံ၌ နေ့စဉ် ကလေးငယ် ၁၅ဝ ခန့်သည် ငါးနှစ်ပြည့်မွေးနေ့မရောက်ခင် သေဆုံးနေကြသည်ဟု ထုတ်ပြန်ခဲ့သည်။
”ဘာကြောင့် ဒီကလေးတွေ သေဆုံးနေကြတာလဲ၊ အာဟာရချို့တဲ့နေကြလဲဆိုတော့ ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်ပါတယ်”ဟု ဘန်းဗဲက ပြောသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်ကလည်း လွန်ခဲ့သောနှစ်က ဝက်သက်ရောဂါဖြစ်ပွားခဲ့သည့် နာဂဒေသတွင် အစားအစာရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကျေးရွာအချို့တွင် တစ်ကိုယ်ရေသန့်ရှင်းရန် အသုံးပြုမည့် သောက်သုံးရေရေ ရှားပါးခြင်း စသည့ ်ဖြစ်စဉ်များကို တွေ့ ခဲ့ရသည်ဟု သူ၏အတွေ့အကြုံကို ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန် ၆ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့သော ဝက်သက်ရောဂါနှင့် ကူးစက်ရောဂါများကြောင့် နန်းယွန်းမြို့နယ်၌ ၅၇ ဦး၊ လဟယ်မြို့နယ်၌ ၂၈ ဦး၊ စုစုပေါင်း သေဆုံးသူ ၈၅ ဦး အထိရှိသည်ဟုနာဂအမျိုးသားရေးရာကောင်စီက ထုတ်ပြန်ခဲ့သည်။ လဟယ်မြို့၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကတော့ သေဆုံးသူ ၅၄ ဦးသာရှိကြောင်း ထုတ်ပြန်ခဲ့သည်။
”ဒေသမှာ အာဟာရပြည့်တဲ့အစားအစာတွေ လက်လှမ်းမီ မရနိုင်ရင်၊ စားနပ်ရိက္ခာမဖူလုံရင်၊ စိုက်ပျိုးရေးကဏ္ဍ မဖွံ့ဖြိုးရင်၊ ဒေသမဖွံ့ဖြိုး မတိုးတက်ရင်၊ လမ်းပန်းဆက်သွယ်ရေးမကောင်းရင် ကျွန်မတို့ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ပဲ ကောင်းအောင်ပေးနေပါစေ၊ အဲဒီဒေသရဲ့ အာဟာရအခြေအနေဟာ မတိုးတက်နိုင်ပါဘူး”ဟု သူက ဆက်လက်ပြောသည်။
၂ဝ၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် နေထိုင်ပြီး ယင်းလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ ကျေးလက်နေပြည်သူများဖြစ်ပြီး ကျန်းမာရေးဗဟုသုတ နည်းပါးခြင်း၊ဆေးမြီးတိုများဖြင့် ကုသနေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဆေးရုံနှင့် ဆေးခန်းများသို့ အချိန်မီမရောက်ရှိကြသဖြင့် အသက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေလျက်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြသည့်အကြောင်းကို မော်ကွန်းက ၂ဝ၁၆ နိုဝင်ဘာမှာ ‘ကျန်းမာရေးလုပ်သားတွေ လုံလောက်အောင် မွေးထုတ်ပေးပါ‘ ဆောင်းပါး၌ ရေးသားခဲ့ပြီး ဖြစ်သည်။
ဆင်းရဲမှုပြဿနာ ဖြေရှင်းပါ
ကုလသမဂ္ဂဖွံ့ ဖြိုးမှု အစီအစဉ် (United Nations Development Programme – UNDP) ၏ ဖော်ပြချက်အရ မြန်မာတစ်နိုင်ငံလုံးလူဦးရေ၏ ၂၆ ရာခိုင်နှုန်း(လူလေးဦးလျှင် တစ်ဦးနှုန်း) မှာ ဆင်းရဲနွမ်းပါးနေကြပြီး လူတစ်ဦး၏ ပျမ်းမျှ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၇ဝ၂ သာရှိသည်။ လက်ရှိမြန်မာငွေလဲလှယ်နှုန်းနှင့်တွက်ချက်ပါက တစ်နှစ်လုံးတွင် ဝင်ငွေ ကျပ်ကိုးသိန်းခွဲကျော်သာ ရရှိနေကြသည်ဟု ဖော်ပြထားသည်။
မကျိန်ဒိတ်လျန်းညောင်တို့မိသားစုဆိုလျှင် ဆင်းရဲသောကြောင့် ကလေးငယ်များကို အာဟာရမျှတအောင် မကျွေးနိုင်ရုံမက စိုက်ပျိုးရေးလုပ်ငန်းမှလည်း ဝမ်းစာဖူလုံအောင်ပင် မရရှိပေ။
လွန်ခဲ့သည့် ခုနစ်နှစ်လုံးလုံး နှစ်ဧကလောက်ရှိသည့် တောင်ယာတွင် ပြောင်း၊ ပဲစင်းငုံ၊ ဟင်းသီးဟင်းရွက် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်ခဲ့သော်လည်း ထွက်သည့် သီးနှံများမှာ မိသားစု ဝမ်းစာအတွက် လေးလ၊ ငါးလစာမျှသာ ဖူလုံသည်။
တောင်ယာမြေမှာ မြေဆီမြေသြဇာ ကုန်ခန်းလာ၍ အထွက်နှုန်းကျလာသဖြင့် ယခင်က တစ်ဧက ပြောင်းဖူးတင်းလေးဆယ် ထွက်နေရာမှ ယခုအခါ တင်းသုံးဆယ်ပင် မထွက်တော့ဟု ဆိုသည်။
ယခုနောက်ပိုင်းဆိုလျှင် ရာသီဥတုကလည်း ဖောက်ပြန်ပြီး မိုးဆက်တိုက်ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်လာသဖြင့် ပြောင်းဖူပင်များ ပြိုလဲကုန်သည်။ ထို့အပြင် တောဝက်၊ ချေ၊ ကြွက် စသည့်တိရစ္ဆာန်များကလည်း သီးနှံပင်များကို ဖျက်ဆီးကြသည်။ ထို့ကြောင့် မကျိန်ဒိတ်လျန်းညောင်၏ အမျိုးသားသည် တောင်ယာမလုပ်တော့ဘဲ ထင်းခုတ်ရောင်းသည့် အလုပ်၊ မီးသွေးဖုတ်သည့်အလုပ်ကိုသာ ပြောင်းပြီးလုပ်ကိုင်နေသည်။
တောထဲမှ ရလာသည့် ထင်းများကို ရွာအနားတွင် စုပုံထားပြီး တွန်းဇံမြို့မှ ထင်းဝယ်လိုသူတွေက ဆယ်ရက်လျှင် တစ်ကြိမ် ထော်လာဂျီနှင့် လာဝယ်သည်။ ထင်းရောင်း၍ ရသည့်ငွေဖြင့် ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်တို့ကို ဝယ်ယူရသည်။ ထင်းမခုတ်နိုင်သည့်နေ့များတွင် အသိမိတ်ဆွေအိမ်များထံမှ ဆန်၊ ပြောင်းတို့ကိုချေးငှားရပြီး ငွေရလာသည့်အခါ ပြန်ဆပ်ရသည်ဟု ဆိုသည်။
”အသားဟင်းက အမဲလိုက်လို့ တောကောင်ရရင် စားရတယ်။ ဈေးမှာရောင်းတဲ့ ကြက်သား၊ ငါးဆိုရင် တစ်နှစ်ပတ်လုံးမှ နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ဝယ်စားဖူးတယ်”ဟု မကျိန်ဒိတ်လျန်းညောင်က ဆိုသည်။
သူတို့မိသားစုအတွက် လူကြီးရော၊ ကလေးပါ ပုံမှန်စားသောက်ရသည့် ဟင်းလျာများမှာ သူတို့အိမ်နားတွင်ရှိသည့် ဖရုံရွက်နှင့် မုန်ညင်းရွက်တို့ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်းနည်းပါး
သူတို့မိသားစုလိုပင် အခြားသော မိသားစုများလည်း စိုက်ပျိုးရေးလုပ်ငန်းမှ ဝမ်းစာဖူလုံအောင် မရရှိကြပေ။ ချင်းပြည်နယ်တွင် အဓိကအားဖြင့် စပါး၊ ပြောင်း၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသည်။
ပြည်နယ်အတွင်းက ထွက်ရှိသည့် ဆန်စပါးမှာလည်း ကိုယ့်ပြည်နယ်လိုအပ်ချက်၏ ၆ဝ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းနိုင်ပြီး လိုအပ်သည့် စားနပ်ရိက္ခာများကို မြေပြန့်ဒေသမှ တင်သွင်းနေရသည်ဟု ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးအရာရှိ ဦးကိုလေးက ဆိုသည်။
ဟားခါးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဟုန်းကီးကလည်း ၎င်းတို့ခရိုင်အတွင်း၌ တောင်ကုန်းများ ထူထပ်သောကြောင့် လှေကားထစ်စိုက်ပျိုးဧရိယာနည်းပါးခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်မှာလည်း နှစ်ကြာလာသည်နှင့်အမျှ မြေဆီ၊ မြေသြဇာခန်းခြောက်သွားခြင်း၊ ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်အဖြစ် နွေရာသီတွင် စိုက်ပျိုးရေးအတွက် ရေမရရှိခြင်းတို့ကြောင့် စိုက်ပျိုးမြေများမှာ အထွက်နှုန်းကျလာကာ စားနပ်ရိက္ခာပိုင်းကို ထိခိုက်လာသည်ဟု ဆိုသည်။
”ဒီတောင်ပေါ်ဒေသတွေမှာ တောင်ယာစိုက်ပျိုးလို့အဆင်မပြေရင် ဘာမှလုပ်စရာမရှိဘူး”ဟု ဦးဟုန်းကီးက ဆိုသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ရှိအချိန်တွင် ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်ရန် လှေကားထစ်လယ်ယာမြေများ ဖော်ထုတ်ကာ တောင်သူများအား နှစ်တို၊ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးနိုင်အောင် ကြိုးစားပြီးဆောင်ရွက်နေကြသော်လည်း ငွေကြေးအင်အားနှင့် နည်းပညာလုံလောက်မှုမရှိသေးဟု ၎င်းကဆိုသည်။
လမ်းပန်းဆက်သွယ်ရေးကြောင့် ရိက္ခာပြတ်
ထို့ပြင် မိုးရာသီတွင်လမ်းများပြိုကျပြီးမြေပြန့်ဒေသနှင့်ဆက်သွယ်ရေးပြတ်တောက်သွားသည့်အခါမျိုး၌ ”အစားအသောက်တွေ ပြတ်လပ်သွားတာတွေရှိတယ်။ ဈေးကြီးပေးပြီး ဝယ်ရတယ်။ ဝယ်စရာတောင် မရှိတဲ့ အခြေအနေရောက်ခဲ့တယ်။ ရွာတွေမှာဆို ခက်ခဲတာပေါ့”ဟု ဦးဟုန်းကီးက ဆက်လက်ပြောသည်။
ဟားခါးမြို့ကနေ ရှစ်မိုင်ခန့်ဝေးသည့် အိမ်ခြေ ၆ဝ၊ လူဦးရေ ၃ဝဝ ရှိသော ဖာရ်ရောန်ကျေးရွာဆိုလျှင် ဂိုဒေါင်တစ်ခုဆောက်ပြီး ကျေးရွာအတွက် ဆန်အိတ် ရှစ်ဆယ်သိုလှောင်ထားသည်။ ဟားခါးမြို့နှင့် ရွာသို့ ဖောက်လုပ်ထားသည့် မြေသားလမ်းမှာ မိုးတွင်းရောက်လျှင် လမ်းမြေ၊ တောင်မြေများ ပြိုကျသောကြောင့် ဆန်အိတ်သယ်သည့် ကားများ သွားလာ၍ မရသည့်အခါ၌ ဂိုဒေါင်မှ ဆန်ကို ကျေးရွာသားများအား ထုတ်ရောင်းသည်။ ဥပမာ – ဟားခါးတွင် ၂၃,ဝဝဝ ကျပ်ပေးရသော ဆန်တစ်အိတ်ကို သယ်ယူစရိတ်ပေါင်းပြီး ကျေးရွာ၌ ၂၄,ဝဝဝ ကျပ်ဖြင့်ရောင်းချသည်။
”ဒီလိုသာ မလှောင်ထားရင် တော်တော်ဒုက္ခရောက်ကြမယ်။ ငတ်ကုန်ကြမယ်။ တစ်ရွာလုံးမှာမှ ဝမ်းစာဖူလုံတာ အိမ်နှစ်ဆယ် မပြည့်ဘူး”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်ကမ်းက ပြောသည်။
ဟားခါးမြို့နယ်၊ အိုင်ပဲကျေးရွာမှ အသက် ၃၅ နှစ်ရွယ် ဒေါ်နီချင်းတို့မိသားစုဆိုလျှင်လွန်ခဲ့သည့် တစ်နှစ်ခန့်က စပြီးကျေးရွာမှ ရွာသူရွာသားများ၏ ထောက်ပံ့ပေးသည့်ဆန်နှင့် ကျေးရွာဘုရားကျောင်းက ပေးသည့် ဆန်ကိုသာ စားနေရသည်။ အကြောင်းမှာ သူတို့ စိုက်ပျိုးသည့် တောင်ယာတစ်ဧကကျော်မှ ထွက်သည့်သီးနှံများမှာ လေးလမျှသာ ရိက္ခာဖူလုံသည်။ သူ့တွင် တစ်နှစ်အရွယ် သားတစ်ယောက်နှင့် သုံးနှစ်အရွယ် သမီးတစ်ယောက်ရှိသည်။
သူတို့နေ့စဉ်စားသောက်သည့် ဟင်းများမှာလည်း အိမ်ခြံဝင်း၌ စိုက်ပျိုးသည့်မုန်ညင်း၊ ကော်ဖီထုပ်စသည့် အသီးအရွက်များသာဖြစ်ပြီး ငါးပိရည်မှာ ဟင်းကောင်းဖြစ်သည်ဟု ထမင်းချက်သည့်နေရာတွင် ချိတ်ဆွဲထားသည့် ငါးပိထုပ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။
ယခုနှစ်တွင် သူ၏ သားမှာ မကြာခဏ ဖျားနာနေပြီး ယောကျ်ားဖြစ်သူမှာလည်း ကျန်းမာရေးမကောင်း သောကြောင့် တောင်ယာကို မသွားနိုင်သည်မှာ တစ်လနီးပါးရှိပြီဖြစ်သည်။ တောင်ယာရှိ သီးနှံပင်များမှာလည်း မြက်ပင်၊ ပေါင်းပင်များကြားတွင် သေနေလောက်ပြီဟု သူက ဆိုသည်။
”ဒီနှစ်က စိုက်ပျိုးထားတဲ့ တောင်ယာကလည်း သီးနှံမထွက်နိုင်တော့ဘူး။ ရွာက ပေးတဲ့ ဆန်ကိုပဲ စားရမယ်။ ရွာမှာဆန်အခက်အခဲဖြစ်ရင် ကျွန်မတို့လည်း ဒုက္ခရောက်မှာပဲ” ဟု ဒေါ်နီချင်းက ညည်းညူရင်း ဆိုသည်။
ဒေါ်ချင်းနီတို့ အိုင်ပဲကျေးရွာတွင် ဆန်သိုလှောင်ထားသော်လည်း ဇွန်နောက်ဆုံးအပတ်တည်းကပင် ဂိုဒေါင်အတွင်း သိုလှောင်ထားသည့် ဆန်အိတ်ငါးဆယ် ကုန်သွားပြီဟုဆိုသည်။
မိုးရာသီတွင် ဟားခါးကနေ သူတို့ရွာကို ဆက်သွယ်ထားသည့် လမ်းမှာ ကားသွားလာ၍ မရသောကြောင့် ဆိုင်ကယ်ဖြင့် ဆန်အိတ်များကို သယ်ယူနေကြရပြီး ဆန်တစ်အိတ်ကို သယ်ယူခ အနည်းဆုံး တစ်သောင်းပေးနေရသည်ဟု အိုင်ပဲကျေးရွာမှ မူလတန်းပြ ဆရာမ ဒေါ်ရွှေကီးက ပြောသည်။
”အခုလည်း ပိုက်ဆံမရှိတဲ့ မိသားစုတွေ စားသောက်ဖို့ အခက်အခဲဖြစ်နေကြပြီ။ ဆန်ရှိတဲ့ အိမ်တွေက ချေးငှားပြီး စားနေကြတယ်။ ဒီနှစ်တော့ (ဆန်ဝယ်ရတာ)တော်တော် အခက်အခဲဖြစ်မယ်နဲ့ တူတယ်နော်”ဟု ၎င်းက ဆိုသည်။
တချို့ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်ဈေးနှုန်းများ တစ်ဆခန့်တက်သွားတတ်သည်ဟု ဒေသခံများက ဆိုကြသည်။
ချင်းပြည်နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများကို ဆောင်ရွက်သည့် ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းမှ စီမံကိန်းတာဝန်ခံ ဦးပါဟရဲက သူတို့စီမံကိန်းများဆောင်ရွက်သည့် ဒေသအချို့ ၌ ဆင်းရဲသော မိသားစုများမှာ လေးလကနေ ခြောက်လအထိ ရိက္ခာဖူလုံမှု မရှိဟု ဆိုသည်။
”ပိုက်ဆံရှိရင်တောင် ဆန်တို့ အသားငါးတို့ကို ဝယ်လို့မရတဲ့ အနေအထားဖြစ်တယ်။ ဆန်တစ်နပ်၊ ပြောင်းတစ်နပ် စားတဲ့သူတွေ အများကြီးပေါ့ဗျာ”ဟု ဦးပါဟရဲက ဆက်လက်ပြောသည်။
ဆင်းရဲမွဲတေမှုမြင့်မားနေသည့် မြန်မာနိုင်ငံတွင်တစ်နေ့စားသောက်ရန် တစ်နေ့ရုန်းကန်နေကြသည့် မိသားစုများစွာ ရှိနေသည်။ သူတို့အတွက် အာဟာရပြည့်ဝသည့် အစားအသောက် ရရှိရေးထက် နေ့စဉ်ထမင်းစားသောက်နိုင်ရေးက ပိုအရေးကြီးသည်ဟု ပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၇၂ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်နေထိုင်လျက်ရှိကာ တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှု၏၈၅ ရာခိုင်နှုန်းမှာလည်း ကျေးလက်ဒေသတွင် စုဝေးလျက် ရှိသည်ဟု လက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း (တတိယမူကြမ်း)၌ ဖော်ပြထားသည်။
သဘောမှာ လူတစ်ရာတွင် ၇၂ ယောက်မှာ ကျေးလက်တွင် နေထိုင်ကြပြီး တစ်နိုင်ငံလုံး၏ ဆင်းရဲနွမ်းပါးသူ တစ်ရာတွင် ၈၅ယောက်သည် ကျေးလက်ဒေသ၌ စုဝေးလျက်နေထိုင်ကြသည်ဆိုသည့် သဘောဖြစ်သည်။
ထို့အပြင် တစ်နိုင်ငံလုံး အလုပ်အကိုင်အားလုံး၏ ၆၁ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကဏ္ဍ၌ လုပ်ကိုင်ကြပြီး ယင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသူ ၅၄ ရာခိုင်နှုန်းကျော်မှာလည်း ဆင်းရဲနွမ်းပါးမှု သတ်မှတ်မျဉ်းအောက်တွင်ရှိနေကြသည်ဟု ထိုမဟာဗျူဟာ မူကြမ်း၌ ဖော်ပြထားသည်။
တွန်းဇံမြို့နယ်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်က ”ကျန်းမာရေးနဲ့ ညီညွတ်တာ၊ မညီညွှတ်တာ အာဟာရဖြစ်တာ၊ မဖြစ်တာ မိဘတွေက မသိဘူး။ ဗိုက်ပြည့်ရင်ပြီး ရောဆိုပြီး စားလိုက်တာ များတယ်။ ကလေးတွေက မိဘတွေစားတဲ့အတိုင်း စားရတယ်” ဟု ပြောသည်။
အစိုးရ ဘာတွေလုပ်နေလဲ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အာဟာရပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ပရိုတင်းအင်အားချို့တဲ့ရောဂါ ကာကွယ်ရေးလုပ်ငန်း၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကာကွယ်ရေးလုပ်ငန်း၊ (Infantile Beriberi) သူငယ်နာဘယ်ရီဘယ်ရီရောဂါ ကာကွယ်ရေးလုပ်ငန်း၊ ဗီတာမင်အေ ချို့တဲ့ရောဂါ ပပျောက်ရေးလုပ်ငန်းနဲ့ အိုင်အိုဒင်းချို့တဲ့မှုရောဂါများ ပပျောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ဆိုသည်။
ကျောင်းသူ၊ ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ စီမံကိန်းဝင်သည့် ကျောင်းများကို နွားနို့တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သူက ဆိုသည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာနနှင့် ရွှေပါရမီဖောင်ဒေးရှင်းတို့ပူးပေါင်းကာ အခြေခံပညာမူလတန်းကျောင်းအချို့ ၌ ပဲနို့အာဟာရတိုက်ကျွေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက ကမ္ဘာ့အာဟာရမြှင့်တင်ရေးလှုပ်ရှားမှု(Scaling UP Nutirtion – SUN Movement) ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် လူတိုင်းလုံလောက်သော အစားအစာနှင့် သင့်တင့်မျှတသည့် အာဟာရရရှိရေးမူဝါဒကို အခြေခံကာ ကဏ္ဍပေါင်း စုံပါဝင်လာအောင် (ဥပမာ – စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည့်ဌာနပေါင်းစုံ)ဆောင်ရွက်လျက်ရှိသည်ဟု ဒေါက်တာလွင်မာလှိုင်က ဆိုသည်။
”အာဟာရချို့တဲ့ရခြင်းရဲ့ နောက်ခံ အကြောင်းရင်းတွေကို မဖြေရှင်းနိုင်သရွေ့တော့ ကျွန်မတို့လုပ်ငန်းတွေက အခက်အခဲတွေ ရှိနေဦးမှာပါပဲ။ ဒါ့ကြောင့်ကဏ္ဍ ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်”ဟု ဒေါက်တာလွင်မာလှိုင်က ပြောသည်။
အစိုးရအနေဖြင့် ထိုကဲ့သို့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း မကျိန်ဒိတ်လျန်းညောင် နေထိုင်သည့် တွန်းဇံမြို့နယ်က ဖွန်တုန်ကျေးရွာမှာတော့ ၎င်းစီမံကိန်းများမှာ သက်ရောက်မှု မရှိသေးပေ။
အစိုးရသစ်နှင့် စိန်ခေါ်မှုများ
အစိုးရသစ်လက်ထက်တွင် ရေရှည်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများ၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ဝန်ကြီးဌာနမှ ပညာရှင်များ၊ ပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပူးပေါင်းပြီး ရေးဆွဲလျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။
သို့သော် နိုင်ငံတော်က ချပေးသည့် ဘတ်ဂျက်လုံလောက်မှု မရှိခြင်း၊ လယ်ယာလုပ်သားရှားပါးလာခြင်း၊ ရေကြီးရေလျှံအပါအဝင် ရာသီဥတုဖောက်ပြန်လာခြင်းတို့သည် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရန် အဟန့်အတားဖြစ်နေသည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယမြေဧရိယာအကျယ်ဆုံးဖြစ်ပြီး ရေမြေတောတောင်သဘာဝကြွယ်ဝသလို ရာသီဥတုလည်း ကောင်းမွန်သော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအား ယခုအချိန်ထိ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်သေး၊ မစီမံနိုင်သေးဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ထောက်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝတိုးတက်ရေး လုပ်ငန်းများတွင် အဓိက အခန်းကဏ္ဍကနေ ပါဝင်နေရာ ယင်းလုပ်ငန်းများကို ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်လျှင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမည့်အပြင် ပြည်ပသို့ပါ တင်ပို့ုနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ ဆင်းရဲမှုနှုန်းကိုပါ လျှော့ချနိုင်သည်ဟု သူက ဆိုသည်။
”အလယ်ပိုင်းဒေသ ဆီထွက်သီးနှံစိုက်ပျိုးလို့ရတယ်။ ဒါပေမဲ့ မလေးရှားကနေ ဒေါ်လာသန်းရာချီ စားအုန်းဆီသွင်း နေရတယ်။ ကယား၊ ချင်း (ပြည်နယ်တို့မှာ) ရိုးရိုနွား၊ နို့စားနွားတွေ မွေးလို့ရတယ်။ ဒါပေမဲ့ မလုပ်နိုင်သေးဘူး”ဟု ဒေါက်တာထွန်းဝင်းက ထောက်ပြသည်။
အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများအဆင့်ထိ ဖွံ့ဖြိုးအောင် ဆောင်ရွက်သလို ထွက်ရှိလာသည့် သားငါး၊ ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချနိုင်မည့် ဈေးကွက်ဖော်ဆောင်ပေးသင့်သည်။
ယင်းအတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်အောင်လုပ်ရန် လိုအပ်သည်ဟု သူက ဆက်ပြောသည်။
”ယနေ့အချိန်ထိ ကြွေးကြော်လို့သာ ကောင်းနေတုန်း။ အပြောပဲရှိတယ်။ လုပ်တာမပေါ်လာသေးဘူး။ စိုက်ပျိုးရေးရော၊ မွေးမြူရေးရော အားလုံး ဘက်စုံလုပ်နိုင်ဖို့လိုတယ်”ဟု ဒေါက်တာထွန်းဝင်းက ဆိုသည်။
ရွှေ့ပြောင်းလုပ်ကိုင်ကြ
ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းမှ စီမံကိန်းတာဝန်ခံ ဦးပါဟရဲကလည်း သူတို့ဒေသတွင် တောင်ယာလုပ်ငန်း လုပ်ကိုင်သော်လည်း မိသားစုစားဝတ်နေရေးတောင် မဖူလုံသောကြောင့် တောင်ယာအလုပ်ကို မလုပ်ကိုင်ကြတော့ဘဲ တခြားအရပ်ဒေသများနှင့် ပြည်ပသို့ ပြောင်းရွှေ့မှု ပိုများလာသည်ဟု ဆိုသည်။
မော်ကွန်းက သွားရောက်ခဲ့သည့် ဟားခါးမြိုနယ်နှင့် တွန်းဇံမြို့နယ်ရှိ ကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများကလည်း ၎င်းတို့ဒေသ၌ ကျေးရွာတစ်ရွာလျှင် အနည်းဆုံးအိမ်ခြေ ဆယ်အိမ်ကျော်မှ လူငယ်များသည် နိုင်ငံခြားတွင် အလုပ်လုပ်နေရသည်ဟု ဆိုကြသည်။
ဦးပါဟရဲကတော့ ”အဲဒီက ပို့တဲ့ ငွေနဲ့ရပ်တည်ကြတာ မှန်ပေမယ့် စားနပ်ရိက္ခာပိုင်းမှာ တခြားဒေသအပေါ်ပဲ လုံးလုံးမှီခို နေရရင်တော့ ရေရှည်အတွက် မကောင်းဘူး။ သူတို့ဒေသမှာ တစ်ခုခုဖြစ်ရင် ဒီဒေသက လူတွေ တော်တော် အခက်အခဲဖြစ်မယ်”ဟု ဆိုသည်။
မကျိန်ဒိတ်လျန်းညောင်သည် တောင်ယာမလုပ်တော့သည့် နောက်ပိုင်း အိမ်တွင် ကလေးများကို စောင့်ရှောက်ရင်း တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးကို လုပ်ချင်သည်ဟု ဆိုသည်။ လက်ရှိတွင်လည်း အရပ်ဘက်အဖွဲ့ အစည်းတစ်ဖွဲ့ က ပေးသည့် ဝက်တစ်ကောင်ကို မွေးထားသည်။
သူ စိတ်ကူးထားသည်က ဝက်သုံးကောင်လောက် မွေးထားပြီး ကြီးလာသည့်အခါ ပြန်ရောင်းပါက ပိုက်ဆံတစ်လုံး တစ်ခဲတည်း ရနိုင်သည်။
”အကူအညီပေးမယ့် သူတွေရှိရင် ကောင်းမယ်။ ဝက်တွေ ကြီးလာလို့ ရောင်းရတဲ့အခါ ပြန်ဆပ်မယ်။ ပိုက်ဆံလည်း တစ်စုတည်းရမယ်။ ပိုက်ဆံရလာရင်တော့ သားတွေ၊ သမီးတွေကို အာဟာရ အစားအစာကျွေးနိုင်မယ်”ဟု သူက ဆိုသည်။
မကျိန်ဒိတ်လျန်းညောင် စကားပြောနေစဉ် သူ၏ အမျိုးသား ဦးမန်လမ်ခိုင်သည် မီးဖိုချောင်သို့ဝင်သွားပြီး ပန်းကန်လုံး နှစ်လုံးဖြင့် ထမင်းနှင့် ဖရုံရွက်ဟင်းချို အနည်းငယ်ထည့်လာသည်။
ပြီးတော့ သူက ယခုလိုလှမ်းပြောသည်။ ”အာဟာရဖြစ်ဖို့ထက် ထမင်းနပ်မှန်ဖို့က အရေးကြီးတယ်”
၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။