ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၃ (မော်ကွန်း)
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်တပ်အာဏာမသိမ်းမီ ၁၀ နှစ်အတွင်း တိုက်ပွဲပေါင်း ၄,၆၀၀ ကျော်ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၈,၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဘက်မှာ တိုက်ပွဲတွေက ခဏတိုင်းဖြစ်တာ။ လူအင်အားကရှိတယ်။ အဓိကက လက်နက်မလုံလောက်တာ။ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ဆို ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲက ခဏတိုင်းပဲ။ သူတို့ဆန်တက်လာရင် ဘေးကရွာတွေပါ စစ်ကြောင်းဝင်တော့ (တိုက်ပွဲ) အမြဲတမ်းလိုလို ဖြစ်နေတာ” လို့ ယင်းမာပင်မြို့နယ်ထဲက ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၅၇၀ ကျော်အထိရှိလာပြီး ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက်ဟာ နှစ်သန်းကျော်အထိရှိလာပြီလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
၂၀၁၀ ကနေ ၂၀၂၀ အထိ ၁၀ နှစ်အတွင်း အစိုးရနှစ်ဆက် အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံရေးပြသနာတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူဟာ အာဏာသိမ်းပြီးနောက် ပျက်သုဉ်းသွားတယ်လို့ ISP Myanmar ရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
Photo-Yinmarbin local PDF
#Dailynews

