ကနီ – ၂၀၂၂ မတ် ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပစ်ခတ်နေလို့ ကျေးရွာ ၁၀ ရွာက ရွာသူရွာသားထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတစ်ဦး ဦးခေါင်းပစ်ခတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့က ကနီမြိုနယ် ဇီးပင်တွင်းရွာ ၊ အောင်မင်္ဂလာရွာအနီး ရောက်ရှိလာခဲ့ပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော ကနီမြိုနယ် ချောင်းမရွာ ကိုရောက်ရှိလာခဲ့ပြီး ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး၏ ဦးခေါင်းကို ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
“ဦးခေါင်းကျည်ထိသွားတဲ့တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ စစ်တပ်က ချောင်းမရွာထဲမှာ အထိုင်ချထားတယ်”လို့ ကနီနယ်ခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချောင်းမရွာကလူနေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်ဖျက်ဆီးတာတွေပြုလုပ်နေပါတယ်။
ဗျူဟာမှူး ပါလာတယ်လိုလည်းသိရပြီး ကနီမြိုနယ်အတွင်း တပ်ဖြန့်၊စစ်ဆင်ရေးချီနိုင်တယ်လို့ ဒေသခံအချို့က သူတို့ကြားထားတဲ့ သတင်းကို ပြောပြပါတယ်။
ကနီမြိုနယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကနီနယ်အနီးမှာရှိတဲ့ ယင်းမာပင်မြိုနယ် ၊ ဘန့်ဘွေးရွာမှာလည်း အာဏာသိမ်းစစ်တပ် ရောက်ရှိနေပါတယ်။
မကြာခင် ကနီမြိုနယ်ဘက်ကိုရွေ့လျားမယ့် အနေအထားရှိတယ်လို့ ဒေသခံအချို့က ခန့်မှန်းပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ က လေးစတဲ့ မြိုနယ်လေးခုကလွဲပြီး ကျန်မြိုနယ်အားလုံးကို မနေ့ ည ၁၁း၀၀ နာရီကစတင်ကာ အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။
#Dailynews

