ဆားလင်းကြီး – ၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း)
ဒီကနေ့ နံနက် ၉း၄၀ ဝန်းကျင်ကစလို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်တဝိုက်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံအရပ်သား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ပံတောင်းတောင်မှာရှိတဲ့ မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းမှာ တပ်စွဲထားတဲ့အဖွဲ့ဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်ပါရှိကာ ပုသိမ်-မုံရွာလမ်းဘေး ကံကုန်းနဲ့ဒုန်းတောရွာတွေက ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခဲ့တာပါ။
“စစ်ကြောင်းထိုးတာက ရုတ်တရက်ဆိုတော့အချို့လည်းမသိလိုက်ဘူး။ လတ်တလောအတည်ပြုနိုင်တာက ကံကုန်းရွာကလည်း ငါးယောက် ဓားစာခံအဖမ်းခံထားရတယ်။ ဒုန်းတောကျေးရွာကလည်း ငါးယောက်ခန့်အဖမ်းခံရတယ်။ အတည်ပြုနိုင်တာက ခုနစ်ယောက်တော့သေချာတယ်။ စစ်ဘေးရှောင်ရင်း လူစုကွဲနေတာဆိုတော့ ၁၀ယောက်ထက်လည်း ပိုကောင်းပိုနိုင်မယ်။ အဆက်သွယ်တော့မရဘူး။ဒါကြောင့်အတည်ပြုဖို့ ခက်တယ်”လို့ ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုသက်ဦးကပြောပါတယ်။
နေ့လယ် ၁၂း၀၀ နာရီလောက်မှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ မုံရွာ)ကနေ စစ်ကားတစ်စီးနဲ့ အင်အား ၃၅ ဦးလောက်ထွက်လာပြီး လက်ပံတောင်းက ထွက်လာတဲ့ အထက်ပါစစ်ကြောင်းနဲ့ ပူးပေါင်းပြီးကင်းယူကာ ဂုဏ်တောဘုန်းကြီးကျောင်းမှာလည်း တပ်စွဲထားတယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အကြောင်းပြကာ ဆားလင်းကြီးမြို့နယ်တဝိုက်ကို စစ်ကြောင်းထိုးမှုတွေ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိပါတယ်။
ဒီကနေ့မှာလည်း လက်ပံတောင်းတောင် မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းမှာ ကုမ္ပဏီဘက်က တရုတ်အကြီးအကဲတစ်ဦးရောက်ရှိနေတယ်လို့ ကြားရကြောင်း ဒေသခံတွေဆီကသိရပါတယ်။
လတ်တလောမှာ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ကျေးစာကျ၊ ပေကုန်း၊ ဘိန်းနွယ်ချောင်စတဲ့ရွာတွေ စစ်ဘေးရှောင်နေရပါတယ်။
ပုံစာ – ဒီကနေ့ စစ်ရှောင်နေရတဲ့ ဆားလင်းကြီးက စစ်ရှောင်များ။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

