ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၁၃ (မော်ကွန်း)
မကွေးတိုင်း ရေစကြိုနဲ့မြောင်နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်၊ အရပ်ဝတ်စစ်ကြောင်းကို ဒီကနေ့မနက်ပိုင်း ရဟတ်ယာဉ်နဲ့ မှားယွင်းပစ်ခတ်ခဲ့မိတာကြောင့် စစ်သားတွေသေဆုံးမှုများတယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ် Mi 35 ရဟတ်ယာဉ်ဟာ ဒီကနေ့မနက်ပိုင်း ရွှေလှံကျေးရွာအနီးမှာပျံဝဲခဲ့ပြီးနောက် သူ့လူတွေကို မှားယွင်းပစ်ခတ်ခဲ့မိတာလို့ပြောပါတယ်။
” ရွာကိုမီးရှို့ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးတော့ လေယာဥ်အကူခေါ်တာ၊ ရောက်လာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက မရှိတော့ဘူး၊ စစ်သားတွေရဲ့စစ်ကြောင်းက အရပ်ဝတ်တွေနဲ့ဆိိုတော့ မှားပစ်မိကြတာ၊ ၆၉ယောက်သေတယ်လို့ သိထားရတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရေစကြိုရေလယ်ကျွန်းဒေသက ရွှေလှံကျေးရွာကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းကဒီကနေ့မနက်ပိုင်းမှာမီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။
ရေစကြိုနဲ့မြောင်နယ်အစပ်ကို စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံရွာသားတွေထွက်ပြေးနေရပြီး မီးလောင်တဲ့နေအိမ်အရေအတွက်ကိုမသိရသေးဘူးလို့ သူကပြောပါတယ်။
ပုံစာ – ရေလယ်ကျွန်းဒေသသို့ ယနေ့လာရောက်ပစ်ခတ်သော အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်။
ဓာတ်ပုံ – သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့
#Dailynews