ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၃ (မော်ကွန်း)
မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာဒုက္ခသည် နှစ်သန်းနီးပါး ရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က မနေ့က ထုတ်ပြန်ပါတယ်။
ဒီအထဲက ၁ ဒသမ ၇ သန်းလောက်က ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ ဒုက္ခသည်တွေကို ဆိုပါတယ်။
ကျန်သူတွေကတော့ ဒိမတိုင်မီ ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းဘေးရှောင်နေကြတဲ့ ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်က ဒုက္ခသည်တွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
ဒါအပြင် ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်း နိုင်ငံတစ်ဝန်းမှာ အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုက ၇၅,၀၀၀ ဝန်းကျင် အထိ ရှိနေတယ်လို့ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရပြီး နှစ်ဖက်အုပ်စုတွေကြား တိုက်ခိုက်နေကြတဲ့ နိုင်ငံမှာ မြေမြုပ်မိုင်းအန္တရာယ်ကလည်း အရပ်သားတွေအတွက် ဖိအားပိုတိုးလာနေတယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးတယ်။
အခုဆိုရင် နေပြည်တော်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းမှာ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတာကို မှတ်တမ်းတွေမှာ တွေ့ရတယ်လို့ OCHA က သတိပေးပါတယ်။
ဒါအပြင် ဒီနှစ် ပထမ နှစ်ဝက်အတွင်း အကူအညီလိုအပ်နေသူ ၁ ဒသမ ၈ သန်းကို လူသားချင်းဆိုင်ရာအကူအညီတွေ ပေးထား နိုင်ပေမယ့် “ဝင်ရောက်ကူညီခွင့်ဆိုင်ရာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာအကန့်အသတ်များကြောင့် ကယ်ဆယ်ရေးအကူအညီပေး ရန် စီစဉ်ကြိုးစားထားသည်များကို ကြာမြင့်စွာ နှောင့်နှေးစေခြင်း၊ သို့မဟုတ် ရွှေ့ဆိုင်းရခြင်းများ ဖြစ်ပေါ်စေလျက်ရှိပြီး ဘေးဒဏ်ခံရသူများနှင့် နေရပ်စွန့်ခွာရသူများကို ပိုမိုထိခိုက်ခံစားရစေပါသည်” လို့ ကူညီကယ်ဆယ်ရေး ကန့်သတ်ခံနေရတဲ့ အပေါ် OCHA က ထုတ်ပြန်ချက်မှာ အသိပေးတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်နှင့် မိုခါမုန်တိုင်း တုံ့ပြန်ကူညီရေး အရေးပေါ် ရန်ပုံငွေ တောင်းခံထားမှုဟာ အခုအထိ လိုအပ်ချက်ရဲ့ ၂၈ ရာခိုင်နှုန်းပဲ အထောက်အပံ့ရသေးတယ်လို့လည်း ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ ဩဂုတ် ၃၁ရက်က စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းကစစ်ရှောင်များ
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

