တန့်ဆည် – ၂၀၂၁ နိုဝင်ဘာ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေလို့ ကျေးရွာငါးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေပိုင်းက တန့်ဆည်မြို့နယ်အနောက်ပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ပြီး ရွာသူရွာသားတချို့ကို ဖမ်းဆီးတာတွေပြုလုပ်နေတာကြောင့် ပကာ၊စိန်ကျေးကူး၊စင်းသင်း၊ ခေါင်ယာ၊မောက်တက် ရွာများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဖမ်းပြီးလမ်းပြခိုင်းတယ်။ လမ်းပြတွေထဲကတချို့ကိုတော့ ညနက်မှပြန်လွှတ်တယ်ပြောတယ်။ စိန်ကျေးကူးရွာက အမျိုးသမီးတစ်ယောက်လည်းအဖမ်းခံရတယ်။ ပြန်မလွတ်သေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ညကလည်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းအနီး ပေါက်ကွဲသံသုံးကြိမ်ကြားလိုက်ရပြီး စခန်းထဲကပြန်လည်ပစ်ခတ်သံတွေလည်းကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေပိုမိုဖမ်းဆီးစောင့်ကြပ်နေတာကြောင့် ဒီကနေ့ကစပြီး ကံထူးမ-ကလေးဝ လမ်းပေါ် မည်သည့်ကားမှ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။
#Dailynews

