မွန် – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း)
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာရှင်စစ်တပ်ဟာ မွန်တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တယ်လို့ မွန်တော်လှန်ရေး လက်နက်ကိုင်သုံးဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မနက်ဖြန်ကျရောက်မယ့် ၇၇ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ ပူးတွဲထုတ်ပြန်ချက်မှာ မွန်ပြည်သစ်ခွဲထွက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NMSP/MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က အခုလို ထည့်သွင်းထားတာဖြစ်ပါတယ်။
မွန်တွေရဲ့ တော်လှန်ရေးဟာ ၇၇ နှစ်ပြည့်လာပေမယ့်လည်း အခုအချိန်ထိ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ဆုံးရှုံးနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှ မွန်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ရရှိမယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ ဘဝတူ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ဖို့လိုပြီး အာဏာရှင်စစ်တပ်ဟာ ယိမ်းယိုင်နေပြီလို့ ထုတ်ပြန်ပါတယ်။
“မင်းအောင်လိုင်ရဲ့ လက်ရှိအခြေအနေက တော်တော်လေးကို အကျပ်အတည်း ရှိနေတယ်လို့ဘဲ ပြောရမှာပါ၊ မြန်မာနိုင်ငံရေးအရ၊ ဉီးစီးရေးအရ၊ သံတမန်ရေးအရပ်ပါ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်၊ နိုင်ငံရေးအရလည်း ဒီမြန်မာပြည်မှာ ရှိနေတဲ့ ပြည်သူပြည်သားအားလုံးက လက်မခံဘူး၊ စစ်ရေးအရလည်း မြောက်ပိုင်း နောက်ပြီးတော့ အနောက်ပိုင်းတို့ တခြားတိုင်းနဲ့ပြည်နယ်များမှာလည်း စစ်ရေးရှုံးနိမ့်မှုတွေ အမြဲကြုံနေရတယ်”လို့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။
တနင်္သာရီ၊ ရေဖြူမြို့စတဲ့ဘက်တွေမှာလည်း စစ်ရေးလှုပ်ရှားမှုတွေနည်းနေတာကြောင့် မွန်တော်လှန်ရေးတပ်တွေအနေနဲ့ တစုတစည်းတည်း ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ဒေါက်တာသီရိမွန်ချမ်းက ပြောပါတယ်။
“အခုအချိန်မှာကျတော့ ဒီမွန်ပြည်သစ်ပါတီ (NMSP-AD)ရယ်၊ နောက်ပြီးတော့ မိမိတို့ မွန်ပြည်ကာကွယ်ရေးတပ်ရယ်၊ မွန်တော်လှန်ရေးတပ်တွေကျတော့ တော်တော်လေးနီးနီးစပ်စပ်နဲ့ စုပေါင်းမှုတွေဖြစ်လာခဲ့တယ်၊ ဒါပေမဲ့လည်း တခြားကျန်ရှိနေတဲ့ ခုနေပြောခဲ့သလို ဒီ M.L.A တို့ Mon liberation Army တို့ တခြားနွေးဉီးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ အခြားလက်နက်ကိုင်တပ်တွေနဲ့လည်း စုစည်းဖို့ ကျွန်တော်တို့ကြိုးစားနေသေးတယ်”လို့ ဒေါက်တာသီရိမွန်ချမ်းကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အခြေအနေဟာ ယိမ်းယိုင်နေတာကြောင့် ဒီအခြေအနေကို အမိအရဆုပ်ကိုင်ပြီး တိုက်ခိုက်ချေမှုန်းဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ မွန်ပြည်သူလူထုပါ အားလုံးပါဝင်ကြဖို့ ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

