အာဆီယံဘုံသဘောတူညီချက်တွေ အလုပ်ဖြစ်မှာမဟုတ်

အာဆီယံဘုံသဘောတူညီချက်တွေ အလုပ်ဖြစ်မှာမဟုတ်

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၁ (မော်ကွန်း)

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေကိုဘေးဖယ်ထားပြီး ယခင်က သဘောတူထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကိုပဲကိုင်ဆွဲထားတာဟာ အလုပ်ဖြစ်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေပြီး အဲ့ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးနေပါတယ်။

အာဆီယံဟာ ဘုံသဘောတူညီချက်တွေကိုကိုင်ဆွဲထားပေမယ့် စစ်ကောင်စီအနေနဲ့ အဲဒီ့အချက်တွေကိုလည်း လိုက်နာလုပ်ဆောင်လာဖို့ အရိပ်အယောင်မရှိသေးဘူးလို့လည်း ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“ပြည်ပနိုင်ငံတွေက ဒီလိုမြင်တယ်ဗျ၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာလုပ်တဲ့ ရွေးကောက်ပွဲကို သူတို့အသိအမှတ်ပြုတယ်၊ အဲဒီ့ ရွေးကောက်ပွဲကို ဖြုတ်ချတဲ့သူနဲ့ ပြန်ဆွေးနွေးပြီး ပြန်ညှိနှိုင်းကြဖို့ တောင်းဆိုတယ်ဗျာ။ အဲ့ဒါကိုလုပ်ရင် သူတို့အကူအညီပေးမယ်ပေါ့။ ဒီက မင်းအောင်လှိုင်က အစကတည်းက သူသမ္မတလုပ်ချင်လို့ အာဏာသိမ်းတာဗျာ၊ ဘယ်လိုလုပ် လိုက်နာမှာလဲ၊ တကယ်က ဒီမှာက တော်လှန်ရေးလမ်းပဲရှိတော့တာ၊ ကျန်တာအလုပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

အကြမ်းဖက်မှုတွေ အားလုံးရပ်တန့်ရေး၊ သက်ဆိုင်သူတွေ တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာရေး၊ တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို အာဆီယံအထူးကိုယ်စားလှယ်က ချမှတ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးအပ်ခွင့်ပြုရေး၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေး စတဲ့ဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံက ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီက ချမှတ်ခဲ့ပါတယ်။

လက်ရှိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပြီးခဲ့တဲ့အစည်းအဝေးတွေလိုပဲ မြန်မာနိုင်ငံကိုယ်စားပြုသူမပါဝင်ဘဲ ကျင်းပနေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ NUG ကို ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေပြီး ပုံမှန်ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေတယ်လို့ VOA သတင်းဌာနနဲ့ အင်တာဗျူးမှာပြောပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ အာဆီယံဘုံသဘောတူညီချက်ငါးချက်မှာပါတဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရမယ် ဆိုတဲ့မူဝါဒအတိုင်း ဆက်လက်ကျင့်သုံးနေပြီး အဆိုပါဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လိုက်နာလာအောင် အားစိုက်ပြီးတွန်းအားပေးနေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အဲ့ဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာတော့ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေ ဆက်လက်ကျင်းပမှာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့အပါအဝင် အာဆီယံမိတ်ဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဖို့ရှိတယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။

ပုံစာ – ဒီနေ့စတင်ပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
Photo : ASEAN twitter


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."