အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ကဲဘာကျေးရွာကို မနေ့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေရာချီပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက်ပိုင်းက အရာတော်အရှေ့တောင်နယ်၊ ကဲဘာကျေးရွာကို စစ်တပ်နဲ့ ဒေသခံပျူစောထီးတွေဟာ လက်နက်ကြီးတွေ ပစ်ဖောက်ဝင်ရောက်လာလို့ဒေသခံပြည်သူတွေ ပြေးလွှားရှောင်တိမ်းခဲ့ရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ရွာလုံးကို မီးရှို့ပစ်ခဲ့ရာ ကဲဘာရွာမှ အိမ်ခြေ(၁၀၀)နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပြီးဆန်အပါအဝင်စားနပ်ရိက္ခာတွေကိုလည်း ဖျက်ဆီးသွားခဲ့ပါတယ်။
ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ငြှိမ်းသတ်သူမရှိဘဲ နေ့လယ်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ သလဲဘာရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားမှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ ရွာခံလူငယ်တချို့က မီးငြှိမ်းသတ်ခဲ့ရတာကြောင့် ညနေ (၃)နာရီခန့်မှ မီးငြိမ်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ကဲဘာရွာအပါအဝင် အရာတော်နယ်ထဲက ရွာပေါင်း ၁၅ ရွာကို စစ်ကောင်စီတပ်တွေက မကြာခဏဝင်ရောက်ဖျက်ဆီးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ-အရာတော်သတင်းမှန်ပြန်ကြားရေး
#Dailynews

