အရာတော် – ၂၀၂၃ ဇန်နဝါရီ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာမှာအထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမနေ့ညနေပိုင်းကစတင်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း – ၇ ဆီကသိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မြေပြင်သတင်းအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိတစ်ဦး အပါအဝင်စစ်သားရှစ်ဦးသေဆုံးပြီး ပျူစောထီးတွေလည်း သေဆုံးမှုရှိတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့တပ်ရင်းက တာဝန်ရှိသူကပြောပါတယ်။
“ကျွန်တော်တို့စသွားတာက ညနေ၆:၀၀နာရီမှာ၊လက်နက်ကြီးနဲ့ကောစက်ကလေးနဲ့ကောပစ်တယ်၊ လက်နက်ကြီးနဲ့ဘန်ကာတွေကိုပစ်တယ်၊စက်ကလေးနဲ့လိုက်တယ်၊ နောက်ဆုံးစခန်းကိုသိမ်းရခဲ့ပါတယ်”လို့ အဆိုပါအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ငါးနာရီ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ဆုတ်ခွာသွားကာ မူးမြစ်ကိုဖြတ်ပြေးသူတွေလည်းရှိတယ်လို့သူကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ စခန်းသိမ်းနိုင်ပြီးနောက် သလဲဘာကျေးရွာအတွင်းမှာ ပျူစောထီး ငါးယောက်ဝန်းကျင်သာကျန်ရှိတော့တယ်လို့သူကပြောပါတယ်။
သလဲဘာကျေးရွာက အရာတော်မြို့နယ်မှာ အင်အား အကြီးဆုံး အာဏာသိမ်းစစ်တပ် အခြေစိုက် ပျူစောထီးစခန်းဖြစ်တယ်လို့ ဆိုပါတယ်။
#Dailynews

