အရာတော် – ၂၀၂၃ မေ ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကြွေပုဂံရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်ပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ရွာထဲကိုသေနတ်ပစ်ဖောက်ပြီးဝင်လာတယ်၊ တိုက်ပွဲ ဖြစ်တာမျိုးတော့မရှိဘူး၊ ရွာထဲဝင်လာပြီးတော့ရွာကိုစတင် မီးရှို့တာ”လို့ဒေသခံတစ်ဦးကပြောပါတယ်။
အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်သား ၆၀ ဝန်းကျင် ဝက်ခဲကျေးရွာဘက်ကနေ ကြွေပုဂံရွာကိုဝင်ရောက်လာပြီး ရွာကိုမီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်း အနီးနားမှာရှိနေသေးတာကြောင့် နေအိမ်ပျက်စီးမှုအခြေအနေကိုအတည်မပြုနိုင်သေးဘဲ ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကြွေပုဂံကျေးရွာကနေအိမ် ၂၉လုံးကိုလည်း ဒီနှစ်မတ်လ ၂၉ရက်က ပထမအကြိမ်မီးရှို့ခဲ့ပြိီး အခုဒုတိယအကြိမ်ရှို့တာလို့ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ၊ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကိုင်းတိုင်းမှာ ၄၇,၇၇၈ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data For Myanmar က မတ်လ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။
#Dailynews

