မုံရွာ – ၂၀၂၄ မတ် ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေ ၅း၀၀ နာရီအချိန်လောက်ကစတင်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့သလို ပြည်သူ လေးဦးလည်း မီးလောင်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် PDF တပ်ရင်း ၄ ၊ တပ်ခွဲ ၂ ဆီကသိရပါတယ်။
သက္ကယ်ကျင်းရွာက အသက် ၈၀အရွယ် အမျိုးသမီးတစ်ဦး ၊ အိမ်သာထဲမှာ အသက် ၅၀အရွယ် အမျိုးသမီးနှစ်ဦးနဲ့ ရွာလမ်းမပေါ်မှာ အကင်သည် အမျိုးသားတစ်ဦးတို့မီးလောင်သေဆုံးခဲ့တာလို့ မုံရွာခရိုင် PDF တပ်ရင်း ၄၊ တပ်ခွဲ ၂၊ ပြန်ကြားရေးတာဝန်ခံ Zapya ကပြောပါတယ်။
“အိမ်ခြေ ပျက်ဆီးမှုက ၄၀၀ ဝန်းကျင်ပါ၊ အကြောင်းမဲ့ ထိတွေ့မှုမရှိ ပစ်ခတ်မှုမရှိဘဲ အသားလွတ် ဝင်တာပါ၊ သေဆုံးသူတွေက ကြိုးတုပ်မီးရှို့ခံထားရတာပါ၊ အကုန် ပူဆွေးနေရပါတယ်”လို့ သူကပြောပါတယ်။
သက္ကယ်ကျင်းကျေးရွာကနေအိမ် ၁၉၀၀ ဝန်းကျင်ရှိပြီး အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
” စစ်သားတွေက ကားသုံးစီးနဲ့ ရွာထဲဝင်လာတယ်၊ ဘုန်းကြီးကျောင်းရှေ့မှာထိုးရပ်ပြီး ဘေးနားကလူအကုန်ဓားစာခံဖမ်းသွားတယ်၊ကားပေါ်တင်သွားတာ၊ ကားတစ်စီးအပြည့်ပဲ၊ ရွာထိပ်ကစပြီး မီးပြန်ရှို့သွားတာ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အခုလက်ရှိအချိန်မှာ အာဏာသိမ်းစစ်တပ်က ရွာထဲကနေ ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဓားစာခံဖမ်းဆီးခံထားရသူ တစ်ရာကျော်ကိုတော့ခုထိပြန်မလွှတ်သေးဘူးလို့ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့ကနောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၄,၇၀၀ နီးပါးရှိနေပါတယ်။
Data for Myanmar ရဲ့ ဒီနှစ်ဆန်းပိုင်းအစီရင်ခံစာမှာဆိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ထိ အာဏာသိမ်းစစ်တပ်မီးရှို့လို့ ပျက်စီးသွားရတဲ့ အရပ်သားပြည်သူပိုင် နေအိမ် အနည်းဆုံး ၇၈,၀၀၀ နီးပါးရှိနေတာကိုတွေ့ရပါတယ်။
ပုံစာ – မီးရှို့ခံထားရတဲ့ သက္ကယ်ကျင်းရွာ
ဓါတ်ပုံံ – ပြန်ကြားရေးတာဝန်ခံ Zapya