အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဇွန် ၁၀ (မော်ကွန်း)
အများပြည်သူအကျိုးစီးပွား ထိခိုက်မှုမရှိတော့သည့်အခါမှသာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများပြန်ဖွင့်ပေးမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ယန့ နေပြည်တော်တွင်ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ စတုတ္ထနှစ်အတွင်း ဆောင်ရွက်မှုများအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၉ ခုကို ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက် ကတည်းက အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် MPT ၊ Ooredo၊ Telenor နှင့် Mytel စသည့် ဆက်သွယ်ရေးကုမ္ပဏီများ၏ အင်တာနက်သုံးစွဲခွင့်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကို သြဂုတ်လ ၁ ရက်အထိ အင်တာနက် ဆက်လက်ပိတ်ထားရန် ညွှန်ကြားချက်ရှိထားပြီဖြစ်ပြီး “အများပြည်သူအကျိုးကို ထိခိုက်လို့ အင်တာနက်ပိတ်ထားတာပါ။ အများပြည်သူအကျိုးကို ထိခိုက်မှုမရှိတော့တဲ့အခါမှသာပြန်ဖွင့်ပေးမှာပါ” ဟု ၎င်းကဆိုသည်။
၂ဝ၁၉ စက်တင်ဘာ ၁ ရက်တွင် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်လေးခုနှင့် ပလက်ဝမြို့နယ်များတွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သေးသည်။ သို့သော် ယင်းမြို့နယ် ငါးခုသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်အပိတ်ခံခဲ့ရသည်။
မေ ၂ ရက်တွင်မူ မောင်တောမြို့နယ်တစ်ခုကတည်းကိုသာ အင်တာနက်လိုင်းပြန်ဖွင့်ပေးခဲ့ရာ ကျန်သည့်မြို့နယ် ရှစ်ခုမှာ အင်တာနက်အပိတ်ခံထားရသည်မှာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။
ဘူးသီတောင်မြို့နယ်မှ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူ အသက် ၄၅ နှစ်အရွယ် ဦးဝင်းနိုင်က အင်တာနက်သုံးခွင့် မရသောကြောင့် လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာသတင်းနှင့် စစ်ပွဲသတင်းများကို အချိန်နှင့်တပြေးညီမသိရဘဲ သတင်းရနှောင့်နှေးနေသည်ဟု မော်ကွန်းကို ပြောသည်။
“သတင်းက တီဗီတွေ၊ ရေဒီယိုတွေကနေ ရပေမယ့် အင်တာနက်လို မြန်မြန်ဆန်မရတော့ ကိုယ့်အနီးအနားက မြို့မှာ ဘာဖြစ်နေတယ်ဆိုတာကို သူများတွေသိပြီးချိန်မှာ ကျွန်တော်တို့က မသိရဘူး။ မိသားစုထဲမှာ တစ်ယောက်လောက် သိရရင်တောင်တော်သေးတယ်။ ခုက တစ်ယောက်မှကို မသိရတာ။ အင်တာနက် အမြန်ပြန်ဖွင့်ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အင်တာနက် အဆက်မပြတ်ရရှိရေးသည် အခြေခံအခွင့်အရေးတစ်ခု ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်နှင့် လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်များကို ကိုးကား၍ အင်တာနက်ပြန်ဖွင့်ပေးပါရန် လက်မှတ်ရေးထိုးတောင်းဆိုထားသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အသံအဖွဲ့၏ ဒါရိုက်တာ မောင်ဆောင်းခက “ရက္ခိုင့်တပ်တော် AA ရဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်ချင်တာနဲ့ အများပြည်သူအကျိုးစီးပွားဆိုတဲ့ စကားလုံးတွေသုံးပြီး အင်တာနက်ဖြတ်တောက်လိုက်တာ ဒေသခံတွေရဲ့ နေ့စဉ်လူမှုစီးပွားရေးကို အများကြီး ထိခိုက်နေတယ်” ဟု ဝေဖန်သည်။
ပုံစာ – အင်တာနက်ဖြတ်တောက်မှုရပ်ရန် ၂၀၁၉ ဒီဇင်ဘာလက ရန်ကုန်တွင် ဆန္ဒပြတောင်းဆိုနေကြစဉ်
Photo: Zay Yar Myint
#Dailynews