အမျိုးသား ပြည့်တန်ဆာ တို့ကို နှိမ်နင်းရ ခက်သည့် အကြောင်းအရင်း

အမျိုးသား ပြည့်တန်ဆာ တို့ကို နှိမ်နင်းရ ခက်သည့် အကြောင်းအရင်း

အခုတလော ဒုက္ခသီရိ၏ ပုလိပ် တပ်ဖွဲ့ အခြေအနေမကောင်းဟု ဆို ရမည်။

ပြက္ဒဒိန်တွင် ရက်ရာဇာ၊ ပြဿ      ဒါး မည်သို့ပင် သတ်မှတ်ထား စေကာမူ ပုလိပ်အဖွဲ့အတွက်တော့ မည်သည့်နေ့မဆို ပြဿ       ဒါးနေ့ ဖြစ်နေတတ်သည်။

ဆန္ဒပြကျောင်းသားဆယ်ဂဏန်းခန့်ကို ရုံးထုတ်စဉ်က တရားရုံးဝန်းကျင်တွင် ပုလိပ်တပ်ရင်းတစ်ခုစာလောက် အင် အားပြမှုကြောင့် အများပြည်သူ ထိတ်လန့်တကြားဖြစ်ရသည်။ လူဆိုးဗိုလ်ကို သွားရောက်ဖမ်းဆီးသော ပုလိပ်နှစ်ယောက် တစ်ပိုင်းမှာ အနှီလူဆိုးဗိုလ်၏ ဓားချက်မိပြီး အသီးသီးဒဏ်ရာရ သွားခြင်းကြောင့် အများပြည်သူ ထိတ်လန့်တကြားဖြစ်ရပြန်၏။

ထိုသို့ ဒုက္ခများရသော်လည်း ပရိသတ်၏ စာနာမှုကို ရာ နှုန်းပြည့်မရရှိပေ။ လူဆိုးသွားဖမ်းတာပဲကွာ၊ ပုလိပ်တပ်ရင်း တစ်ခုစာလောက်တော့ ခေါ်သွားသင့်တာပေါ့ဟူသော အငေါ်တူး မှုမျိုးနှင့်ပင် ကြုံရ၏။

တာဝန်အရ ရိုက်နှက်ရခြင်း

ဒုက္ခသီရိ၏ ပညာရေးဥပဒေကို ဆန့်ကျင်သော ကျောင်း သားတို့ကို နှိပ်ကွပ်စဉ်ကလည်း ပုလိပ်တပ်ဖွဲ့ မျက်နှာကောင်းမရ ခဲ့ဟု ဆိုရမည်။ ရာနှင့်ချီသော  ပုလိပ်တပ်သားများ ထမင်းထုပ်မရ၊ ရေပုလင်း မရသဖြင့် နာရီပေါင်းများစွာ အစာငတ်၊ ရေငတ် ဖြစ် ရသည်။ ပုလိပ်အရာရှိတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဟု ဆိုသူက ဆိုသလို သူတို့ အဘတွေတောင် ကုန်စုံဆိုင်တစ်ခု မစီမံ၊ မခန့်ခွဲ နိုင်မှတော့ သူတို့လည်း ဒီလောက်ပဲ စီမံတတ်မှာပေါ့ဟု ဆိုသူ လည်း ရှိ၏။

          ပုလိပ်အရာရှိကြီးတစ်ဦးကမူ ထိုအခြေအနေဖြစ်အောင် တမင်လုပ်ယူရခြင်းဖြစ်သည်ဟု ပြောသည်။

”အိုင်ဆေး ရန်လိုကျွဲ၊ ရဲဘော်တွေကို အစာငတ် ရေငတ် ထား၊ နေပူထဲ မတ်တတ်ရပ်ခိုင်းထားတော့ ဘာဖြစ်သလဲ သိလား၊ ဒေါသဖြစ်တာပေါ့ကွ။ အဲဒီလို ဒေါသထွက်နေမှ ရိုက်ရနှက်ရ တဲ့အခန်းကဏ္ဍရောက်ရင် ကောင်းကောင်း လက်စွမ်းပြနိုင်မှာကွ။ သူတို့ သက်သောင့်သက်သာဖြစ်နေရင် ဒေါသမထွက်ဘဲ စာနာ စိတ်တွေပဲ ဝင်လာတတ်တယ်”ဟု ရန်လိုကျွဲ၏ သတင်းရင်းမြစ် တစ်ခုဖြစ်သည့် မိတ်ဆွေပုလိပ်အရာရှိကြီးက ပွင့်ပွင့်လင်းလင်း ဆို၏။

”ရိုက်စရာရှိတာ ရိုက်ရမှာပဲ။ တာဝန်အရ ရိုက်နှက်ရတာ လို့ ဖြေရှင်းချက်ပေးလို့ ရပါတယ်။ ဟဲဟဲဟဲ”ဟု သူက ဖြည့်စွက် ပြောကြားသည်။

ဆန္ဒပြသူတို့၏ကားတစ်စီးမှာ ပုလိပ်အယောက်တစ်ရာ၏ ရိုက်နှက်ကန်ကျောက်ခြင်းခံရသဖြင့် ဘဝပျက်သွားသည်။ အဆိုပါ ကားရုပ်ကြွင်းကို ကြည့်ခြင်းအားဖြင့် ပုလိပ်တပ်ဖွဲ့ဝင် တို့ကို ဒေါသထွက်စေရန် စီစဉ်ထားမှု အထမြောက်ကြောင်း သိ သာလေသည်။

ထိရင် နာတယ်

ဆန္ဒပြပွဲဖြိုခွင်းမှုများအတွင်း ပုလိပ်တပ်ဖွဲ့က လက်သံ ပြောင်ပြောင် အစွမ်းပြသဖြင့် ကျောင်းသားလူငယ်တို့ ဦးခေါင်း တွင် အာလူးသီးဆယ်လုံးစီ အနည်းဆုံးရ၊  ဘာမှမဖြစ်ဘူးဟု ယူဆခံရသူတို့လည်း အတွင်းဒဏ်ရာအသီးသီး ရသွားကြသည်။ ဆန္ဒပြသူတစ်ဦးကို ပုလိပ်ဆယ်ဦးခန့် ဝိုင်းဝန်းဆွမ်းကြီးလောင်း နေသည့် ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပလူပျံနေဆဲဖြစ်သည်။

တရားရုံးတွင် အမှုရင်ဆိုင်စဉ် ထိုဓာတ်ပုံများနှင့် ပတ်သက် ပြီး ပုလိပ်အရာရှိကြီးတစ်ဦး၏ ရှင်းလင်းချက်မှာ မှတ်ဖွယ်မှတ် ရာပင်။

”သူတို့ကို လက်ဖျားနဲ့တောင် မထိပါဘူး။ တုတ်တွေနဲ့ရိုက် တယ်ဆိုတာလည်း အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ။ တကယ် တော့ ရွယ်ရုံလေး ရွယ်တာပါ”ဟု ပုလိပ်ကြီးတစ်ဦးက ခပ်တည် တည်လျှောက်လဲချက်ပေး၏။

ဒုက္ခသီရိမှ လက်သံပြောင်သော ပုလိပ်တပ်ဖွဲ့ကို သင်တန်း ပေးသူတို့မှာ  အနောက်နိုင်ငံအစိုးရများဖြစ်သည်။  နောက်ဆက် တွဲရလဒ်အဖြစ် ဒုက္ခသီရိပုလိပ်တပ်ဖွဲ့သည် ယခု ဆယ်စုနှစ် အတွက် ဥရောပရွှေနံပါတ်တုတ်ဆု ရနိုင်ခြေရှိသည်ဟု သတင်း ထွက်လျက် ရှိသည်။

ပုလိပ်တို့အကြမ်းဖက်ရိုက်နှက်ခြင်းကို မကျေနပ်သဖြင့်  ကျောင်းသားများတရားပြန်စွဲသမျှမှာလည်း ပယ်ချခံနေရဆဲဖြစ် သည်။ ကျောင်းသားဆန္ဒပြသတင်းလိုက်ယူသည့် သတင်း ထောက်မှာမူ ပုလိပ်ကို လက်သီးတစ်လုံးကျွေးမှုဖြင့် ထောင်ချခံ လိုက်ရလေသည်။ ဤအမှုကြောင့်လည်း ပုလိပ်တပ်ဖွဲ့အထင် သေးခံရပြန်လေ၏။

ရက် ၁ဝဝ စီမံကိန်း

ဒုက္ခသီရိအစိုးရသစ်၏ ပထမရက် ၁ဝဝ အစီအစဉ်သည် ပုလိပ်တပ်ဖွဲ့ထံသို့လည်း ရောက်လာသည်။ မည်သည့်ပုလိပ်မဆို ရက် ၁ဝဝ အတွင်း  အမှု ၁ဝဝ ရှာဖွေရမည်ဟု ရုံးတွင်းòန်ကြား ချက်ထွက်လာလေရာ ပုလိပ်ကိုကို၊ ပုလိပ်မမတို့ အလုပ်များကြ လေကုန်၏။ ပုလိပ်တပ်ဖွဲ့ထဲရောက်ခါစ ပုလိပ်အသစ်များ ဒုက္ခလှ လှတွေ့ကြသော်လည်း ပုလိပ်ရည်လည်သူများအတွက်မူ အမှု ၁ဝဝ ကိစ္စမှာ ထမင်းစား၊ ရေသောက်သကဲ့သို့ လွယ်ကူလှသည်။

ပုလိပ်များအမှုလိုအပ်နေချိန်တွင် အဖြည့်ခံများစွာ ရှိသည် မဟုတ်လော။  ဂေးလ်များကို လိုက်လံဖျားယောင်းပြီး ကားထဲ ရောက်မှ လက်ထိပ်ခတ်ဖမ်းဆီးနိုင်သည်။ အနီးစပ်ဆုံးပုဒ်မမှာ လိင်တူခြင်းဆက်ဆံမှုဖြစ်၏။ ဒုက္ခသီရိတွင် ဤအမှုမှာ  ဧရာမ ရာဇဝတ်မှုဖြစ်၏။

ပုလိပ်တို့အတွက် ပိုမိုထင်ရှားသော ပစ်မှတ်မှာ ပြည့်တန် ဆာများပင်။ ဒုက္ခသီရိရှိ ပြည့်တန်ဆာများမှာ ပုလိပ်တို့ကို ဆက် ကြေးပေးရ၊ လိုင်းကြေးပေးကြရသည်။

မည်သို့ပင် ဆက်ကြေးပေးစေကာမူ စီမံချက်ရှိလာပါက အဖမ်းပြရလေသောကြောင့် ပြည့်တန်ဆာ အများအပြား အချုပ် ခန်းထဲ သွားထိုင်ကြရသည်။ ပိုမိုကံဆိုးသူတို့မှာကား တရားရုံး ရောက်၊ ထောင်ရောက် ဖြစ်ကြကုန်၏။

ရက် ၁ဝဝ အတွင်း ပြည့်တန်ဆာ အယောက် ၁ဝဝ,ဝဝဝ ထက်မနည်း အချုပ်ကျ၊ ထောင်ကျကြသည်။ ထို့ကြောင့် ကမ္ဘာ့ ရှေးအကျဆုံးအလုပ်ကို လုပ်ကိုင်ကြသူတို့က ပုလိပ်တို့ကို ပိုမို မုန်းတီးလာကြလေကုန်၏။

အမျိုးသား ပြည့်တန်ဆာ

ဤအတောအတွင်း ပုလိပ်တပ်ဖွဲ့ကို စွန့်ခွာသူ အများ အပြား ပေါ်ပေါက်လာလေသည်။ ဒုက္ခသီရိ အစဉ်အလာအရ စစ် တပ်မှ ပုလိပ်တပ်ဖွဲ့သို့ ပြောင်းရွှေ့လာသူတို့မှာ ရာထူးကြီးကြီး နေရာများကို ရသွားတတ်ကြ သည်။ ဤအခြေအနေကို ပုလိပ် အရာရှိငယ်တို့က မကျေမနပ် ဖြစ်သောကြောင့် ထွက်စာ တင် ကြ၊ အငြိမ်းစားယူရန် ကြိုးပမ်း ကြ၏။

ဤသို့သော အခြေအနေ တွင် ဗိုလ်ချုပ်ဈေး ပြဿနာ တက်လေသည်။ ထိုပြဿနာကို အပြင်လူတို့ မသိလိုက်ပေ။  ပြဿ      နာမှာ ဤသို့တည်း။

ဒုက္ခသီရိတွင် နာမည် ကျော် ဗိုလ်ချုပ်ဈေးရှိသည်။ မည်သည့်ဗိုလ်ချုပ်ကိုမျှ အမှတ်တရအဖြစ် ထိုသို့ အမည်ပေး ထားခြင်း မဟုတ်ချေ။ ထိုဈေးမှ ဈေးကြီးသည့်ဆိုင်ခန်းများကို ပိုင်ဆိုင်သူတို့မှာ ဗိုလ်ချုပ်များ ဖြစ်နေတတ်သောကြောင့် ဗိုလ် ချုပ်ဈေးဟု နာမည်တွင်နေခြင်းပင်။

အနှီဗိုလ်ချုပ်ဈေးတွင် အမျိုးသားပြည့်တန်ဆာများ ကျက် စားကြ၊ ဖောက်သည်ရှာဖွေကြ၊ ဈေးလယ်ကောင် လူလုံးပြကြ သည်။ ရင်ဘတ်တွင် ပန်းတစ်ပွင့်ထိုးထားပြီး ဈေးအတွင်း ဟို ယောင်ယောင် ဒီယောင်ယောင် လုပ်နေလျှင် ထိုသူမှာ အမျိုး သားပြည့်တန်ဆာပင်။ ဖောက်သည်မှာ အမျိုးသမီးများဖြစ် ကြသည်။

ဗိုလ်ချုပ်ဈေးတွင် အမျိုးသားပြည့်တန်ဆာဈေးကွက်ကြီး ဖြစ်နေမှန်းကို နှစ်ပေါင်း ၃ဝ အကြာတွင် ဒုက္ခသီရိပုလိပ်တပ်ဖွဲ့က စုံစမ်းသိရှိသွားလေသည်။ နောက်ကျမှ သိရခြင်းကြောင့် ပုလိပ် အရာရှိတို့ လွန်စွာဒေါသထွက်ကြ၏။ ထိုဈေးကွက်ကြီး၏ နှစ် ပေါင်း ၃ဝ စာ ဆက်ကြေး၊ လိုင်းကြေးဟူသည်မှာ ဒေါ်လာသန်း နှင့်ချီသော ငွေပမာဏဖြစ်ကြောင်း စာဖတ်သူတို့ ရိပ်စားမိကြ ပေမည်။ ထို့ ကြောင့် သူတို့ လွန်စွာ ဒေါသထွက်နေကြခြင်းပင်။

နောက်ဆုံးတွင် အမျိုးသားပြည့်တန်ဆာပပျောက်ရေး စီမံ ချက်ဟူသည်ကို ကမန်းကတန်း အကောင်အထည်ဖော်လေသည်။ ပြည့်တန်ဆာလုပ်ငန်း မည်သို့ ပပျောက်မည်နည်း။ ကမ္ဘာဦးက တည်းက ပေါ်လာသောလုပ်ငန်း မဟုတ်လော။ အမျိုးသားပြည့် တန်ဆာလုပ်ငန်းကရော ပပျောက်နိုင်မည်လော။ ကြည့်ကြဦးစို့။

ပြည့်တန်ဆာကို ဖမ်းဆီးရေးအတွက် အစဉ်အဆက် ကျင့် သုံးခဲ့သည့် နည်းလမ်းမှာ ပုလိပ်တစ်ဦး သို့မဟုတ် တာဝန်သိလုပ် သားပြည်သူတစ်ဦးက ဖောက်သည်အဖြစ် အသွင်ယူ၊ ပျော်ပါးပြီး သကာလ နောက်ဆုံးတွင် ပုလိပ်များ ရောက်ရှိလာကာ လက်ပူး လက်ကြပ်ဖမ်းဆီးခြင်းဖြင့် အမှုဖွင့် တရားစွဲရာတွင် အသုံးဝင်မည့်  ခိုင်မာသော သက်သေကို တည်ဆောက်ခြင်းပင်။ ဒုက္ခသီရိတွင် အသွင်ယူသက်သေအဖြစ် တက်ကြွစွာ တာဝန်ယူလိုသူကို လွယ် လွယ်ကူကူ ရတတ်သည်ဟု  ဆိုရမည်။

သောကြာကြယ်စစ်ဆင်ရေး

ယခု ပြည့်တန်ဆာအမျိုးသားတို့ကိုနှိမ်နင်းမှု စစ်ဆင်ရေး တွင်လည်း အသွင်ယူသက်သေတို့ကို အစဉ်အလာအရ အသုံးပြု လေ၏။ ဖောက်သည်အမျိုးသမီးအဖြစ် ဟန်ဆောင်ရမည့် တာ ဝန်မှာ အမျိုးသမီးပုလိပ်တို့၏ပခုံးပေါ်သို့ ကျရောက်လာလေသည်။

တာဝန်ပေးစေခိုင်းချက် ရှိလာသောကြောင့် အမျိုးသမီး ပုလိပ်တို့လည်း အမိန့်ကို လွန်ဆန်ရန် အခက်အခဲ ဖြစ်လာသည်။ သက်သေခိုင်လုံသည့် အမှုတည်ဆောက်နိုင်ရေးအတွက်  အမျိုး သားပြည့်တန်ဆာတို့ကို ရှေ့မျက်နှာ နောက်ထားပြီး ချဉ်းကပ်ကြ၊ ဈေးစကားပြော ခေါ်ဆောင်ကြ၊ အမှုဆင်ကြရပေတော့မည်။

ဒုက္ခသီရိဗိုလ်ချုပ်ဈေးတွင် အမျိုးသားပြည့်တန်ဆာတို့ ပိုမို ကျက်စားသည့်နေ့မှာ သောကြာနေ့ဖြစ်သည်။ ထို့ကြောင့် အသွင် ယူ ဖမ်းဆီးရေးကို သောကြာနေ့တိုင်း ပြုလုပ်ရန် စီစဉ်ထားကြပြီး ကျားပြည့်တန်ဆာ နှိမ်နင်းသည့် စစ်ဆင်ရေးကိုလည်း သောကြာ ကြယ်စစ်ဆင်ရေးဟု အမည်ပေးထားကြသည်။

          စစ်ဆင်ရေးပထမနေ့ အသွင်ယူသက်သေတစ်ဦး၏ လှုပ် ရှားမှုကို လေ့လာကြည့်ပါ။

ကုမ္ပဏီဝန်ထမ်းယူနီဖောင်း ဝတ်ထားသော အမျိုးသမီး ပုလိပ်တစ်ဦး ဗိုလ်ချုပ်ဈေး တတိယထပ်သို့ တက်ပြီး  ရင်ဘတ် တွင် ပန်းပွင့်ထိုးထားသော အမျိုးသားတစ်ဦးအနီးသို့ ချဉ်းကပ် လိုက်သည်။ ပျော်ပါးလိုကြောင်း ချဉ်းကပ်စကားဆိုပြီး ဈေး စကားပြောကာ ကြိုတင်သတ်မှတ်ထားသော နေရာသို့ ခေါ် ဆောင်ရန် ကြိုးစားရမည် ဖြစ်သော်လည်း လက်တွေ့တွင် ထိုသို့ ပြောမထွက်ချေ။

          ”အစ်မ၊ ဘာလိုက်ရှာနေတာလဲ”

          ”ဟို…ဟို…ဟိုလေ…ဟိုဟာ…အင်း…ဇာဘော်လီဆိုင် လိုက်ရှာနေတာ”

          အမျိုးသမီးပုလိပ်က ထိုသို့ အယောင်ယောင် အမှားမှား ဖြေလိုက်မိသည်။

          ”ဟိုမှာလေ၊ ဇေယျာလှိုင် ဇာဘော်လီဆိုင်ဆိုတာ ဒီဈေးမှာ နာမည်ကြီးပဲ။ အဲဒီမှာ ဆိုက်စုံရှိတယ်”

          ”သြော်…အေး… ကျေးဇူးပါပဲကွယ်”

ချဉ်းကပ်သည့်အဆင့်မှာပင် တစ်စခန်းရပ်သွားသည်။ ဆက်လက်ကြိုးပမ်းရန် အဆင်ပြေတော့မည်မဟုတ်ဟု သူ့ကိုယ် သူ သိလိုက်သည်။ ဖောက်သည်အဖြစ် ဆက်လက် အသွင်ယူမည့် အစား ရာဇဝင်လူဆိုးကို ဖမ်းဆီးသည့်အလုပ်သာ လုပ်လိုက်ချင် တော့သည်။

          အသွင်ယူအတွေ့အကြုံမရှိသော အမျိုးသမီးပုလိပ် နောက် တစ်ဦး၏ ချဉ်းကပ်ပုံကိုလည်း ရှုစားလော့။

စကားပြောပွင့်လင်းပုံရသည့် ဤအမျိုးသမီးပုလိပ်က စတိုင်လ်ကျသည့် လုပ်ငန်းရှင်တစ်ဦးလို ဝတ်စားလာသည်။ ပစ် မှတ်ကို ရှာသည်။ တွေ့သည်။ ရင်ဘတ်တွင် ပန်းပွင့်ထိုးထားသော အမျိုးသားများထဲမှ ဖမ်းဆီးထိန်းချုပ်ရလွယ်ကူမည့်ဟန်ရှိသူ တစ်ဦးထံ တိုက်ရိုက်သွားရောက် ချဉ်းကပ်လိုက်သည်။

          ”နေကောင်းလား၊ မတွေ့တာကြာပြီနော်”

သူက စတင်နှုတ်ဆက်ခြင်းမဟုတ်။ ပစ်မှတ်ဖြစ်သော အမျိုးသားက ပြီတီတီပြုံးပြပြီး နှုတ်ဆက်ခြင်းပင်။ မတွေ့တာကြာ ပြီနော်ဟု ဆိုသော်လည်း ယခင်က တွေ့ဖူးကြသည်တော့ မဟုတ်။

ဤအမျိုးသမီးပုလိပ်ကလည်း အယောင်ယောင်အမှားမှား ပြော မိရာ ပြောလိုက်မိသည်။

          ”ဒေါ်လာ ဘယ်ဈေးလဲ”

သူက တကယ်တော့ ဒေါ်လာဈေး သိချင်သည်မဟုတ်။ ပစ် မှတ်အဖြစ် သူရွေးလိုက်သည့် အမျိုးသားကို ဈေးနှုန်း ပွင့်ပွင့် လင်းလင်းမေးပြီး ခေါ်သွားရန် စိတ်ကူးထားပြီးဖြစ်သည်။ သို့ သော်လည်း လုပ်နေကျအလုပ် မဟုတ်၊ ပြောနေကျစကား မဟုတ်သဖြင့် အိုးနင်းခွက်နင်း ဖြစ်ကုန်ခြင်းပင်။

          ”ဟိုဘက်နားက ဆိုင်တွေမှာ လဲလို့ရတယ် မမရေ။ ဒေါ် လာဈေး ဒီနေ့တက်တယ်လို့ ကြားတယ်”

အသွင်ယူရသည်မှာ လွယ်မယောင်နဲ့ ခက်လွန်းသည်။ သူ့ အပြုံးကို ဆက်မကြည့်ချင်။  သူ့စကားမဆုံးခင်မှာပင် ညွှန်ပြ လိုက်သည့် ဆိုင်ဘက်သို့ လှည့်ထွက်လိုက်မိသည်။ ပန်းတစ်ပွင့် ဆောင်ထားသော ကောင်လေးက ဆိုင်လမ်းòန်တင်မက နတ် လမ်းòန်ပါ လုပ်လိုက်သေးသည်။

‘ဉာဏ်လင်း Money Changer  ဆိုတဲ့ ဆိုင်မှာတော့ သွားမလဲနဲ့ဗျို့။ အဲဒီဆိုင်က ငါးထောင်တန်အုပ်ထဲ ငါးရာတန် ထည့်လို့ နာမည်ပျက်နေတဲ့ဆိုင်”

အသွင်ယူသူမှာ စိတ်ဓာတ်ကျသွားသည်။ ဒီအလုပ်က ငါ တို့မိန်းကလေးတွေနဲ့ မဖြစ်ပါဘူးဟယ်ဟု တွေးမိသည်။ စခန်း ပြန်ရောက်သောအခါ ထိုသို့ပင် အစီရင်ခံလိုက်လေသည်။

သောကြာနေ့ပေါင်း ၂ဝ ကျော် ကုန်လွန်သွားသော်လည်း  သောကြာကြယ် စစ်ဆင်ရေးမှာ အောင်မြင်မှု တစ်စုံတစ်ရာ မရ သေးပေ။ အသွင်ယူသူများက ထိုအလုပ်မှာ သူတို့နှင့် မအပ်စပ် ကြောင်း၊ တခြား သင့်တော်သည့်အမှုများကိုသာ ကိုင်တွယ်လို ကြောင်း ညီညွတ်စွာ အသံထွက်ကြလေ၏။

နောက်ဆုံးတွင် ဒုက္ခသီရိပုလိပ်တပ်ဖွဲ့ ဌာနချုပ်က ညွှန် ကြားချက်ထုတ်လိုက်သည်။ အသွင်ယူမှု အသားကျပြီးသူများသာ ထို တာဝန်ထမ်းဆောင်ရမည် ဟူသတည်း။

နှစ်ထပ်ကွမ်း အသွင်ယူခြင်း

ဒုက္ခသီရိဗိုလ်ချုပ်ဈေးတွင် ပန်းပွင့်ဆောင်ပြီး စောင့်ဆိုင်း နေသူတို့ကို ကိုင်တွယ်ရန်အတွက် တာဝန်ကျသူတို့မှာ နှစ်မျိုး အသွင်ယူရမည် ဖြစ်သည်။ တစ်မျိုးမှာ အမျိုးသမီးအဖြစ် ဟန် ဆောင်ရခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာ ဖောက်သည်အဖြစ် ဟန် ဆောင်ရခြင်းပင်။ မည်သည့်ဟန်ဆောင်မှု ပို၍ လွယ်ကူပါသနည်း။ ကဲ..ဗိုလ်ချုပ်ဈေးသို့ သွားရောက် ရှုစားကြပါစို့။

အသွင်ယူမှု အကြိမ်လေးဆယ် အတွေ့အကြုံရှိသူက ဂါဝန် ရှည်ရှည်၊ တီရှပ်ပွပွတို့ကို ဝတ်ဆင်ပြီး  ဆံပင်အတုစွပ်၊ မိတ်ကပ် လိမ်းထား၏။ ရုတ်တရက်ကြည့်လျှင် ပီဘိ မိန်းကလေး။ မည်သို့ ပင် အစွမ်းကုန်ပြင်ဆင်ထားစေကာမူ အသံကိုတော့ ပြင်ဆင်၍ မရပေ။ ထို့ကြောင့် အတတ်နိုင်ဆုံး မျက်လုံးဖြင့်သာ စကားပြော ရန် ဆုံးဖြတ်လိုက်သည်။

အသံမထွက်၊ မျက်ရိပ်မျက်ကဲဖြင့် ဈေးစကားပြောခြင်းမှာ အစ ပထမတွင်တော့ အဆင်ပြေဟန်ပြသည်။ သို့သော်လည်း အသွင်ယူသူ၏ လည်ပင်းက ဇိလုတ်ကို ပြည့်တန်ဆာ အမျိုးသား သတိထားမိခြင်းကြောင့် ညှိနှိုင်းမှု အဆုံးသတ်လေသည်။

”ဆောရီးပါ။ ကျုပ်က ယောကျ်ားတွေကိုတော့ ဝန်ဆောင် မှု မပေးနိုင်ဘူး” ဟု ထိုအမျိုးသားက တစ်ခွန်းသာ ပြောလိုက်၏။

ကဲ…သူ မအောင်မြင်တော့ နောက်တစ်ယောက်လာ။ အသွင်ယူ နောက်တစ်ယောက်က အမျိုးသမီးအများစု ဝတ်စား ဆင်ယင်ပုံအတိုင်း ပြင်ဆင်သွား၏။ သူက ပုဆိုးတိုတိုသာ ဝတ် ဆင်တတ်သူဖြစ်ချင်းကြောင့် အသွင်ယူသည့်အခါတွင်လည်း တို တို ဝတ်သွားလေသည်။

သူက အသွင်ယူမှု အလွန်ပီပြင်လွန်းသည်ဟု ကိုယ့်ကိုယ် ကိုယ် ထင်ထားသူဖြစ်သည်။ တကယ်လည်း အမျိုးသမီးတစ် ယောက်အလား ထင်ယောင်မှားနိုင်ပါပေ၏။

ပစ်မှတ်တစ်ခုရှိရာသို့ သူ သိသိသာသာ ချဉ်းကပ်သွားလိုက် သည်။ အပြုံး၊ မျက်လုံးတို့နှင့်သာ စကားပြောလိုက်သည်။

အဆင်ပြေသည်ဟု ယူဆနေစဉ်မှာပင် ပီပီပြင်ပြင် အသွင် ယူမှုကို ရုတ်တရက် အဆုံးသတ်ပေးလိုက်သည်မှာ သူ၏ နက် မှောင် သန်စွမ်းသော ခြေသလုံးမွေးများ ဖြစ်လေတော့သည်။

          ထိုအမျိုးသားက ခြေသလုံးကို မြင်သည်နှင့် ခေါင်းခါ   တော့သည်။

လိုရင်းပြောရလျှင် ဝါရင့်အသွင်ယူသက်သေအားလုံး ဗိုလ် ချုပ်ဈေးသွားပြီး သောကြာကြယ်စစ်ဆင်ရေးကို ရွပ်ရွပ်ချွံချွံ ဆင် နွဲှသော်လည်း  သားကောင်မိအောင်ဖမ်းရေး အစီအစဉ်တို့ ပျက် ယွင်းခြင်းဆိုက်ကြလေသည်။

ဤသို့ဖြင့် ဒုက္ခသီရိဗိုလ်ချုပ်ဈေးမှ အမျိုးသားပြည့်တန် ဆာဈေးကွက်မှာ ဆက်လက် ပန်းပန်လျက်ရှိနေလေတော့ သတည်း။      ။

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ သရော်စာ ဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."