၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Feature ဖြစ်ပါသည်။
ဟေမာန်ပြည့် ရေးသည်။
ရန်ကင်းမြို့နယ် တရားရုံးအနီးတွင် လူတစ်စုသည် မတ်လ၏ နေ့လယ်ခင်းအပူရှိန်ကို ကြံ့ကြံ့ခံအန်တုရင်း အမှုရင်ဆိုင်ဖို့ စောင့်ဆိုင်းနေကြသည်။ ထိုလူအုပ်စုထဲတွင် အသက် ၇ဝ ကျော်အရွယ် ဒေါ်မေမေယဉ်ဆိုသည့် အမျိုးသမီးကြီးတစ်ဦးလည်း ပါဝင်သည်။
ဒေါ်မေမေယဉ် တရားရုံးသို့လာပြီး တရားရင်ဆိုင်နေရသည်မှာ ငါးနှစ်နီးပါးရှိပြီဖြစ်သည်။ သူတို့နေထိုင်ရာ ရပ်ကွက်အတွင်းက အများပြည်သူပိုင် မြေကွက်လပ်ပြန်ရရေးအတွက် ကြိုးပမ်းရာ မြေပိုင်ရှင်က တရားစွဲဆိုသည့်အတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်ရှိ အများပြည်သူပိုင် မီးတားကွင်းနေရာအား တပ်မတော်အစိုးရလက်ထက်တုန်းက မြေဝယ်ထားသူက ခြံခတ်ရန်ကြိုးပမ်းရာ ရပ်ကွက်က ဝိုင်းဝန်း တားမြစ်ခဲ့သည့်အတွက် ပိုင်ရှင်ဆိုသူက ရပ်ကွက်နေ ပြည်သူများကို တရားစွဲဆိုထားခြင်းဖြစ်သည်။
အများပြည်သူပိုင်မြေများနှင့်ပတ်သက်ပြီး ပြဿနာတက် နေသည်မှာ မြောက်ဥက္ကလာပ မီးတားကွင်းတစ်ခုတည်းတော့ မဟုတ်ပါ။ ရန်ကုန်မြို့အနှံ့တွင် အများပြည်သူပိုင်နေရာများကို လူတစ်ဦးတစ်ယောက်အမည်ပေါက်ဖြင့် သိမ်းဆည်းပြီး မြေကွက်ရယူမှုများ၊ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများရှိနေသည်။
ဖွံ့ဖြိုးရေးအကြောင်းပြချက်ဖြင့် အများပြည်သူပိုင်နေရာများကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ ဂရန်များချထားပေးခြင်းက အများပြည်သူပိုင်နေရာများ လျော့နည်းလာရသည့် အဓိကအကြောင်း ရင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။
မြို့ပြဖွံ့ဖြိုးရေးပညာရှင်များကလည်း အများပြည်သူပိုင် နေရာများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းမှာ မဖြစ်သင့်ကြောင်းထောက်ပြသည်။
အများပြည်သူပိုင်နေရာ
အများပြည်သူပိုင်နေရာဆိုသည်မှာ အများပြည်သူ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ပြီး လိုအပ်သည့် ဝန်ဆောင်မမျိုးကို လွယ်လင့်တကူရရှိနိုင်သည့် နေရာများကိုဆိုလိုကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် ဗိသုကာဌာန၏ ဌာနမှူးလည်းဖြစ်သလို မြို့ပြဖွံ့ဖြိုးရေးပညာရှင်လည်းဖြစ်သည့် ဒေါက်တာသိင်္ဂီရွှေက ရှင်းပြသည်။
အများပြည်သူပိုင်နေရာများတွင် ပန်းခြံများ၊ အားကစားကွင်းများ၊ မီးတားကွင်းများ၊ စာကြည့်တိုက်များသာမက လမ်းများလည်း ပါဝင်သည်။
Photo-Hay Man Pyae မြောက်ဥက္ကလာ(င)ရပ်ကွက်ရှိ အားကစားကွင်းတွင် အားကစားလေ့ကျင့်နေသည့် လူငယ်များဖြင့်စည်ကားနေသည်
အများပြည်သူပိုင်နေရာများသည် ““နှလုံးသားအာဟာရဓာတ်ကိုဖြည့်ပေးဖို့၊ စိတ်မှာဖြစ်နေတဲ့ Stress (ဖိအား) တွေကို လျှော့ချပေးဖို့လိုသလို စာကြည့်တိုက်လို အများပြည်သူပိုင်နေရာတွေကလည်း နှလုံးသားအာဟာရကို ဖြည့်တင်းပေးဖို့ မရှိမဖြစ် လိုအပ်တယ်”” ဟု သူကထောက်ပြသည်။
စိမ်းလန်းနေရာများတွင် အပန်းဖြေ အနားယူခြင်းက စိတ်ဖိစီးမှုကို လျော့ကျနိုင်သကဲ့သို့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုကို ကျဆင်းစေသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ၂ဝ၁၆ တွင်ထုတ်ပြန်ခဲ့သည့် မြို့ပြစိမ်းလန်းနေရာနှင့်ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာက ဆိုသည်။
ရန်ကုန်မြို့တွင် လူတစ်ဦးလျှင် စိမ်းလန်းမြေဧရိယာ ၅ ဒဿမ ၄၇ စတုရန်းပေ ရရှိသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ၂ဝ၁၉ ဖေဖော်ဝါရီတွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကသတ်မှတ်ထားသည့် လူတစ်ဦးအတွက် စိမ်းလန်းမြေဧရိယာမှာ ၉ စတုရန်းပေ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ရှိ လူတစ်ဦးချင်း စိမ်းလန်းမြေဧရိယာ ရရှိမှုမှာ သတ်မှတ်ချက်ထက် ထက်ဝက်နီးပါး လျော့နည်းနေသည့် သဘောဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှ စာရင်းများအရ မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် အားကစားကွင်းနှင့် ပန်းခြံပေါင်း ၆ဝ ကျော်ရှိသည်။
ဒေါ်မေမေယဉ်တို့ရပ်ကွက်ရှိ မီးတားကွင်းသည် နွယ်နီ ၁ဝ လမ်းနှင့် ၁၁ လမ်းကြားတွင် ဧရိယာ ၁၅ဝ ပေ x ၂၄ဝ ပေ အကျယ်ရှိ မြေကွက်လပ်ကြီးဖြစ်ပြီး ရပ်ကွက်စတည်ကတည်းက မီးတားကွင်းဟု မှတ်ယူထားကြသည်။
ကရင်လူမျိုးအများစု နေထိုင်သည့် သူတို့ရပ်ကွက်အတွက် နှစ်စဉ်ကရင်နှစ်သစ်ကူးကျင်းပရာ ကွင်းလည်း ဖြစ်သည်။ ညနေခင်းဆိုလျှင် ရပ်ကွက်မှလူငယ်များက ဘောလုံးကန်ကြ၊ ဘောလီဘောပုတ်ကြဖြင့် စည် ကားသည့် အားကစားကွင်းလည်း ဖြစ်သည်။
အဆိုပါ မီးတားကွင်းနေရာ ကြောင့် ရပ်ကွက်နေ လူထုမီးဘေးမှသက်သာရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးသည်ဟု နွယ်နီ ၁၂ လမ်းတွင်နေထိုင်သည့် မမြင့်မြင့်က ပြောပြသည်။ ၂ဝဝ၃ က မီးလောင်မှု ဖြစ်ပွားရာတွင် အဆိုပါမီးတားကွင်းကြောင့် ကျန်လမ်းများကို မီးဆက်လက်ကူး စက်ခြင်း မရှိဘဲ သက် သာရာရခဲ့သည်ဟု သူကဆိုသည်။
““ဒီမီးတားကွင်းသာ မရှိရင် ကျန်တဲ့ရပ်ကွက်တွေ အထိပါမီးကူးမှာ။ ဒီမီးတားကွင်းသာ မရှိတော့ရင် အကယ်၍ တစ်ခုခုဆိုရင်တောင် ပြေးစရာနေရာ မရှိဘူး။ ဒါကြောင့် ဒီကွင်းကို မီးတားကွင်းအနေနဲ့ပဲ ဆက်ပြီး ရှိစေချင် တယ်””ဟု သူကဖွင့်ဟသည်။
အဆိုပါ မီးတားကွင်းနေရာအား ၁၉၉၃ တပ်မတော်အစိုးရ လက်ထက်တွင် အထူးဂရန် ချပေးခဲ့ပြီး ဆယ်နှစ်ကျော်အကြာတွင် ဦးမြင့်ဝေဆိုသူက မူလပိုင်ရှင် ဦးအာကာတိုးမြင့်ထံမှ ဝယ်ယူခဲ့သည်။
၂ဝ၁၃ ဖေဖော်ဝါရီတွင်တော့ ထိုနေရာအား လူတစ်စုက အဆောက်အအုံဆောက်လုပ်ရန် မြေတိုင်းတာစမ်းသပ်မှုများ ပြု လုပ်ခဲ့ကြသည်။ ရပ်ကွက်အားကစားကွင်းနေရာ ဖြစ်သည့် အတွက်ဆက်လက် လုပ်ဆောင်ခြင်းမပြုရန် ရပ်ကွက်လူထုက တားမြစ်ခဲ့သည်။ ထို့နောက် စိုက်ထူထားသည့် ခြံစည်းရိုးများကို လည်း ရပ်ကွက်နေလူထုက ဖယ်ရှားလိုက်ကြသည်။
ထို့နောက် ခြောက်လခန့်အကြာတွင် ယင်းမြေကွက်ဝယ် ယူထားသူအား အများပိုင်မြေနေရာတွင် ကျူးကျော်မှုဖြင့် ရပ်ကွက်နေပြည်သူလူထုက မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ သို့သော် ယင်းအမှုကို ခြောက်လကျော် ကြား နာပြီးနောက် မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ပလပ်လိုက် သည်ဟု တရားစွဲဆိုရာတွင် ပါဝင်ခဲ့သည့် ဒေါ်မေမေယဉ်က ပြောသည်။
ထို့နောက် ၂ဝ၁၄ တွင် ယင်းနေရာအား ဝယ်ယူထားသည် ဟုဆိုသူ ဦးမြင့်ဝေက ဒေါ်မေမေယဉ်အပါအဝင် ရပ်ကွက်နေ ပြည် သူခြောက်ဦးကို ကျူးကျော်ဝင်ရောက်နေထိုင်မှု၊ ပုဂ္ဂလိကပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် မြောက်ဥက္ကလာရဲစခန်းတွင် ပြန်လည် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။
ခြံဝယ်ယူသူ ဦးမြင့်ဝေက တရားလို ပြုလုပ်စွဲဆိုသည့်အမှု ကို မြောက်ဥက္ကလာပတရားရုံးတွင် နှစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ရန်ကင်းတရားရုံးတွင် ရုံးပြောင်းလျှောက်ထားသည့် အတွက် ရန်ကင်းတရားရုံးတွင် ဒေါ်မေမေယဉ်တို့ အမှုဆက်လက် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ယင်းအမှုအား တရားရုံး၌ စစ်ဆေးရာတွင် ဦးမြင့်ဝေထံ မြေကွက်ရောင်းချခဲ့သူဖြစ်သည့် မူလပိုင်ရှင် ဦးအာကာတိုးမြင့် အား တရားရုံးက ဆင့်ခေါ်သော်လည်း ဆက်သွယ်မရခဲ့ဟု ဒေါ်မေမေယဉ်ကပြောသည်။ ထို့အတွက် ဦးအာကာတိုးမြင့်၏ ဖခင်ဖြစ်သူ ဦးတိုးမြင့်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာစီမံခန့်ခွဲမှု စာရင်းနှင့် မှတ်တမ်းထိန်းသိမ်း ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် သူ၏ လိပ်စာ အား ရရှိရန် စည်ပင်သာယာရေး ကော်မတီသို့ မေးမြန်းခဲ့သည်။
သို့သော် ဦးတိုးမြင့်မှာ မြို့ပြမြေယာစီမံခန့်ခွဲမှု စာရင်းနှင့်မှတ်တမ်းထိန်းသိမ်းရေးဌာနတွင် တာဝန်ထမ်းဆောင်စဉ် အထက်လူကြီးများ၏ အမည်ကို အသုံးချ ခုတုံးလုပ် အလွဲသုံးစား ပြုလုပ်သဖြင့် ၁၉၉၄ မှစတင်ပြီး ရာထူးမှ ထုတ်ပယ်ပြီးဖြစ်သည့် အတွက် လိပ်စာမှတ်တမ်းများ မရှိတော့ကြောင်း စည်ပင်သာယာ ရေးကော်မတီက အကြောင်း ပြန်ကြားခဲ့သည့်စာကို ဒေါ်မေမေ ယဉ်ထံမှ မော်ကွန်းက ဖတ်ရှုခဲ့ရသည်။
အဆိုပါ မီးတားကွင်းနေရာအား ဂရန်ချထားပေးခြင်းကိစ္စ နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ သတင်းမီဒီယာနည်း ဥပဒေပါ သတင်းအချက်အလက် တောင်းခံလွှာနှင့်တကွ မတ်လ ဒုတိယပတ်တွင် မေးမြန်းခဲ့သည်။ ယင်းမေးခွန်းများနှင့် ပတ်သက် ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက “ဖြေဆိုခွင့်မပြု” ဟု မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ လက်ထောက်ဌာန မှူး ဦးမင်းမင်းဦးက ဧပြီ ၂၉ ရက်တွင် အကြောင်းပြန်ကြားခဲ့သည်။ မည်သည့်အကြောင်းပြချက်ကြောင့် မဖြေဆိုနိုင်ကြောင်း မေး မြန်းရာ အကြောင်းပြချက်မရှိဟု သူက ဆိုသည်။
အာဏာကို အလွဲသုံး
တပ်မတော်အစိုးရလက်ထက်မှစတင်ကာ အများပြည်သူ ပိုင်နေရာများကို ပလပ်မြေဟုဆိုကာ အာဏာရှိသူများက အာဏာ အလွဲသုံးစားပြုလုပ်ပြီး အကွက်ရိုက်ရောင်းချမှုများ၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းများ ရှိခဲ့သည်ဟု မြို့ပြပညာ ရှင်များက ဆိုသည်။ သို့သော် ထိုကာလက ကြောက်ရွံ့ကြသည့် အတွက် ပြည်သူလူထုက ထုတ်ဖော် မပြောရဲခဲ့ကြပေ။
ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ကာ လူထုက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အများပြည်သူပိုင် မြေ နေရာများအား ဂရန်ချထားပေးမှုများမှာ လက်ရှိအစိုးရလက် ထက်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဥပမာပြရလျှင် ၂ဝ၁၈ ဒီဇင်ဘာတွင် တောင်ဥက္ကလာပမြို့ နယ် ၅ ရပ်ကွက်မှ တစ်ဧကနီးပါးကျယ်ဝန်းသည့် မြေကွက်လပ် တစ်ကွက်အား အကွက်ရိုက်ပြီး ပုဂ္ဂလိကအား ချထားပေးလိုက် သည့် ကိစ္စဖြစ်သည်။
Photo-Hay Man Pyae တောင်ဥက္ကလာ ၅ ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူများ စည်ပင်သာယာတရားရုံးတွင် ဒဏ်ငွေဆောင်ထားသည့်ပြေစာ
အဆိုပါ မြေကွက်သည် ရပ်ကွက် စတင်တည်ထောင်ချိန် ကတည်းက ကွက်လပ်အဖြစ် တည်ရှိခဲ့ခြင်းဖြစ်သည်ဟု ယင်း ရပ်ကွက်တွင် အနှစ်လေးဆယ်နီးပါး နေထိုင်ခဲ့သည့် ဦးရဲမြင့်က ပြောသည်။ ဦးရဲမြင့်သည် ၅ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ကိုးနှစ်ကျော်ရှိပြီဖြစ်သည်။
Photo-Hay Man Pyae တောင်ဥက္ကလာ (၅) ရပ်ကွက်မှ ကလေးကစားကွင်းနှင့် ပန်းဥယျာဉ်ဖြစ်မြောက်ရေးအတွက် လျာထားသည့်မြေနေရာ
ယင်းမြေကွက်လပ်၏အလယ်တွင် ခြံစည်းရိုးခတ်ခြင်းနှင့် အဆောက်အအုံ အုတ်မြစ်ချရန် ဆောင်ရွက်ချိန်ကျမှသာ ယင်း မြေနေရာအား ပုဂ္ဂလိကသို့ ချထားပေးကြောင်း ရပ်ကွက်က သိရှိခဲ့ရသည်ဟု အဆိုပါ ရပ်ကွက်နေပြည်သူများက ဆိုသည်။ ယင်း မြေကွက်လပ်တွင် အဆောက်အအုံဆောက်လုပ်ခွင့် ကိစ္စနှင့် ပတ် သက်ပြီး ၂ဝ၁၈ ဇူလိုင်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါကွက်လပ်တွင် အကွက်သုံးကွက်ရှိပြီး တပ်မတော် အစိုးရလက်ထက်တွင် စည်ပင်သာယာရေး ကော်မတီက လေလံ တင် ရောင်းချရာတွင် အလယ်တည့်တည့်အကွက်မှာ လေလံ အောင်ခဲ့သည့်အကွက် ဖြစ်သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုယ်စား မြို့တော်ဝန်က ပြန်လည်ဖြေကြားသည်။ ကျန်ရှိသည့် ဘေးတစ်ဖက်တစ်ချက်မှ မြေကွက်နှစ်ခုအား ရပ်ကွက်ကလေး ကစားကွင်းအဖြစ် လျာထားကြောင်း လွှတ်တော်မှတစ်ဆင့် ဖြေ ကြားထားသည့်စာကို မော်ကွန်းကတွေ့မြင်ခဲ့ရသည်။
ကလေးကစားကွင်းအဖြစ် လျာထားသည့် နှစ်နေရာ အနက် အကွက်အမှတ် ၁၁ဝ၆ တွင် နှစ်နှစ်ဆယ်နီးပါး နေထိုင်နေ သည့် ကျူးကျော်နေအိမ် သုံးလုံးရှိသည်။ ထိုကျူးကျော်နေအိမ် များအနက်မှ တစ်အိမ်တွင် နေထိုင်သူက ကလေးကစားကွင်း အဖြစ် လျာထားသည့်နေရာကို ၂ဝ၁၇ ဒီဇင်ဘာတွင် မြေငှား ဂရန်လျှောက်ထားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝက်ဘ်ဆိုက်တွင် မြေငှားစာချုပ်(ဂရန်)လျှောက်ထားရယူလိုသူသည် ဌာန၏သတ်မှတ်ပုံစံနှင့်အတူ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်း (သို့ မဟုတ်) မြေပိုင်ဆိုင်မှုအထောက်အထားမူရင်း၊ နိုင်ငံသားစိစစ် ရေး ကတ်ပြား၊ မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံ ချက်တို့နှင့် လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။
Photo-Hay Man Pyae သိမ်ဖြူကွင်းတွင် ဆောက်လုပ်ထားသည့် ကန်သာယာတာဝါ
သို့သော် ထိုကျူးကျော်မြေနေရာအား ဂရန်လျှောက်ထား ပြီး တစ်နှစ်အကြာ ၂ဝ၁၈ ဒီဇင်ဘာတွင် အဆိုပါ မြေနေရာအား စည်ပင်သာယာရေးကော်မတီက မြေငှားဂရန် ချပေးခဲ့သည်။
ကျူးကျော်နေအိမ်သုံးလုံးအနက်မှ တစ်အိမ်တွင် နေထိုင် သူ မစောနွဲ့က ““သူတို့လည်း ကျွန်မတို့နဲ့ အတူတူပဲ၊ ကျူးကျော် ဒဏ်ကြေးဆောင်ပြီး နေရတဲ့သူတွေပါ။ စည်ပင်တရားရုံးကို အတူတူသွား ဒဏ်ကြေးဆောင်နေကျပဲ။ ကျူးကျော်ချင်းအတူတူ သူတို့က ဘာကြောင့် ဂရန်ရသွားလဲ နားမလည်ဘူး”” ဟု မော် ကွန်းကို ပြောသည်။
ရပ်ကွက်၏ ကလေးကစားကွင်း ဖြစ်မြောက်ရေး ကော် မတီဝင် ဦးကိုကိုဝေက ယင်းသို့ ရပ်ကွက်က ကန့်ကွက်ထားသည့် နေရာတွင် တစ်ဦးတစ်ယောက်အား ဂရန်ချထားပေးခြင်းအား ““ရပ်ကွက်ရဲ့ဆန္ဒကို လျစ်လျူရှုပြီး တရားလက်လွတ်လုပ်တာပဲ””ဟု ဝေဖန်သည်။
ဂရန်ရအပြီး ရက်နှစ်ဆယ်ကျော်အကြာတွင် အဆိုပါမြေ ကွက်အား ဝယ်ယူရန် စရန်ပေးချေထားပြီးဖြစ်သည့်အတွက် ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ဝယ်ယူမည့်သူ၏ ကိုယ် စားလှယ်ရှေ့နေက ၂ဝ၁၉ ဇန်နဝါရီ ၁၈ ရက်တွင် ကြေးမုံ သတင်းစာမှ ကြေညာခဲ့သည်။
အဆိုပါမြေကွက်သည် ကစားကွင်းနေရာအဖြစ် လျာထား သည့် မြေကွက်ဖြစ်သည့်အတွက် ယင်းမြေကွက်အား ကန့်ကွက် ကြောင်း ကစားကွင်းဖြစ်မြောက်ရေး ရပ်ကွက်ကော်မတီက သတင်းစာမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
ဂရန်ရအပြီး မကြာမီအချိန်တွင် ရောင်းချရန် လုပ်ဆောင် သည့်အတွက် ““တိုင်းအစိုးရက မြေပြင်ကိုကွင်းဆင်းပြီး ပြန်စစ် ဆေးပေးသင့်ပါတယ်”” ဟု ရပ်ကွက် ကလေးကစားကွင်းဖြစ် မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးလှစိုးကပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင် မောင်ကလည်း ““မြေလွတ်မြေကွက်တွေကိုယူပြီး တစ်ဆင့် ပြန် ရောင်းစားတာတွေကို စိစစ်ပြီး ပြန်သိမ်းဖို့လိုတယ်””ဟု မှတ် ချက်ပြုသည်။
ယင်းမြေနေရာနှင့်ပတ်သက်ပြီး ပြန်လည်စိစစ်ပေးရန် ရပ်ကွက်ကစားကွင်းဖြစ်မြောက်ရေးကော်မတီက ဇန်နဝါရီလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ထံ စာပေးပို့ထားသည်ဟု ကော်မတီ ဝင်များက ပြောသည်။
ယင်းမြေကွက်ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်သာ စိစစ်အရေးယူဆောင်ရွက်သင့် သည့် ကိစ္စဖြစ်ပြီး ဆောင်ရွက်မှုအခြေအနေအား ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်တင်ပြရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မတ် ၁၄ တွင် အကြောင်းကြားသည့်စာကို ဦးကိုကို ဝေတို့က လက်ခံရရှိခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး အစိုးရ၏တုံ့ပြန်မှုကို ဆက်လက်စောင့်ကြည့်နေသည်ဟု ကော်မတီဝင်များ က ဆိုသည်။
အများပြည်သူပိုင်မြေများနှင့်စည်ပင်သာယာရေးကော်မတီ၏အခန်းကဏ္ဍ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့ပြ နယ်နိမိတ်အတွင်းရှိ မြေများအား ကြီးကြပ်ကွပ်ကဲခြင်းနှင့် စီမံ ခန့်ခွဲခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း ၂ဝ၁၈ စည်ပင်သာယာရေး ကော်မတီဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မြို့တွင်းခြောက်မြို့နယ်မှအပ ကျန်သည့်မြို့နယ်များကို တည်ဆောက်ရန် မြို့ ရွာနှင့်အိုးအိမ်ဦးစီးဌာနက စီမံကိန်း ရေး ဆွဲတည်ဆောက်ခဲ့ပြီး ထိုနောက်မှ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီကို လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ပြစီမံကိန်း ပညာရှင် ဦးသံမိုးက ပြောသည်။
ဦးသံမိုးသည် ရွှေပြည်သာ၊ လှိုင်သာယာအပါအဝင် မြို့ သစ်များ တည်ဆောက်ရန် စီမံကိန်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် မြို့ပြပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန အကြံပေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
““မြို့သစ်တည်တာက အိုးအိမ်က တည်တာ၊ ပြီးရင် စည်ပင် သာယာကိုအပ်ရတယ်။ အိုးအိမ်က ဈေးနေရာ၊ ကစားကွင်းနေရာ တွေ ချန်ခဲ့တယ်။ ဒါတွေက အများပြည်သူအတွက် ချန်ခဲ့တဲ့ မြေ ကြီးတွေ။ သူတို့လက်ထဲကိုလွှဲလိုက်ပြီးတဲ့နောက်မှာ သူတို့က အဲဒါတွေကို ပေးလိုက်တာ””ဟု သူက ရှင်းပြသည်။
““ဒါတွေကို ကွန်ဒိုဆောက်ဖို့၊ ဓာတ်ဆီဆိုင်ဆောက်ဖို့ ထား ခဲ့တာမဟုတ်ဘူး”” ဟု ဦးသံမိုးက ထောက်ပြသည်။
အများပြည်သူပိုင်နေရာများအား ပုဂ္ဂလိကထံ ချထားပေး မှု ဖြစ်စဉ်များမှာ ၁၉၅၈ နောက်ပိုင်းတည်ထောင်ခဲ့သည့် မြို့ သစ်များဖြစ်သည့် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ မြို့နယ်များတွင် အဖြစ်များကြောင်း ဦးသံမိုးက ပြောသည်။ ယင်းမြို့နယ်များမှာ ဖွံ့ဖြိုးတိုးတက်လာပြီး မြေဈေးကောင်းသည့် နေရာများဖြစ်လာသည့်အတွက် အများဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင် သည်ဟု သူက သုံးသပ်သည်။
သို့သော်လည်း ယင်းမြို့နယ်များတွင် ပန်းခြံ၊ အားကစား ကွင်းကဲ့သို့ အများပြည်သူပိုင်နေရာများ အရေအတွက် မည်မျှ လျော့ကျသွားကြောင်း စာရင်းကောက်ယူထားခြင်း မရှိဟု သူက ဆိုသည်။
အများပြည်သူပိုင်နေရာများအား အကွက်ရိုက် ရောင်းချမှု များအတွက် ““မြို့တော်စည်ပင်သာယာရေးကော်မတီရော၊ အစိုးရမှာရော တာဝန်ရှိတယ်””ဟု မြောက်ဒဂုံမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်ကပြောသည်။
ဦးသိန်းစိန်အစိုးရနှင့် လက်ရှိအစိုးရ အကူးအပြောင်း ကာလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက တိုင်းအစိုးရအဖွဲ့၏ ညွှန် ကြားချက်ဖြင့် မြေကွက်များစွာအား ဂရန်ချထားပေးခဲ့သည်။ ထို့သို့ ချထားပေးလိုက်သည့် မြေကွက်များတွင် အများပြည်သူပိုင်နေရာများ ပါဝင်နေသည့်အတွက် ရပ်ကွက်နေလူထုနှင့် ပြဿနာတက်နေဆဲ အခြေအနေများ ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။
ယင်းနေရာများထဲတွင် သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်း ကြီးရပ်ကွက်ရှိ ထရန်စဖော်မာ တည်ရှိနေသည့်နေရာ (ယခင်က ရပ်ကွက်မှ အသုံးပြုနေသည့် အဝီစိတွင်းနေရာ) အား ဂရန်ချ ထားပေးခဲ့ပြီး ဇဝနရပ်ကွက်၊ သီရိခေမာလမ်းမှ ရပ်ကွက်စာကြည့် တိုက်အဖြစ် အသုံးပြုနေသည့် မြေနေရာကိုလည်း နိုင်ငံရေးပါတီ တစ်ခုကို မြေဂရန် ထုတ်ပေးခဲ့သည်ဟု ဦးနေဘုန်းလတ်က ထည့် သွင်းဆွေးနွေးခဲ့သည်။ ထိုကဲ့သို့ ပြည်သူလူထုနှင့် ထိပ်တိုက် တွေ့ နေသည့် မြေငှားဂရန်များကိစ္စကို ပြန်လည်စိစစ်ပြီးလိုအပ်သလို အရေးယူသင့်ကြောင်း ထောက်ပြခဲ့သည်။
အစိုးရအကူးအပြောင်းကာလတွင်အများပြည်သူပိုင်မြေနှင့် စည်ပင်သာယာက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေနေရာများအား စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိကသို့ ချထားပေးမှုများ မှာ မန္တလေးတိုင်းတွင်လည်း ဖြစ်ပွားခဲ့သည်။
၂ဝ၁၅ ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်နှင့် မြို့တော်ဝန်တို့က မန္တလေးတိုင်းမှ ကျောင်း၊ ဆေးရုံ၊ အားကစားကွင်းကဲ့သို့ အများပြည်သူပိုင်နေရာများ၊ စီမံကိန်း လုပ်ဆောင်ရန် လျာထားသည့် မြေများ၊ စည်ပင်သာယာမှ စီမံ ခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများကို ပုဂ္ဂလိက တစ်ဦးတည်းပိုင် မြေယာ များအဖြစ် လူပုဂ်္ဂိုလ် ၉၉ ဦးထံသို့ ခွင့်ပြုပေးခဲ့သည်ကို စိစစ် တွေ့ ရှိခဲ့ရကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၂ဝ၁၇ ဇူလိုင် ၁ ရက်၌ ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထိုမြေကွက်များအား ပြန်လည်စိစစ်ပြီး မြေဂရန်ပယ်ဖျက် ခြင်း၊ မြေဖိုးငွေများ ပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်သွားမည် ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုသည်။ အစိုးရအကူးအပြောင်းကာလတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့သည့် မြေကွက် ၁၃၄ ကွက်အနက် လက်ရှိအချိန်ထိ ၁၃ ကွက်အတွက် ပိုက်ဆံပြန်လည်ထုတ်ပေးပြီး ကျန်မြေကွက်များအား နောက် ဘတ်ဂျက်များတွင် ဆက်လက်ပေးသွားရန် လျာထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက မော်ကွန်းသို့ ပြောသည်။
မန္တလေးနည်းတူ အစိုးရ အကူးအပြောင်းကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူပိုင်မြေများကို ပုဂ္ဂလိကသို့ ချထားပေးခြင်းများအား ပြန်လည် စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြသည်။
ဘယ်လိုဖြေရှင်းမလဲ
ယခင်အစိုးရများလက်ထက်တွင် ဖြစ်ပွားခဲ့သည့် အများ ပြည်သူပိုင်နေရာများအား ပုဂ္ဂလိကသို့ ချထားပေးရာတွင် အချို့ နေရာများတွင် အဆောက်အအုံ အခိုင်အမာဆောက်လုပ်ပြီးဖြစ် သည့်အတွက် ပြန်လည်ရရှိရန် မလွယ်ကူတော့သည့် အခြေအနေ ဖြစ်သည်ဟု ပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။
ဥပမာအားဖြင့် ယခင်ကတည်းက အားကစားကွင်းအဖြစ် တည်ရှိခဲ့သည့် သိမ်ဖြူအားကစားကွင်း မြေနေရာတွင် ကန် သာယာတာဝါအဆင့်မြင့် အိမ်ရာစီမံကိန်းအဖြစ် တည်ဆောက် ခွင့်ပြုခဲ့သည့်အတွက် အများပြည်သူအတွက်ပြန်လည် မရယူနိုင် တော့သည့် အခြေအနေဖြစ်သည်ဟု ဦးနေဘုန်းလတ်က ထောက် ပြသည်။
ပုဂ်္ဂလိကသို့ ချထားပေးသည့် အများပြည်သူပိုင် နေရာ များအား ပြန်လည်စိစစ်ပြီး စည်ပင်သာယာအနေဖြင့် ပြန်လည် ပယ်ဖျက်ခြင်း၊ လွတ်သည့်မြေနေရာတွင်အစားထိုးပေးသည့် ဖြေရှင်းနည်းများ ပြုလုပ်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ် များက အကြံပြုသည်။
အများပြည်သူပိုင်နေရာများကို ပုဂ္ဂလိကထံ ချထားပေး သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး လွယ်လင့်တကူ ဖြေရှင်းနိုင် သည့် ““ဆေးမြီးတိုမရှိ”” ဟု မြို့ပြစီမံကိန်းပညာရှင် ဦးသံမိုးက သုံးသပ်သည်။
““အထိန်းအကွပ်မဲ့နေတာကြောင့်ဒီလိုဖြစ်တာ။ အထိန်း အကွပ်ဆိုတာ ဥပဒေမရှိဘူး။ စီမံချက်မရှိဘူး။ လုပ်ငန်းအစီအစဉ် (Action Plan)မရှိဘူး။ မရှိတဲ့အတွက်ကြောင့်မို့လို့ အထိန်း အကွပ်က မဲ့သွားတယ်။ ဥပဒေနဲ့အညီ လုပ်ဖို့က ဥပဒေလည်း မရှိ သေးဘူး။ အဲဒီတော့ ရေရှည်အတွက်ဆိုရင်တော့ ဥပဒေတွေ၊ နည်းဥပဒေတွေ ပေါ်ပေါက်ရမယ်””ဟု ထောက်ပြသည်။
ယင်းပြဿနာများ ဖြေရှင်းရန် လမ်းစတစ်ရပ်ဖြစ်သည့် “မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေကြမ်း”ကို ပြည်ထောင်စု လွှတ်တော်က ယခုနှစ်မတ်လအတွင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအရ ဒေသန္တရစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင် ရွက်ရန် အာဏာပိုင်အဖွဲ့ ပေါ်ပေါက်လာမည်ဖြစ်သည်။ ယင်း အာဏာပိုင်အဖွဲ့က မဟာဗျူဟာအစီအစဉ် (Strategic Plan)ကို အခြေခံပြီး မာစတာပလန် (Master Plan)နှင့် လုပ်ငန်းအစီ အစဉ်(Action Plan)ကိုရေးဆွဲပြီး စီမံခန့်ခွဲခြင်းဖြင့် ဖြေရှင်း နိုင်မည်ဟု မြို့ပြစီမံကိန်းပညာရှင် ဦးသံမိုးက ဆိုသည်။
လတ်တလောဖြေရှင်းမည်ဆိုလျှင် ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်ထုတ်ပြန်ပြီး လုပ်ဆောင်သင့်သည်ဟု ဦးသံမိုး က အကြံပြုသည်။
အပန်းဖြေစရာ နေရာပေးပါ
ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင်မြေနေရာများကို ဌာနဆိုင်ရာများက ကျူးကျော်ခြင်း၊ ငှားရမ်းခြင်း၊ ဂရန်ထုတ် ရောင်းချခြင်းများ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန်နှင့် ဖြစ်ခဲ့ပြီး သော ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှ ဖော်ထုတ်ပေးရန် “အများပြည်သူပိုင်နေရာများအား အများပြည်သူ ပြန်လည်ပိုင် ဆိုင်ခွင့်ရရှိရေးအဆို” ကို ဦးနေဘုန်းလတ်က ၂ဝ၁၆ ဇွန်တွင် တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းဆွေးနွေးရာ လွှတ်တော်က အတည်ပြုခဲ့သည်။
လွှတ်တော်တွင် အတည်ပြုပြီးသည့် အဆိုသည် အစိုးရ၏ မူဝါဒ ဖြစ်လာရမည်ဖြစ်ပြီး စီမံချက်ရေးဆွဲကာ အကောင်အထည် ဖော်ဆောင်ရမည်ဟု လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။
သို့သော် ဦးနေဘုန်းဘတ်၏ အဆိုမှာ လွှတ်တော်တွင် အတည်ပြုပြီးဖြစ်သော်လည်း အကောင်အထည်ဖော်ရန် စီမံ ချက်များကို အစိုးရက ဖော်ဆောင်ပေးခြင်းမရှိသေးဟု ဦးနေ ဘုန်းလတ်က ဝေဖန်ထောက်ပြသည်။
Photo-Hay Man Pyae မဟာဗန္ဓုလပန်းခြံအတွင်း ကလေးကစားကွင်းတစ်ခု
အများပြည်သူပိုင်နေရာများ အများပြည်သူပြန်လည်ပိုင် ဆိုင်ရေး အဆိုသာမက လွှတ်တော်အတွင်း အတည်ပြုပြီး ဖြစ် သည့် အခြားအဆိုများပေါ်တွင်လည်း တိုင်းအစိုးရ၏ အကောင် အထည်ဖော် ဆောင်ရွက်မှုအပိုင်းမှာ ““အမှတ်ပေးရမယ်ဆိုရင် ဇီးရိုးပဲ””ဟု ဦးနေဘုန်းလတ်က ဆိုသည်။
အများပြည်သူပိုင်နေရာများ နည်းပါးလာပါက စိတ်ဖြေ လျှော့မှု ပြုလုပ်နိုင်ရန် နေရာများ မရှိသည့်အတွက် လူမှုရေးပိုင်း ဆိုင်ရာ ပြဿနာများသာမက ကျန်းမာရေးဆိုင်ရာ ပြဿနာ များလည်း ကြုံတွေ့လာနိုင်သည်ဟု မြို့ပြပညာရှင်များက ထောက်ပြသည်။
နိုင်ငံသားတစ်ဦးချင်းအတွက် အများပြည်သူပိုင်နေရာ အကျယ်အဝန်း မည်မျှထားမည်ဟူသည့် စံသတ်မှတ်ချက်၊ မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာသိင်္ဂီရွှေကလည်း အကြံပြုသည်။
အပန်းဖြေအနားယူရန် ပန်းခြံများ၊ အားကစားကွင်းများ ရှိခြင်းဖြင့် လူငယ်များအား မူးယစ်ဆေးဝါသုံးစွဲခြင်းလျော့နည်း စေနိုင်သကဲ့သို့ လူကြီးများအတွက်လည်း အပန်းဖြေ အနားယူ စရာဖြစ်လာသည်ဟု မြို့ပြစီမံကိန်းပညာရှင်များက သုံးသပ်သည်။
မြို့ပြဖွံ့ဖြိုးတိုးတက်သည်ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာသာ မက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် အများပြည်သူပိုင်နေရာ များက အရေးကြီးသည်ဟု မြို့ပြစီမံကိန်းပညာရှင်များက ရှုှုမြင်သည်။
““အလုပ်သွားတယ်။ အိမ်ပြန်လာတယ်။ နံရံလေးဖက်ထဲ မှာ နေနေရတယ်ဆိုတာ အင်မတန်ဆိုးတဲ့ကိစ္စပဲ။ ရန်ကုန်မြို့လယ် ဒေသ ခြောက်မြို့နယ်မှာ နေတဲ့သူတွေက နံရံလေးဖက်ထဲမှာ နေ နေရတာ။ အဲဒီတော့ လူတွေ စိတ်မချမ်းသာဘူး၊ မပျော်ရွှင်ဘူး ဆိုရင် ကုန်ထုတ်လုပ်ငန်းမှာ လုပ်နေတဲ့သူတွေ ကုန်ထုတ်စွမ်း အားတွေ ကျကုန်မှာပေါ့”” ဟု မြို့ပြပညာရှင် ဦးသံမိုးက ဆိုသည်။
ဒါ့အပြင် အပန်းဖြေအနားယူရန် အများပြည်သူပိုင်နေရာ များ လျော့နည်းလာခြင်းက ““နေပျော်စရာမြို့ မဟုတ်တော့တာ ကို ပြနေတာပေါ့””ဟု သူကဝေဖန်သည်။