ရန်ကုန် – ၂၀၂၃ ဇွန် ၂၈ (မော်ကွန်း)
NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ မစုံလင်တော့တဲ့အတွက် အဖွဲ့ငါးဖွဲ့ တပေါင်းတစည်းတည်း စုပေါင်းဆွေးနွေးရေးမူကိုကိုင်စွဲပြီး ဆွေးနွေးနေတယ်လို့ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ်ငါးဖွဲ့တို့တွေ့ဆုံတဲ့အစည်းအဝေး ပထမနေ့နှုတ်ခွန်းဆက်စကားပြောရာမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုထည့်သွင်းပြောခဲ့တာပါ။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) စတဲ့ငါးဖွဲ့ဟာ ယခုလ ၂၆ ရက်ကနေ ၂၈ ရက်ထိ နေပြည်တော်ကိုလာရောက်ပြီး စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။
အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကနေ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် အဖွဲ့ဝင်အချိုု့ နှုတ်ထွက်သွားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ငါးဖွဲ့သာကျန်ရှိတော့တဲ့အတွက် အခုလို ငါးဖွဲ့တပေါင်းတစည်းထဲဆွေးနွေးရေးမူနဲ့ ဆွေးနွေးနေတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
“၂၀၂၁ ခုနှစ်ဦးပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် PPST အဖွဲ့ဝင်အချို့ဟာ NCA ပြဋ္ဌာန်းချက်ပါမူများနှင့်ဆန့်ကျင်ပြီး အဖွဲ့ဝင်အဆင့်လျှော့ချကြပါတယ်။ ဒါကြောင့် PPST ခုနစ်ဖွဲ့နဲ့ ၂၀၂၂ ခုနှစ်က စပြီးတော့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ တစ်ဖွဲ့ချင်းအလိုက်၊ ပြီးတော့ သုံးဖွဲ့တစ်စုနဲ့ နောက်ဆုံးခုနစ်ဖွဲ့အစုအဖွဲ့နဲ့ တပေါင်းတစည်းထဲ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ သို့သော် ဒီကနေ့ ပွဲမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ငါးဖွဲ့အနေနဲ့သာ တပေါင်းတစည်းထဲစုပေါင်းဆွေးနွေးရေးမူကို ဆက်လက်ကိုင်စွဲပြီး ပါဝင်ဆွေးနွေးလာရတာဖြစ်တယ်” လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားတာဖြစ်ပေမယ့် စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ အပစ်ရပ်ထိုးထားတဲ့အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့အဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်တာမရှိတော့ပါဘူး။
အလားတူပဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့တို့ဟာလည်း PPST ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်စာတင်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အပြည့်အဝပူးပေါင်းပါဝင်မှုအဆင့်တွေကို လျှော့ချခဲ့ကြပါတယ်။
ယခုဆွေးနွေးပွဲနဲ့ပတ်သက်လို့ သဘောတူညီချက်တွေကို သေချာမသိရသေးဘူးလို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မော်ကွန်းကို ပြောပါတယ်။
“ကျွန်တော်တို့က အစဉ်အလာအရ ငါးဖွဲ့သွားတယ်၊ ငါးဖွဲ့သွားပြီးရင် ကျန်တဲ့နှစ်ဖွဲ့ကလည်း သူတို့ သီးသန့်သွားမယ်၊ ခုနှစ်ဖွဲ့လုံးပြီးသွားရင်တော့ ခုနှစ်ဖွဲ့လုံးပြန်ထိုင်ပြီး ဆွေးနွေးမယ့်အခြေအနေပေါ့၊ အခုတော့သေချာမသိရသေးပါဘူး” လို့ သူက ပြောပါတယ်။
ဆွေးနွေးပွဲမှာ ယခင်ကဆွေးနွေးနေဆဲဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်လိုတဲ့အချက်တွေ၊ ယခင်သဘောတူပြီးသားအချက်တွေကို အကောင်အထည်ဖော်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသတည်ငြိမ်ရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းနေတယ်လို့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။
ယခုလဆန်းပိုင်းကလည်း စစ်ကောင်စီဟာ အပစ်ရပ်လက်မှတ်ထိုးထားခြင်းမရှိတဲ့ ညီနောင်မဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AAတို့) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပုံစာ – အပစ်ရပ်ငါးဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ တွေ့ဆုံနေစဉ်
ဓာတ်ပုံ – MOI
#Dailynews

