ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၆(မော်ကွန်း)
ယာယီပိတ်သိမ်းတဲ့ အထည်ချုပ်စက်ရုံအချို့လုပ်ငန်းပြန်စတဲ့အခါ ဝန်ထမ်းဟောင်းတွေဟာ နေ့စားအဖြစ်သာလုပ်ကိုင်ကြရပြီး အလုပ်သမားအခွင့်ရေးနစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ အထည်ချုပ်အလုပ်သမား အသိုင်းဝိုင်းကပြောပါတယ်။
အထည်ချုပ်စက်ရုံအချို့ဟာ ကုန်ကြမ်းရရှိမှုနဲ့ အော်ဒါရရှိမှုအခက်ခဲတွေကြောင့် စက်ရုံကိုယာယီရပ်နားတဲ့အခါ ဝန်ထမ်းလျှော့ချမှု တွေပါလုပ်ဆောင်တာပါ။ စက်ရုံပြန်လည်ပတ်တဲ့အခါမှာတော့ ဝန်ထမ်းပြန်လည်ခန့်အပ်တာမျိုးမရှိတော့ဘဲနေ့စားအနေနဲ့ အလုပ်လုပ်ဖို့သာခေါ်ယူတာဖြစ်ပါတယ်။
“ကျွန်တော်တို့စက်ရုံဆိုရင် အော်ဒါမရတာ၊အော်ဒါရရင်လည်း ကုန်ကြမ်းက ဒီကိုရောက်ဖို့ကြာနေတာတွေကြောင့် စက်ရုံကတစ်ခါနားရင် လနဲ့ချီကြာတယ်။အဲ့လိုနားရတော့ ဝန်ထမ်းတွေလျှော့ပစ်တယ်။စက်ရုံက အလုပ်ပြန် လည်ပတ်တဲ့အခါကျတော့ ဝန်ထမ်းထပ်မခန့်တော့ပဲ နေ့စားသဘောမျိုးပဲခေါ်တော့တယ်။နေ့စားကျ လခစားဝန်ထမ်းလို အလုပ်သမားအခွင့်ရေးအပြည့်မရဘူး လုပ်ခအနေနဲ့လည်း တစ်ရက်ကို ၄,၈၀၀ပဲရတော့ အဆင်မပြေဘူး”လို့ အမည်အဖော်လိုတဲ့ အထည်ချုပ်အလုပ်သမားတစ်ဦးကပြောပါတယ်။
ဒီလိုနေ့စားနဲ့လုပ်ရတာကြောင့် ကျန်းမာရေးကိစ္စအပါအ၀င် အကြောင်းကြောင်းကြောင့် အလုပ်မဆင်းနိုင်ရင် ပိုက်ဆံမရတဲ့အတွက် ရေရှည်မှာရပ်တည်ဖို့ခက်ခဲမှုတွေရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်ရပ်နားတဲ့ အခါမှာလည်း နစ်နာကြေးတွေနဲ့ပတ်သက်လို့ ဝန်ထမ်းတွေရပိုင်ခွင့်ရှိတဲ့ အခွင့်ရေးအတိုင်း အပြည့်အဝမရရှိပဲ အလုပ်ရှင်ရဲ့ သဘောအတိုင်းသာ လုပ်ဆောင်မှုတွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
“နေ့စားကျ အလုပ်ရပ်နားရင်လည်း သူတို့လျော်ကြေးပေးဖို့မလိုတော့ နောက်ပိုင်းနေ့စားနဲ့ပဲခေါ်တာတွေများ တယ်။ဝန်ထမ်းတွေကတော့ နယ်ကလာတဲ့သူတွေများတော့ အလုပ်မရှိရင် အဆင်မပြေတော့ ၀င်လုပ်ကြ ရတာပေါ့။ တစ်ချို့နေ့စားတောင် မလုပ်ကတဲ့သူတွေကြတော့လည်း ကိုယ့်နယ်ကိုယ်ပြန်ကြရတာပေါ့”လို့ ၎င်းကပြောပါတယ်။
ဒီလို အခွင့်ရေးချိုးဖောက်ခံရမှုတွေရှိနေပေမယ့် အလုပ်သမားသမဂ္ဂတွေ ပြည်တွင်းမှာမရှိတော့တဲ့အတွက် အရင်လိုတိုင်ကြားဖို့မလွယ်ကူတော့ဘူးလို့ အလုပ်သမားတွေကပြောပါတယ်။
မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်းရှင်များအသင်း(MGMA )ကတော့သူရဲ့အသင်းဝင်စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ အနေ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ ထိပါးနှောင့်ယှက်ခံရတာတွေရှိရင် MGMA Grievance Mechanism ရဲ့ Complaint Form ကို www.c.mgma-vlca.com မှဝင်ရောက် ဖြည့်သွင်း တိုင်ကြားနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ(၆)ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီထုတ်ပြန်ချက်ဟာ နစ်နာတဲ့ အလုပ်သမားတွေအပေါ် အပြည့်အဝ ကာကွယ်မှုမပေးနိုင်ဘူးလို့ အထည်ချုပ်အလုပ်သမားတွေက ဆိုပါတယ်။
#Dailynews

