အညာဒေသက မွေးဌာနီ

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

မြန်မာသံစဉ် အဆိုတော်တွေထဲမှာ သန်းထွန်းလေးက  ထင်ရှားတဲ့ အဆိုတော်ဖြစ်တယ်။ မွေးဌာနီ၊ မမေ့သော အညာ၊ ကျွန်တော့် ရည်မှန်းချက်၊ ကျွန်တော့်မမ ပုသိမ်သူ၊ မမလယ်တောသူ၊ ညီလေးတို့ရွာ စတဲ့ သီချင်းတွေနဲ့ မြန်မာသံစဉ်ပရိသတ် အခိုင်အမာရရှိထားသူဖြစ်တယ်။ အဆိုတော် သန်းထွန်းလေးရဲ့ သမီး အဆိုတော်ပိုးအိစံကလည်း ဖခင်သီချင်းတွေ ပြန်ဆိုပြီး မြန်မာသံစဉ်ပရိသတ်ရဲ့ မေတ္တာကို ရရှိထားသူဖြစ်တယ်။ သားအဖနှစ်ယောက် ၂ဝ၁၉ နှစ်ဆန်းပိုင်းက ကျောက္ကာရွာကို အရောက်လာခဲ့ ကြပြီး ရွှေဂူဖြူဘုရားမှာ ထီးတော်တင်ခဲ့ကြတဲ့ သတင်းတွေ မီဒီယာအချို့မှာ ဖတ်ခဲ့ရသေးတယ်။ သန်း ထွန်းလေးရဲ့ သီချင်းတွေထဲမှာ ကျောက္ကာရွာရဲ့ သာယာပုံကို ရေးဖွဲ့ထားတဲ့ သီချင်းတွေလည်း ရှိတယ်။ ၂ဝ၁၉ ဖေဖော်ဝါရီ ဒုတိယပတ်မှာ သန်းထွန်းလေးရဲ့ ဇာတိ ကျောက္ကာရွာကို ရောက်ပါတယ်။

ကျောက္ကာရွာက စစ်ကိုင်းတိုင်း မုံရွာမြို့ရဲ့ အရှေ့ဘက် ဆယ် မိုင် (၁၅ ကီလိုမီတာ) အကွာမှာ ရှိတယ်။ အညာဒေသ ကုန်း ခေါင်ခေါင် ဖြစ်ပေမယ့် ကျောက္ကာရွာလေးက သစ်ရိပ်ဝါးရိပ်တွေ ကြောင့် အေးချမ်းတယ်။ ရွှေဘို-မုံရွာ ခရိုင်မြို့ကြီးနှစ်မြို့ကို ဆက် သွယ်ထားတဲ့ ခရိုင်ချင်းဆက်လမ်းပေါ်မှာ တည်ရှိလို့ ခေါင်တယ်လို့ မဆိုနိုင်ဘူး။ ရွှေဘိုနဲ့ မုံရွာက မိုင် ၃ဝ ဝန်းကျင် ကွာဝေးပြီး ကျောက္ကာက ကြားစခန်းရွာ ဖြစ်ပါတယ်။

မရောက်ဖူးတဲ့ ဒေသတွေ ရောက်တိုင်း မြို့ဝင်လမ်းတွေ၊ ရွာဝင်လမ်းတွေကို ကျွန်တော် သတိထားကြည့်တယ်။ တချို့ ဒေသတွေရဲ့ အဝင်လမ်းမတွေက စိတ်လှုပ်ရှားစရာ ကောင်း တယ်။ ကျွန်တော် ရောက်ဖူးတဲ့ မြို့တွေထဲမှာ မုံရွာမြို့အဝင်က တမာတန်း၊ မြင်းခြံမြို့အဝင်က  ထနောင်းတန်း၊ မြိုင်မြို့အဝင်က တမာတန်း၊ ရေနံချောင်း-မကွေးလမ်းပေါ်က ကုက်္ကိုတန်း၊ စလင်း မြို့အဝင်က ညောင်ပင်တန်းတွေက အမှတ်ရစရာ မြို့ဝင်လမ်းတွေ ဖြစ်ကြတယ်။ တစ်ပင်နဲ့ တစ်ပင် ပင်ချင်းယှက်ပြီးနေလို့ လမ်းပေါ် ကို ထီးသဖွယ် မိုးပေးထားတယ်။ ကျွန်တော် မရောက်ဖူးပေမယ့် ပုံတွေထဲမှာ မြင်တွေ့ဖူးလို့ အမှတ်ရနေတဲ့ လမ်းလေးလည်း ရှိ တယ်။ မွန်ပြည်နယ်ထဲက ကျိုက်မရောလမ်းလေးပါ။ အရပ်မြင့် မြင့် ထန်းပင်ကြီးတွေ စီစီရီရီ စိုက်ပျိုးထားတဲ့ ကျိုက်မရော လမ်းလေးက ကျွန်တော့်အတွက် မရောက်ဖူးပေမယ့် မြတ်နိုး တန်ဖိုးထားစရာ လမ်းလေး ဖြစ်တယ်။ လမ်းဘေးဝဲယာမှာ သစ် ကြီးဝါးကြီးတွေကို စနစ်တကျ စီတန်းစိုက်ပျိုးထားတာ သာဓုခေါ်စရာပါ။ ရှေ့လူတွေက စေတနာပါပါ စိုက်ခဲ့ကြပြီး နောက်လူတွေက အမြော်အမြင်ရှိရှိ ထိန်းသိမ်းခဲ့ကြလို့သာ သက်တမ်းရင့် သစ်ပင်ကြီးတွေ ကျန်ခဲ့တာပါ။ သစ်ပင်စိုက်တယ်ဆိုတာ ဇရပ်ဆောက်လုပ် လှူဒါန်းသလိုပါပဲ။ ခရီးသွားတွေ သစ်ရိပ်ဝါးရိပ်မှာ အနားယူအပန်းဖြေရင်း လိုရာခရီး ဆက်နိုင်ကြတယ်။

Photo-Than Naing Oo ယွန်းလုပ်ငန်းခင်က ယွန်းထည်ဆွမ်းအုပ်

Photo-Than Naing Oo ယွန်းလုပ်ငန်းခင်က ယွန်းထည်ဆွမ်းအုပ်

မုံရွာမြို့ကနေ ကျောက္ကာရွာကို သွားတဲ့ လမ်းလေးက လည်း သက်တမ်းရင့် တမာပင်ကြီးတွေရဲ့ အရိပ်အာဝါသကြောင့် အေးချမ်းလှတယ်။ ကျောက္ကာရွာကို မရောက်မီ လမ်းခရီးမှာ အညာရွာတွေ ဖြတ်ခဲ့ရတယ်။ ယာခင်းတွေထဲမှာ ကြီးမားလှတဲ့ လက်ပံပင်ကြီးတွေရဲ့ အပွင့်ရဲရဲတွေက နွေဦးကာလကို အန်တု နေတယ်။ အဆိုတော် သန်းထွန်းလေးက မမေ့သော အညာသီချင်းမှာ သူ့ရပ်သူ့ရွာကို အခုလို ပုံဖော် သီဆိုခဲ့တယ်။

မွေးဌာနီ အညာအရပ်ဆီသို့ xxx ရော်ရည်မျှော်မှန်း xxx စိတ်ဝယ်တမ်းတ xxx မှန်းဆကာရည် xxx တမ်းတပါသည် xxx လှည်းလမ်းကြောင်းတစ်လျှောက် xxx ဖုန်လုံးကြီးတွေ xxx တလိမ့်လိမ့်တက်ကာ xxx မြင်ယောင်သေးတော့သည် xxx အညာဌာနီ xxx တစ်ခါလာမည် xxx ကျွန်တော့်အတွက်တော့ မေ့ မရပါလေပြီ xxx

Photo-Than Naing Oo ကျောက္ကာတောင်ရွာသို့အဝင်

Photo-Than Naing Oo ကျောက္ကာတောင်ရွာသို့အဝင်

ကျောက္ကာရွာကို ရောက်ချိန်မှာတော့ ရွှေဂူနီဘုရားကြီးကို ရွာထိပ်မှာ ဖူးတွေ့ရပါတော့တယ်။ ကျွန်တော်တို့ ကျောက္ကာရွာ အလွန်အထိသွားခဲ့ကြတယ်။ ကျောက္ကာရွာအလွန်မှာ ကြီးမားတဲ့ ကွန်ကရစ်မုခ်ဦးကြီးက လမ်းပေါ် ခွဆောက်ထားပြီး မုံရွာမြို့မှ နှုတ်ခွန်းဆက်သပါ၏လို့ ရေးထိုးထားတယ်။ မုခ်ဦးလွန်ရင် အင်္ဂလိပ်အက္ခရာ ဝိုင်လမ်းဆုံလမ်းခွဲ ရောက်ပါတယ်။ ဝိုင်လမ်းဆုံ ကနေ ဘယ်ဘက်လမ်းခွဲအတိုင်း သွားရင် ရေနံချက်ဖိုတွေဆီ ရောက်သွားမှာ ဖြစ်ပြီး မီးခိုးတလူလူနဲ့ ရေနံချက်နေတဲ့ ဖိုတွေကို အညာနေပူပူအောက်မှာ တွေ့မြင်ရမှာပါ။ မြန်မာနိုင်ငံ အနယ် နယ်အရပ်ရပ်မှာ ရှိတဲ့ ရေနံမှော်တွေက ထွက်သမျှ ရေနံစိမ်းတွေ ကျောက္ကာမှာ လာရောက်ချက်လုပ်ကြတာပါ။ ရေနံတင်တဲ့ ဘောက်စာကားကြီး၊ ကားငယ် အသွယ်သွယ် ဝင်ထွက်သွားလာ နေကြပါတယ်။

ရေနံချက်ဖိုတွေ ရာချီ ရှိနေပြီး မီးမတော်တဆမှုတွေလည်း ဖြစ်ခဲ့တဲ့ အရပ်ဖြစ်တယ်။ ၂ဝ၁၈ အတွင်းမှာလည်း မီးလောင် ကျွမ်းမှုတွေ ရှိခဲ့သလို ၂ဝ၁၉ နှစ်ဆန်းပိုင်းမှာလည်း မီးလောင် ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ အရပ် ဖြစ်ပါတယ်။ ဒေသခံတွေ အဆိုအရ ရာ ချီရှိတဲ့ ကျောက္ကာရေနံချက်ဖို ထောင်သူတွေမှာ ကျောက္ကာရွာ သူရွာသားတွေ ကိုယ်တိုင်ချက်လုပ်တာ လက်တစ်ဖက် မပြည့် ဘူးလို့ ဆိုပါတယ်။ ဝိုင်လမ်းဆုံမှာ ညာဘက်လမ်းကြောအတိုင်း ဆက်သွားရင် ရွှေဘိုမြို့ကို ရောက်ပါတယ်။ ကျောက္ကာနဲ့ ရွှေဘိုက မိုင် ၂ဝ ဝန်းကျင် ကွာဝေးပါတယ်။

ကျောက္ကာရွာက ကျောက္ကာတောင်ရွာနဲ့ ကျောက္ကာမြောက် ရွာဆိုပြီး နှစ်ရွာ ရှိတယ်။ ကျောက္ကာမြောက်ရွာက ကားလမ်းမရဲ့ မြောက်ဘက်ခြမ်းမှာ ရှိပြီး ကျောက္ကာတောင်ရွာက ကားလမ်းမရဲ့ တောင်ဘက်ခြမ်းမှာ ရှိတယ်။ တစ်ရွာနဲ့ တစ်ရွာ ဓားလွယ်ခုတ် အနေအထားမှာ ရှိပေမယ့် နှစ်ရွာ့တစ်ရွာပါပဲ။ ကျောက္ကာမြောက် ရွာထိပ်မှာ ရွှေဂူဖြူဘုရားရှိပြီး ကျောက္ကာတောင်ရွာထိပ်မှာ လည်း ရွှေဂူနီဘုရား ရှိတယ်။ ကျောက္ကာနှစ်ရွာစလုံးက သာသနာ ရောင်ဝါ ထိန်ထိန်လင်းပြီး စေတီပုထိုး ဉဏ်တော်အမျိုးမျိုးကို ဖူးမြော်နိုင်ပါတယ်။ ကျွန်တော်တို့ ကျောက္ကာရွာ ရောက်တဲ့နေ့က ကျောက္ကာရွာဦး ပေါ်တော်မူဘုရားပွဲ ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။ ကျောက္ကာမြောက်ရွာမှာ အိမ်ခြေ ၅ဝဝ ကျော် ရှိပြီး ကျောက္ကာ တောင်ရွာမှာ အိမ်ခြေ ၄ဝဝ ကျော် ရှိတယ်။ ကျောက္ကာမြောက်ရွာ ရွာလယ်လမ်းအတိုင်း ရွာထဲကို ဝင်ခဲ့ကြတယ်။

ကျွန်တော် အညာကျေးလက်က ရွာတွေ မကြာခဏ ရောက်ဖြစ်တယ်။ ရွာလယ်လမ်းအများစုက မြေသားလမ်းတွေ သာ များတယ်။ ကျောက္ကာမြောက်ရွာ ရွာလယ်လမ်းက ရန်ကုန် က လမ်းတွေလို ကွန်ကရစ် ခင်းထားတယ်။ လျှပ်စစ်မီးတိုင်တွေ စိုက်ထူထားပြီး လျှပ်စစ်ကြိုးတွေ သွယ်တန်းထားတယ်။ ကျောက္ကာ ရဲ့  နာမည်ကျော်ထွက်ကုန်ဖြစ်တဲ့ ယွန်းထည်လုပ်ငန်း လုပ်ကိုင်ကြ သူတွေ ရှိတယ်။ ရွာလမ်းထိပ်မှာ မီးသတ်တပ်ဖွဲ့စခန်းလည်း ရှိပြီး မီးသတ်ယာဉ်တစ်စီးလည်း ရှိတယ်။ စက်သုံးဆီဆိုင်၊ ကျေးလက် ကျန်းမာရေးဌာနခွဲ၊ အလယ်တန်းကျောင်း၊ ဆေးခန်း၊ စား သောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အကြော်ဆိုင်၊ လက် ဖက်ရည်ဆိုင် စတဲ့ မြို့ပြ အဆင်တန်ဆာတွေ ရှိတယ်။ တယ်လီ ဖုန်းဆက်သွယ်ရေးလိုင်းတွေလည်း မိတယ်။ ရွာလယ်က ကွန် ကရစ်လမ်းမကြီးဝဲယာမှာ အိမ်ကြီးအိမ်ကောင်းတွေ တွေ့ရ တယ်။ ဆောက်လက်စ ကွန်ကရစ်တိုက်ကြီးတွေလည်း ရှိတယ်။

ရွာလယ်လမ်းက သံဆန်ခါကွက်ကာထားတဲ့ ဝင်းခြံထဲမှာ သွပ်မိုးပျဉ်ကာ တစ်ထပ်အဆောက်အအုံတစ်လုံးရှိပြီး လင်း ရောင်ခြည်စာကြည့်တိုက်လေး ရှိတယ်။ ဒါပေမဲ့ စာကြည့်တိုက်က ပိတ်ထားတယ်။ ငွေကြယ်စင်ယွန်းထည်လုပ်ငန်းလို့ အင်္ဂလိပ်လို ဆိုင်းဘုတ်တပ်ထားတဲ့ အိမ်ထဲကို ခွင့်တောင်းပြီး ဝင်ခဲ့ကြတယ်။ အိမ်ထဲမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ယွန်းထည်တွေ ကို သစ်စေးသုတ်နေတယ်။ ကျွန်တော်တို့က ယွန်းလုပ်ငန်း အကြောင်း သိချင်လို့ မေးပါရစေဆိုတော့ သူက လိုလိုလားလား ခွင့်ပြုတယ်။ သူ့နာမည်က ကိုစိုးမိုးကျော် ဖြစ်ပြီး ငွေကြယ်စင် ယွန်းထည်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူ ဖြစ်တယ်။

““ယွန်းလုပ်ငန်းကို ဘိုးဘေးတွေ လက်ထက်ကတည်းက လုပ်ကိုင်လာတာ။ ကျွန်တော်တို့ ခပ်ငယ်ငယ်က ယွန်းသမဆိုတာ ရှိခဲ့ဖူးတယ်။ ဟင်္သာပြဒါးတို့၊ ဝါးတို့၊ ဆေးမှုန့်တို့ ယွန်းသမက ယွန်းလုပ်ငန်း လုပ်ကိုင်သူတွေကို ရောင်းပေးတယ်။

““တိုးရစ်တွေလည်း လာကြပါတယ်။ ယိုးဒယား၊ ဂျာမနီ၊ စပိန်၊ ဂျပန်၊ ပြင်သစ်၊ အမေရိကန်က က်္ဘာလှည့်တွေ လာကြ တယ်။ ကျွန်တော်တို့ ယွန်းထည်က ပုဂံက ယွန်းထည်နဲ့ ကွဲပြား တယ်။ ဒီရွာမှာ အသက် ၄ဝ အထက် အရွယ်အားလုံး ယွန်းနဲ့ ပတ်သက်တာ တစ်ခုမဟုတ် တစ်ခု တတ်မြောက်ကြတယ်။

““ယွန်းထည်နဲ့ လုပ်တဲ့ ရေနွေးခွက်တစ်ခွက် ကျပ် ၂၅,ဝဝဝ  ပေးနေရချိန်မှာ တရုတ်နဲ့ အိန်္ဒိယက လာတဲ့ ရေနွေးခွက်တွေက တစ်ခွက် ကျပ် ၅ဝဝ ပဲ ပေးနေရတယ်။ ပုဂံခေတ် နံရံဆေးပန်းချီ ဟန် ရေးဆွဲထားတဲ့ လက်ကိုင်ဖုန်းကာဗာတွေက တစ်ခု ကျပ် ၃ဝ,ဝဝဝ””

အခုတော့ ရွာမှာ ယွန်းလုပ်ငန်းလုပ်နေသူ လေးငါးခြောက် ယောက်လောက်ပဲ ရှိတော့တယ်။ အရင်က အိမ်တော်တော်များ များမှာ ယွန်းထည်တွေ မြေဓာတ်ရဖို့ မြေတိုက်တွေ ထည့်ဆောက် ထားကြတယ်။ ကျောက္ကာဒေသထွက် ယွန်းထည်တွေ မှန်မြေ တိုက်ထဲမှာ လေးငါးခြောက်လ ထားပြီး မြေငွေ့ပေးပြီး ခြောက် သွေ့အောင် ထားကြတယ်။ လုံလောက်တဲ့ မြေဓာတ်မရဘဲ သစ် စေးသုတ်ပြီး ရွှေဆေးခြယ်ရင် အဆင့်မီ ယွန်းထည် မရနိုင်ဘူးလို့ ကျောက္ကာသား ကိုစိုးမိုးကျော်က ယုံကြည်နေတယ်။ တိုက်ခန်း တွေက ၁၅ ပေ ပတ်လည် ကျယ်ဝန်းပြီး အမြင့် ၁ဝ ပေ လောက် ရှိတယ်။ မြေတိုက်ခန်းတစ်ခုအတွက် ကျပ် သိန်း ၂ဝ လောက် ကုန်ကျမှု ရှိတယ်။ အခုတော့ တချို့အိမ်တွေက ယွန်းလုပ်ငန်း မလုပ်တော့လို့ ရှိပြီးသား မြေတိုက်တွေသည်ပင် ပိတ်ထားလိုက် ကြပါပြီ။

မျိုးဆက်သစ် ကျောက္ကာရွာသူရွာသားတွေ မိရိုးဖလာ ယွန်းထည်ကို စိတ်ဝင်စားမှု ရှိပေမယ့် အကန့်အသတ်တွေ ရှိနေ တယ်။ ကျောက္ကာရွာသားတစ်ယောက် လယ်ထဲကိုင်းထဲ ဆင်းပြီး လုပ်ရင် တစ်ရက်လုပ်အားခ ကျပ် ၆,ဝဝဝ၊ ၇,ဝဝဝ ရနိုင်ပေမယ့် ဘာမှ မတတ်သေးသူတစ်ယောက်ကို ယွန်းလုပ်ငန်းရှင်က ခေါ် ခိုင်းရင် တစ်ရက် ၂,ဝဝဝ၊ ၃,ဝဝဝ ပဲ နေ့တွက်ပေးနိုင်တဲ့ အနေ အထားမှာ ရှိတယ်။ အဲဒီအကြောင်း ကိုစိုးမိုးကျော်က အခုလို မှတ်ချက်ပေးတယ်။

““ဘာမှ မတတ်သေးသူ ကျွန်တော့်ဆီလာရင် အောက်ခြေ သိမ်းလုပ်ငန်းတွေပဲ သူ လုပ်လို့ရမယ်။ သူ လုပ်လိုက်လို့ ပျက်စီး သွားတာတွေ ရှိနိုင်တယ်။ ပညာသင် ဖြစ်တဲ့အတွက် ပစ်္စည်းတန် ဖိုး အလျော်တောင်းလို့ မရနိုင်ဘူး။ ပညာသင်တစ်ယောက်ဆီက ကျွန်တော်တို့ ဘာမှ မရနိုင်သေးဘူး။ သူ့ကို အချိန်ပေးပြီး တတ် အောင် သင်ပေးရဦးမှာ။ ဘာမှ မတတ်သေးသူတစ်ယောက်ကို နေ့တွက်ပေးဖို့လည်း မဖြစ်နိုင်ဘူး။ သူ့စားဝတ်နေရေးက ရှိသေး တော့ မုန့်ဖိုးသာသာတော့ ပေးမှ ရမယ်။ ပီပြင်တဲ့ ဈေးကွက်မရှိလို့ လုပ်စားတဲ့သူ နည်းလာတာ””

ကျွန်တော်တို့ ကိုစိုးမိုးကျော်ကို နှုတ်ဆက်ပြီး ကျောက္ကာ တောင်ရွာဘက်ကို ကူးခဲ့ကြတယ်။ ကျောက္ကာတောင်ရွာက အဆို တော်သန်းထွန်းလေး ဇာတိ။ သန်းထွန်းလေးက မွေးဌာနီ သီချင်း မှာ သူ့ရွာသာယာလှပပုံကို အခုလို သီဆိုခဲ့တယ်။

ကျွန်တော် ရောက်လေရာ xxx နေရာတိုင်းက xxx တမ်းတ သည် xxx အောက်မေ့မိသည် xxx သြော် xxx အောက်မေ့မိသည် xxx ကျွန်တော့်မွေးဌာနီ xxx

(ပျော်ရာမှာ မနေရ xxx တော်ရာမှာ နေရ xxx ဒီဘဝ ဒီ အဖြစ်မျိုးသည် xxx လူတိုင်း ကြုံဖူးကြလိမ့်မည် xxx)၂ xxx

Photo-Than Naing Oo ကျောက္ကာတောင်ရွာက ယွန်းထည်လုပ်ငန်းခွင်

Photo-Than Naing Oo

ကျောက္ကာတောင်ရွာက ယွန်းထည်လုပ်ငန်းခွင်xxx မုံရွာအနီးက xxx ဟိုကျောက္ကာတောင်ရွာဆီ xxx မွေး ဌာနီ နေရာဟောင်းကို xxx ညီလေး အောက်မေ့သည် xxx ဘူးခါး ချောင်းရေကြည်ကြည် xxx နေရီရီ ညနေချမ်းမှာ xxx (ကျောက္ကာ သူများ xxx ရေချိုးလာသည်)၂ သောက်ရေအတွက် လက်ယက် တွင်းကလေးတွေ xxx ယက်ကာခပ်ရသည် xxxညီလေးတို့ ဌာနီxxx ကျောက္ကာတောင်ရွာဆီ xxx တစ်မျိုးတော့ သာယာ သည် xxx

ကျောက္ကာအထက်တန်းကျောင်းကြီးက မုံရွာ-ကျောက္ကာ ကားလမ်းနံဘေးမှာ ရှိတယ်။ လက်ဖက်ရည်ဆိုင်၊ ဖုန်းပြင်ဆိုင်၊ မိတ်ကပ်ဆံပင် အလှပြင်ဆိုင်၊ ဆိုင်ကယ်ဝပ်ရှော့၊ ကွမ်းယာဆိုင် တွေက ရွာထိပ်မှာ ဈေးတန်းလေးသဖွယ် တန်းစီနေတယ်။ ကျောက္ကာတောင်ရွာထိပ်မှာ မေတ္တာရင်ခွင် ကျန်းမာရေးနှင့် လူမှု ဖွံ့ဖြိုးရေးအသင်း ရှိတယ်။ မေတ္တာရင်ခွင်က ခေတ်မီ အာရ်စီ တစ် ထပ်အဆောက်အအုံ ဖြစ်ပြီး အာရာဖတ် အဖြူရောင်မော်တော် ယာဉ်တစ်စီးလည်း ထူထောင်ထားပါတယ်။ မေတ္တာရင်ခွင်ကို ကြည့်ခြင်းအားဖြင့် ကျောက္ကာရွာသားတွေ လူမှုရေးစိတ်ဓာတ် ကောင်းမွန်မှုကို အသိအမှတ်ပြုနိုင်တယ်။ မေတ္တာရင်ခွင် လည် ပတ်နိုင်ရေး ရွာသူရွာသားတွေ တစ်လ ကျပ် ၁,ဝဝဝ ထည့်ဝင်ပြီး ကုသိုလ်ယူကြတယ်။

ကျောက္ကာတောင်ရွာ ရွာလယ်လမ်းမအတိုင်း ကျွန်တော် တို့ ရွာထဲ ဝင်ခဲ့ကြတယ်။ တောင်ရွာမှာ ဘယ်သူ့ တွေ့ရမလဲလို့ မြောက်ရွာသား ကိုစိုးမိုးကျော်ကို မေးတော့ ဦးမောင်နုတို့အိမ်ကို သူက နတ်လမ်းဩန်တယ်။ ဦးမောင်နုက ကျောက္ကာတောင်ရွာ သားဖြစ်ပြီး အခုထိ ယွန်းလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်တယ်။ ကိုစိုးမိုးကျော် နတ်လမ်းဩန်တဲ့အတိုင်း ရွာလယ်လမ်းအတိုင်း ဝင်သွားပြီး ဦးမောင်နုတို့အိမ်ကို ရှာတာ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရပါတယ်။

ကျွန်တော်တို့ အိမ်ဝင်းထဲ ရောက်သွားချိန်မှာ ဝါးလုံးတွေ ကို နှီးဖြာနေတဲ့ အသက် ၆ဝ ကျော် အမျိုးသားကြီးတစ်ယောက်က ဆီးကြိုနှုတ်ဆက်တယ်။ သူက ယွန်းလုပ်ငန်းလုပ်ကိုင်နေသူ ဦးမောင်နုပါ။ ယွန်းလုပ်ငန်းအကြောင်း သိချင်လို့ပါ ဆိုတော့ အိမ် ထဲက တန်းလျားခုံရှည်မှာ နေရာချရင်း ယွန်းလုပ်ငန်းအကြောင်း ကျွန်တော်တို့ မေးသမျှ စိတ်ရှည်လက်ရှည် ဖြေပေးတယ်။

““အရင်က တောင်ရွာမှာ ယွန်းလုပ်ငန်းလုပ်သူ လေးငါး ခြောက်ဆယ် ရှိတယ်။ အခုတော့ လေးငါးခြောက်ယောက်တောင် မရှိချင်တော့ဘူး။ အသက်ကြီးသွားလို့ နားသွားတဲ့သူတွေ ပါ တယ်။ ကုန်ကြမ်းဈေးတက်ပြီး ကုန်ချောဈေးမရလို့ မလုပ်ကြ တော့တာလည်း  ရှိတယ်။ ဒီလုပ်ငန်းက ဖင်မြဲမှ ရတယ်။ တစ်နေ ကုန်ထိုင်ပြီး လုပ်ကြရတယ်။ ဒီဈေးကွက်နဲ့ ဒီပုံစံအတိုင်း သွားရင် နောက်ဆို ကျန်ပါ့မလား စိုးရိမ်နေရတယ်။ ပန်းရန်လုပ်ရင် တစ် ယောက် နေ့တွက် ကျပ် ၇,ဝဝဝ လောက် ရနေချိန်မှာ ဒီလုပ်ငန်း (ယွန်းလုပ်ငန်း) ကျပ် ၅,ဝဝဝ လောက်ပဲ ရတယ်။ အခု ယွန်းလုပ် ငန်းလုပ်နေတာ ရပ်ကြည့်မယ့်သူတောင် ရှားလာပြီ။ အခု ကျွန်တော့်လုပ်ငန်းမှာ ကျွန်တော်အပါအဝင် လူ ငါးယောက်ရှိတယ်။ မိသားစုဝင်က လေးယောက်ပါတယ်။ ဘေးလူက တစ်ယောက် ပါတာ””

ကျောက္ကာတောင်ရွာမှာ တောင်သူလုပ်ငန်း လုပ်ကိုင်ကြ သူတွေလည်းရှိတယ်။ မိုးဦးမှာ ပဲစင်းငုံနဲ့ ကုလားပဲ တွက်ခြေ မကိုက်ခဲ့ကြပါဘူး။ ပဲစင်းငုံတွေ ဈေးကောင်းမရလို့ ခုတ်ယူခွင့် ပေးတာတောင် ယူမယ့်သူမရှိခဲ့ပါဘူး။ ကျောက္ကာဒေသမှာ သနပ် ခါး စိုက်ကြသူတွေလည်းရှိတယ်။ အညာရွာတွေက မိုးနည်းရပ် ဝန်းဒေသဖြစ်လို့ အများအားဖြင့် ရေရှားတယ်။

Photo-Than Naing Oo ထန်းဇလုတ်ချောင်း

Photo-Than Naing Oo ထန်းဇလုတ်ချောင်း

ကျောက္ကာရွာဘက်မှာတော့ ရေ ဖောဖောသီသီ မထွက်ပေ မယ့် ရေမရှားပါဘူး။ သောက်ရေ၊ သုံးရေအတွက် မြေအောက်ရေ ကို ရယူသုံးစွဲကြပြီး ပေ ၁၅ဝ လောက်တူးရုံနဲ့ ရနိုင်တယ်လို့ ဆိုပါ တယ်။ လက်ကောက်ဝတ်အရွယ် သနပ်ခါးတုံးတွေ ခြံထောင့်မှာ  အစီအရီပုံထားတယ်။ ဦးမောင်နုရဲ့ သမီးတွေ၊ တူမတွေက သနပ် ခါးခြံတွေက ယူပြီး ရောင်းကြတာပါ။ မေတ္တာရင်ခွင်က ထုတ်တဲ့ ပြက္ခဒိန်ကို ဦးမောင်နုတို့ အိမ်အောက်ထပ်မှာ ချိတ်ဆွဲထားတယ်။ မေတ္တာရင်ခွင်အသင်းရဲ့ တစ်လ ကျပ် ၁,ဝဝဝ လစဉ်ထည့်ဝင်ရ တဲ့ အလှူငွေကောက်ခံလွှာကိုလည်း ပြက္ခဒိန်နဲ့ ဘေးချင်းယှဉ် လျက်မှာ ချိတ်ဆွဲထားပါတယ်။

ကျောက္ကာတောင်ရွာက ထွက်ပြီး ထန်းဇလုတ်ချောင်းရှိရာ ကို သွားကြတယ်။ ထန်းဇလုတ်ချောင်းက အညာရဲ့ အိုအေစစ်။ ထန်းဇလုတ်ချောင်းကို လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ရောက်ခဲ့ ဖူးတယ်။ ထန်းဇလုတ်ကို သွားရာလမ်းက အရင်က ဖုန်တထောင်း ထောင်းနဲ့ ယာခရိုးလမ်း ဖြစ်ခဲ့ပေမယ့် အခုတော့ ကျောက်ချော ကတ်္တရာလမ်း ဖြစ်နေပါပြီ။ အချို့နေရာတွေမှာ ကတ္တရာတွေ ပေါက်ပြဲနေတာ ရှိပေမယ့် အရင်ထက်စာရင် သွားလမ်း လာလမ်း သာတယ်။ ယာခင်း၊ ပြောင်းခင်းတွေ၊ လျှိုတွေ၊ ချောက်တွေ၊ တောင်ရိုးတောတန်းတွေကို ကွေ့ပတ် ဖောက်လုပ်ထားတာပါ။ သစ်ပင်ကြီးကြီးမားမားမရှိဘဲ အပူပိုင်းဒေသမှာ ပေါက်တဲ့ ရှား ပင်၊ ဆူးဖြူပင်အချို့ကိုသာ တွေ့ရတယ်။

ထန်းဇလုတ်ကို သွားရာ လမ်းတစ်လျှောက်မှာ ဘုရားဖူး ကားတစ်စီးတလေနဲ့ ဆိုင်ကယ် လေးငါးခြောက်စီးသာ တွေ့ရ တယ်။ ဒေသခံတွေ အဆိုအရ ဒီလို နွေဦးရာသီမှာ ထန်းဇလုတ်ကို သွားရောက်လည်ပတ်သူ နည်းပါသတဲ့။ ထန်းဇလုတ်နဲ့ ကျောက္ကာ က ခြောက်ဖာလုံသာ ဝေးတယ်။ ထန်းဇလုတ်ချောင်း မရောက် ခင်မှာ ရှုမျှော်ဆောင်ဆိုပြီး တောင်ကမ်းပါးယံမှာ နားနေဆောင် ဆောက်လုပ်ပေးထားတယ်။ ကျွန်တော်တို့ ထန်းဇလုတ်ရောက် တော့ နေမွန်းတည့်ခါနီးပြီ။

ရွာခံကလေးတစ်သိုက်က ကျွန်တော်တို့ကို ခရီးဦးကြိုပြု ကြတယ်။ ထန်းရည်နဲ့ ကြက်ကြော်ရတဲ့အကြောင်း သတင်းစကား ပါးတယ်။ ကျွန်တော်တို့က ခဏတဖြုတ်လာတာဖြစ်လို့ မစား တော့ပါဘူးလို့ ငြင်းလိုက်ရတယ်။ ထန်းရည်ကြိုက်သူတွေ အဆို အရ ကျောက်ချပ်တွေကြားမှာ ပေါက်တဲ့ ထန်းပင်က ထွက်တဲ့ ထန်းရည်ဟာ စံချိန်အမီဆုံးလို့ ဆိုကြတယ်။ မုံရွာမှာ ကျွန်တော် တို့ကို စောင့်နေတဲ့ ဧည့်သည်တွေ ရှိနေလို့ ထန်းဇလုတ်ထန်းရည် ကို မြည်းစမ်းခွင့် မကြုံခဲ့ဘူး။ နွေဦးမို့ ထန်းဇလုတ်ချောင်း ရေငယ် ချိန် ဖြစ်တယ်။ ကလေးတချို့က ရေစပ်မှာ ဆော့ကစားနေကြ တယ်။ ကြီးမားလှတဲ့ ကျောက်စိုင်ကျောက်တုံးကြီးတွေ ကြားမှာ ရေက မစီးချင် စီးချင် စီးဆင်းနေတယ်။ မိုးကာလတွေမှာတော့ ထန်းဇလုတ်ချောင်းက ဝါးလုံးထိုးစီးဆင်းပြီး ရေတံခွန်သဖွယ် ဖြစ်ပေါ်လေ့ရှိတယ်။ ထန်းဇလုတ်ချောင်းမှာ ကြိုးတံတားတစ်စင်းက ရွာနဲ့ ဆက်သွယ်ထားတယ်။ ကြိုးတံတားရဲ့အောက်မှာ ထုံးဖွေးဖွေးနဲ့ စေတီတော်ကို သပ္ပာယ်စွာ ဖူးတွေ့ရတယ်။ သြင်္ကန်နဲ့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်လတွေမှာတော့ ထန်းဇလုတ်မှာ ဧည့်သည်တွေနဲ့ တိုးမပေါက်အောင် စည်ကားချိန် ဖြစ်တယ်။

ထန်းဇလုတ်က အပြန် ကျောက္ကာရွာကို ဖြတ်တော့ ဇန်နဝါရီ အတွင်းက အဆိုတော် သန်းထွန်းလေး ထီးတင်ခဲ့တဲ့ ရွှေဂူဖြူ ဘုရားရှေ့မှာ ခေတ္တနားကြတယ်။ ဒီကျောက္ကာအညာရွာလေးက နိုင်ငံကျော်အဆိုတော် သန်းထွန်းလေးကို မွေးထုတ်နိုင်ခဲ့တယ်။ နိုင်ငံကျော် ယွန်းထည်တွေ ထွက်အောင် စွမ်းဆောင်နိုင်ခဲ့ကြ တယ်။ ရေနံချက်ဖိုတွေက ရေနံချက်လုပ်ပြီး ဘဏ္ဍာငွေတွေ ရှာ ဖွေပေးနိုင်ခဲ့တယ်။ စိုက်ပျိုးရေးသီးနှံတွေ ထွက်ရုံမက ခြံထွက် သနပ်ခါးတွေကလည်း ကျောက္ကာကို နာမည်ကျော်စေတယ်။ အဆိုတော် သန်းထွန်းလေးရဲ့ ညီလေးတို့ရွာ သီချင်းကိုပဲ ကြား ယောင်နေမိတော့တယ်။

အကြောင်းစုံလျှင် xxx အလည်တစ်ခေါက် xxx လာရောက် စေချင်တာ xxx ဖျိုးဖျမှောင်တွေသန်း xxx ရိုးမတောင်ခြေစခန်း xxx လှမ်းမျှော်ကြည့် xxx ရင်ထဲ မချိစရာ xxx

(ညို့ ညို့ မှိုင်းကာ xxx တောင်တန်းပြာကြီး မဝေးလှပါ xxx ညီလေးတို့ရွာ xxx သဘာဝအလှ ရှုခင်းများနဲ့သာ xxx)၂

ထနောင်းပင်တွေ ညီညာ xxx စီကာသွယ်တန်း xxx သဲဖြူ လမ်းကလေးနဲ့သာ xxx လှည်းယာဉ်ကလေးတွေနဲ့ ပနံရလို့ နေ ပြန်တာ xxx ညီလေးတို့ရွာ xxx သာသာယာယာ xxx

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."