ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အခုညပိုင်း အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ရင်းတွေဆီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတွေ ညနက်ချိန်မှာ ထွက်ပြေးနေကြရပါတယ်။
ဒီကနေ့ ညနေပိုင်းမှာ ယင်းမာပင်ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ယင်းမာပင်ရဲတပ်ရင်း ၂၈ တို့ တိုက်ပွဲတွေအပြီး ရဲတပ်ရင်းဘက်က လက်နက်ကြီးတွေနဲ့ ရွာတွေဆီကို ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဒေသတော်လှန်ရေးသမားတွေဆီကသိရပါတယ်။
” အစကတော့ မပြေးဘူးဗျ ပိတ်မိသလိုဖြစ်တာပေါ့။ နောက်တော့ ခွေးတွေဘက်က လက်နက်ကြီးတွေနဲ့ထုတာအပြင်၊ စစ်ကူပါလာတယ်ဗျ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကားတစီးနဲ့ ချင်းတွင်းတံတားဖြတ်လာပြီး ရဲတပ်ရင်းဆီကို ကားမမောင်းဘဲ အောက်ဇေယျမြို့သစ်စာသင်ကျောင်းကနေ ခြေလျင်လျောက်လာကြတယ်။ ဒါကြောင့် ပြည်သူတွေက ရွာတွေထဲညဝင်မှာကြောက်လို့ ထွက်ပြေးကြတာ” လို့ ဒေသရပ်ကျေး ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ညနေပိုင်းတိုက်ပွဲမှာ နှစ်ဘက်တပ်တွေအကြား ဒေသခံတွေ ထွက်ပြေးမရဘဲ ပိတ်မိနေခဲ့သေးတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေမှာ ရဲတပ်ရင်းတင်မကဘဲ မုံရွာဘက်ကမ်း ကျောက်ဆစ်ပုံအမြောက်တပ်ကလည်း အခုည ၁၁း၀၀ နာရီကျော်ထိ အဝေးပစ် ဟောင်ဝစ်ဇာတွေနဲ့ပါပစ်ခတ်နေပြီး ကျတဲ့နေရာအတော်များများကိုတော့ တိတိကျကျအတည်မပြုနိုင်သေးပါဘူး။
“လက်နက်ကြီးထုတဲ့အရေတွက်များပေမယ့် လတ်တလောညမှာတော့ ထန်းတောကြီးကျေးရွာထိပ်တစ်လုံးကျသလို ကျေးစာကျရွာရဲ့အရှေ့မြောက်ဘက်မှာလည်း တစ်လုံးကျတာကိုတော့အတည်ပြုနိုင်ပါတယ်”လို့ ရပ်ကျေးပ.က.ဖ အဖွဲ့ဝင်ကပြောပါတယ်။
ဇူလိုင် ၇ရက်၊ ၈ရက်ညတွေကလည်း ဟောင်ဝစ်ဇာအဝေးပစ်တွေနဲ့ ရဲတပ်ရင်းကနေ ပစ်ခတ်တာတွေရှိလို့ ဒေသခံတွေတုန်လှုပ်ခြောက်ခြားနေခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီညတွေက ပစ်ခတ်မှုတွေဟာ ယင်းမာပင်မြို့အနီး မြေကြက်ဆူရွာနဲ့ ရိုးမတိမ်ရွာသာယာရွာအကြား အများဆုံးကျတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခုလတ်တလော ညတွင်းချင်း ထွက်ပြေးနေရတဲ့ရွာတွေကတော့ ကျေးစာကျ ၊ပေကုန်း၊ထန်းတောကြီး၊ ဘိန်းနွယ်ချောင်ရွာတွေဖြစ်တယ်လို့ ဒေသခံတွေကဆီကသိရပါတယ်။
ပုံစာ – ယခုညထွက်ပြေးနေရတဲ့ ယင်းမာပင်ဒေသခံများ
ဓါတ်ပုံ – Mawkun Magazine
#Dailynews