ယင်းမာပင် – ၂၀၂၃၊ စက်တင်ဘာ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်က ဒေသတော်လှန်ရေးအဖွဲ့ လူငယ်သူရဲကောင်းတပ် (YRF) ကို ကောက်စိုက်သမတွေက ကောက်စိုက်ရငွေတွေ စုပေါင်းလို့ရလာတဲ့ ငွေ ၁၀ သိန်းကို ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။
တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လိုတဲ့ ဒေသတွင်းရွာနှစ်ရွာက ကောက်စိုက်သမတွေ၊ ပြည်သူတွေက ခုလိုပြုလုပ်ပေးခဲ့တာလို့ YRF ရဲ့ခေါင်းဆောင် ကိုဗလက မော်ကွန်းကိုပြောပါတယ်။
“ကောက်စိုက်အဖွဲ့တွေက သူတို့ရဲ့အားလပ်ချိန်တွေမှာ လူထုအကုန်လုံးစုပြီး လယ်ကွက်ငှားတယ်၊ အဲဒီကနေ ကောက်စိုက်ခရလာတာလေးတွေကို ကျွန်တော်တို့ကို လှူဒါန်းတာဖြစ်တယ်။ ကျန်တဲ့အချိန်တွေမှာ သူတို့ကိုယ်ပိုင်လယ်တွေမှာ သွားရောက်လုပ်ကိုင်ပြီးတော့ အဲဒီကနေ အားတဲ့အချိန်မှာ စုပေါင်းပြီးတော့ လယ်ပိုင်ရှင််က ပုတ်ပြတ်နဲ့ငှားလာတဲ့ လယ်ကွက်တွေမှာ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြီး ကောက်စိုက်ကြတာပါ”လို့ ကိုဗလက ပြောပါတယ်။
ကိုဗလဟာ လူငယ်သူရဲကောင်းတပ်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အခုနှစ်နွေရာသီ ယင်းမာပင်နယ်၊ တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ လက်ထဲဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရထားသူပါ။
ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါတချို့ဆုံးရှုံးလိုက်ရပြီး လက်နက်ကိုင်တပ်ဖွဲ့ကနေ လူထုစည်းရုံးရေးသပိတ်တွေဘက်ကို ကူးပြောင်းကာ ဦးဆောင်နေတာဖြစ်ကာ ကောက်စိုက်သမတွေနဲ့အတူ လယ်ယာလုပ်ငန်းခွင် သပိတ်တွေကိုလည်း ကိုဗလက ဦးဆောင်ပြုလုပ်နေတာပါ။
ကောက်စိုက်သူတွေအားလုံးဟာ တော်လှန်ရေးမှာ အားတက်သရောပါဝင်နေတဲ့သူတွေဖြစ်ပြီး တော်လှန်ရေးရဲ့ လိုအပ်တဲ့နေရာတွေမှာ ပါဝင်ထောက်ပံ့ကူညီသူတွေလည်းဖြစ်တယ်လို့ ကိုဗလကဆိုပါတယ်။
ယင်းမာပင်နယ်မှာ ကောက်စိုက်ခဟာ ပုတ်ပြတ်မဟုတ်ဘဲ တစ်ဦးစီဆိုရင် တစ်ဧကကို ၇,၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။
“ကောက်စိုက်နေတဲ့သူတွေကို ရပ်ရွာကနေပြီးတော့ မောတဲ့ပန်းတဲ့အချိန်မှာ ဖျော်ရည်တိုက်တာမျိုး၊ မုန့်ပဲသရေစာ ဒါတွေကိုကျွေးမွေးတဲ့ အခြေအနေထိရှိခဲ့တယ်။ ကျောင်းသားလူတွေပါ ပါပြီး လုပ်အားပေးကြတာရှိတယ်” လို့ သူကပြောပါတယ်။
ပုတ်ပြတ်တင်မဟုတ်ဘဲ နောက်ထပ်တစ်ဖွဲ့ကလည်း သူတို့ကိုယ်တိုင် စားဝတ်နေရေးအတွက် လုပ်ကိုင်ပြီးရလာတဲ့ ကောက်စိုက်ငွေတွေပါ ထည့်ဝင်လာတဲ့အတွက် ခုလို ၁၀ သိန်းထိရခဲ့တာလို့ ကိုဗလက ပြောပါတယ်။
ကောက်စိုက်ရင်း တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲလို့ရတယ်ဆိုတဲ့ အကြံဉာဏ်ကို အကောင်အထည်ဖော်ပေးကြတဲ့ ကောက်စိုက်သမတွေ၊ ဝန်းရံကြတဲ့ပြည်သူတွေဆီက ခုလိုရရှိလာတဲ့ ငွေ ၁၀ သိန်းကို လူငယ်သူရဲကောင်းတပ် (YRF) ရဲ့ စစ်ရေးအသုံးစရိတ်အသုံးပြုသွားမှာပါ။
“လူထုအနေနဲ့ ဒီတော်လှန်ရေးမှာ ဘယ်လိုပုံစံနဲ့ပဲ ပါဝင်ရ၊ ပါဝင်ရ ပုံစံမျိုးစုံနဲ့ဆက်လက်ပါဝင်နေတယ်ဆိုတဲ့ စိတ်ကိုမြင်ရတဲ့အတွက် ပိုပြီးတော့ ဝမ်းသာပါတယ်” လို့ ကိုဗလကပြောပါတယ်။
ပုံစာ – ကောက်သမများက လှူဒါန်းငွေပေးအပ်ခြင်းနှင့် လယ်ယာလုပ်ငန်းခွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်မြင်ကွင်း
ဓါတ်ပုံ – CJ
#Dailynews