ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက စစ်အာဏာရှင်တော်လှန်ရေးနေ့စဉ်သပိတ်တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ရွှေနွယ်သွေး” သပိတ်စစ်ကြောင်းဟာ သပိတ်တရားဟောရင်း တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အလှူခံခဲ့ရာမှာ ပြည်သူတွေထဲကနေ လက်ဝတ်ရတနာတွေ လှူဒါန်းခဲ့တယ်လို့ သပိတ်ဦးဆောင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“သပိတ်မှာပဲ သပိတ်တရားဟောရင်း ကူကြ၊ လှူကြဖို့ပြောတော့ သပိတ်မှာပူးပေါင်းခဲ့တဲ့ပြည်သူတွေထဲကပဲ လှူကြတာပါ” လို့ သပိတ်ဦးဆောင်သူကပြောပါတယ်။
လက်ဝတ်ရတနာအလှူရှင် ငါးဦးထွက်ပေါ်ခဲ့ပြီး နားကပ်သုံးရံ၊ လက်စွပ်တစ်ကွင်းနဲ့ ဆွဲသီးတစ်လုံးပါဝင်ခဲ့ပါတယ်။
ဒီပစ္စည်းတွေကို စစ်အာဏာရှင်တော်လှန်နေတဲ့ ဒေသအဖွဲ့အစည်းတစ်ခုအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုမှာဖြစ်သလို ပစ္စည်းတွေလှူဒါန်းချိန်မှာလည်း အဆိုပါအဖွဲ့အစည်းတာဝန်ရှိသူပါရှိနေခဲ့လို့ တိုက်ရိုက်အပ်နှံခဲ့တယ်လို့ သပိတ်ဦးဆောင်သူကပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ဒေသခံပြည်သူလူထုက ချွေးနည်းစာစုဆောင်းထားတဲ့ လက်ဝတ်လက်စားတွေကို အခုလိုမကြာခဏပေးလေ့ရှိပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အညာဒေသ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ နေအိမ်တွေကို အများဆုံးမီးရှို့နေပါတယ်။
Data For Myanmar ရဲ့ ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်နောက်ဆုံး တွက်ချက်ထုတ်ပြန်မှုအရဆိုရင် တစ်နိုင်ငံလုံးမှာ မီးရှို့ခံထားရတဲ့နေအိမ်ဟာ ၅၀,၀၀၀ နီးပါးရှိပြီး စစ်ကိုင်းတိုင်းမှာ ၃၇,၀၀၀ နီးပါး၊ မကွေးတိုင်းမှာ ၈,၅၀၀ ကျော်၊ ချင်းပြည်နယ်မှာ ၁,၅၀၀ နီးပါးနဲ့ ကျန်ဒေသတွေမှာ ၁,၇၀၀ ကျော် အနည်းဆုံးရှိနေပါတယ်။
ပုံစာ – လက်ဝတ်ရတနာလှူဒါန်းနေစဉ်
ဓာတ်ပုံ – သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်
#Dailynews

