ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း)
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီနေ့လယ် ၁ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ လမ်းပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးပေါက်သံ အကျယ်ကြီးကြားလိုက်ရတယ်။ အခုထိ လမ်းပိတ်စစ်နေတုန်းပဲ။ လူထိခိုက်တာရှိတယ်လို့တော့ကြားတယ်၊ သေချာမသိသေးဘူး။ ထောင်နဲ့မျက်နှာချင်းဆိုင်ဘက်အခြမ်းမှာပေါက်တာ။ အခုသူတို့(စစ်ကောင်စီတပ်တွေ)ရောက်နေတာဆိုတော့ သွားမကြည့်ရဲလို့” လို့ အင်းစိန်ထောင်အနီး နေထိုင်သူတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး အင်းစိန်ဈေးအရှေ့နဲ့ ထောင်အနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ကားနှစ်စီးနဲ့လမ်းကို ကန့်လန့်ဖြတ်ပိတ်ကာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ ရန်ကုန်ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။
လမ်းမကြီးပေါ်ပိတ်ဆို့စစ်ဆေးနေတာကြောင့် အဲဒီလမ်းပေါ်သွားလာနေတဲ့ ကားတချို့လည်း လမ်းကြားတွေထဲကနေပတ်မောင်းသွားရတယ်လို့ အင်းစိန်ထောင်အနီးနေထိုင်သူတွေကပြောကြပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရသူရှိမရှိနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်သိရဖို့ မော်ကွန်းအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
မနှစ်က အောက်တိုဘာ ၁၉ ရက်တုန်းကလည်း အင်းစိန်ထောင်ရှေ့ ထောင်ဝင်စာပို့တဲ့နေရာမှာ ဗုံးနှစ်လုံးဆင့်ပေါက်ကွဲပြီး ထောင်ဝန်ထမ်း သုံးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့ အရပ်သားငါးဦးလည်း သေဆုံးခဲ့ပါသေးတယ်။
ပုံစာ-အခုနှစ်မေလအတွင်းက အင်းစိန်ထောင်မှာ အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးစဉ်။
ဓာတ်ပုံ-mawkun

