ကျော်ဇေယျ
ရန်ကုန်- ၂၀၂၀ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း)
ရက်ပေါင်း ၁၂၀ ကြာ ထိန်းသိမ်းထားတဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အင်ဂျင်နီယာတစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
အင်ဂျင်နီယာ ဦးကျော်ဇင်ထွန်းကို ရသေ့တောင်မြို့နယ်၊ ရီပိုက်ဆံရွာမှာ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေထံ မနေ့ ညနေ ၃ နာရီ ခွဲလောက်မှာ လုံခြုံစွာအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကုန်းပုထိုးရွာနေ မြို့ပြတံတားပြုပြင်ထိန်းသိမ်းရေးဌာနခွဲက အငယ်တန်း အင်ဂျင်နီယာ (၄) ဖြစ်သူ ဦးကျော်ဇင်ထွန်းကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးမှာ ရွှေနဒီ ခရီးသည် သင်္ဘောပေါ်ကနေ ၂၀၁၉၊ အောက်တိုဘာ ၂၆ မှာ AA က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ဒီနှစ်အတွင်း ဦးကျော်ဇင်ထွန်းကို ပြန်လွှတ်ပေးမှုကြောင့် စစ်ဘက်နှင့်မသက်ဆိုင်သည့် အရပ်သား လေးဦးအထိ ပြန်လွှတ်ပေးပြီးဖြစ်ကာ ၂၀၁၉ ခုနှစ်အတွင်းကလည်း ၆၆ ဦးကို ပြန်လွှတ်ပေးထားကြောင်း AA အဖွဲ့က ထုတ်ပြန်ပါတယ်။
တပ်မတော်ဘက်က AA နဲ့ဆက်သွယ်တယ်လို့စွပ်စွဲ ဖမ်းဆီးထားသူတွေကို ပြန်လွှတ် ပေးမယ်ဆိုရင် သူတို့ဖမ်းဆီးထားတဲ့ စစ်ဘက်နဲ့ သက်ဆိုင်သူတွေကိုလည်း ပြန်လွှတ်ပေးမယ်လို့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#Dailynews