ငြိမ်းချမ်းမှုတွေပြာကျသွားတဲ့ အင်းဒင်ရွာလေး

ငြိမ်းချမ်းမှုတွေပြာကျသွားတဲ့ အင်းဒင်ရွာလေး

ရန်ကုန် (စက်တင်ဘာ ၆၊ ၂၀၁၇ )

ဘိုးဘွားအစဉ်အဆက် ရခိုင်နဲ့ ဘင်္ဂါလီတွေကြား ပဋိပက္ခမဖြစ်ခဲ့ဘဲ ငြိမ်းချမ်းစွာအပြန်အလှန် အမှီသဟဲပြု ရပ်တည်နေထိုင်ခဲ့တဲ့ အင်းဒင်ဆိုတဲ့ကျေးရွာလေးဟာ ၂၀၁၇ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာတော့ နှစ်ဖက်လူ့အဖွဲ့အစည်းကြား ယုံကြည်မှုနဲ့ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးသွားခဲ့ရပါပြီ။

လွန်ခဲ့တဲ့နှစ်နှစ်က ရခိုင်ပြည်နယ် ထူးခြားတဲ့ရွာလေးတစ်ရွာအကြောင်းကို မော်ကွန်းသတင်းထောက်တွေဖြစ်ကြတဲ့ ကိုခင်မောင်မြင့်နဲ့ ကျွန်တော်ဆောင်းပါးရေးဖြစ်ခဲ့ပါတယ်။ ထူးခြားတယ်လို့ဆိုရတာကတော့ ရခိုင်နဲ့ဘင်္ဂါလီ တစ်ရွာတည်းမှာ စုပေါင်းနေတဲ့ အဲဒီရွာလေးဟာ ၂၀၁၂ တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုကိုမခံခဲ့ရပါဘူး။ နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြား တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီရွာကရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အင်းဒင်ဆိုတဲ့ ကျေးရွာလေးပဲဖြစ်ပါတယ်။ ၂၀၁၂ က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခ သုံးနှစ်ပြည့်ဆောင်းပါးရေးဖို့

ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားရောက်ရင်း လမ်းမှာတွေ့ခဲ့တဲ့ ရွာကလေးပါ။

အဲဒီရွာကမေယုတောင်ကြောတစ်လျှောက် မောင်တောမြို့အထိဖောက်ထားတဲ့ ကျောက်ကြမ်းကားလမ်းနံဘေးက ရွာကလေးပါ။ စစ်တွေမြို့ ရေချမ်းစင်စက်လှေဆိပ်ကနေ အငူမော်စက်လှေဆိပ်၊ အဲဒီကနေတစ်ဆင့် ကားနှစ်နာရီလောက်ထပ်စီးရင်ရောက်ပါတယ်။

(၂၀၁၅ – ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်းအမှတ် – ၂၄ မှာ ‘အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ’ အမည်နဲ့ သတင်းဆောင်းပါးအဖြစ် ဖော်ပြခဲ့ပါတယ်။)

 

အဲဒီရွာမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ဘင်္ဂါလီတွေဟာ စီးပွားရေးအရ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အမှီသဟဲ ပြုခဲ့ကြပါတယ်။ ရခိုင်တွေပိုင်တဲ့ လယ်ယာတွေမှာဘင်္ဂါလီတွေ အလုပ်လုပ်နေကြတာရှိပါတယ်။ တစ်ဖက်မှာလည်း ဘင်္ဂါလီတွေရှာဖွေလာတဲ့ ငါး၊ ပုစွန်တွေကို ရခိုင်တွေကဝယ်ယူအားပေးကြတာကို တွေ့ခဲ့ရပါတယ်။

ဓနိ၊ သက်ကယ်မိုး၊ ထရံကာအိမ် အများစုရှိတဲ့အဲဒီရွာမှာအများစုကလယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဈေးရောင်းဈေးဝယ်အနေနဲ့ အသေးစားကုန်စုံဆိုင်မှအစအသား၊ ငါးနဲ့အဝတ်အထည် ရောင်းတဲ့ဆိုင်တွေအထိရှိပါတယ်။

အဲဒီရွာမှာဘင်္ဂါလီဦးရေကငါးထောင်ကျော်ရှိပြီးရခိုင်တိုင်းရင်းသားတွေက ၈၅၀ ဝန်းကျင်သာရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးရုံးက စာရင်းတွေမှာဖော်ပြထားတယ်။  ဘင်္ဂါလီငါးယောက်မှာ ရခိုင်တိုင်းရင်းသား တစ်ယောက်သာရှိတဲ့သဘောပါ။ ရွာမြောက်ပိုင်းမှာဘဂါၤလီတွေနေကြပြီး ရွာတောင်ပိုင်းမှာရခိုင်တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။

(မောင်တောမြို့နယ်မှာဘင်္ဂါလီဦးရေကတစ်မြို့နယ်လုံးလူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းရှိပြီးရခိုင်နဲ့ အခြားတိုင်းရင်းသားတွေက ၃ ရာခိုင်နှုန်းသာရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနမှ ၂၀၁၅ စာရင်းတွေက ဆိုပါတယ်။)

၂၀၁၂ ပဋိပက္ခတုန်းက ရခိုင်တိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်းဘင်္ဂါလီတွေကအကြမ်းဖက်ခဲ့ကြသလို ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂါလီကျေးရွာတွေကိုလည်း ရခိုင်တိုင်းရင်းသားတွေကအကြမ်းဖက်ခဲ့မှုတွေ အပြန်အလှန် ပြုလုပ်နေချိန်ပါ။

အဲဒီအချိန်မှာ အင်းဒင်ရွာကဘင်္ဂါလီနဲ့ရခိုင်ဘက်ကခေါင်းဆောင်တွေကို အင်းဒင်ရဲစခန်းက ခေါ်ပြီးကိုယ့်ရွာဘက်ကိုယ် ထိန်းရန်၊ တခြားရွာကရခိုင်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ်ရောက်လာပြီး ပြဿနာလာရှာပါက တားဆီးကြရန်နဲ့ ပြဿနာ ဖြစ်ပွားလာရင် နှစ်ဖက်ခေါင်းဆောင်တွေကိုတရားစွဲမယ်ဆိုပြီး စာချုပ်တစ်ခုပြုလုပ်ကာထိန်းသိမ်းခဲ့ကြပါတယ်။

နှစ်လွှာပေါင်းမှတစ်ရွက်လိုဖြစ်နေတဲ့ အင်းဒင်ကျေးရွာမှာ ဘင်္ဂါလီတွေဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်းနေခဲ့ကြပြီး ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း အေးချမ်းစွာနေခဲ့ကြပါတယ်။ အပြင်ကလာမယ့် အကြမ်းဖက်သူတွေရန်ကို ကာကွယ်ဖို့ နှစ်ဖက်အသိုင်းအဝိုင်းက တစ်ရွာလုံးပါတ်လည်ကင်းစောင့်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ပဋိပက္ခမီး သူတို့ရွာကိုကူးစက်မလာအောင် ဟန့်တားနိုင်ခဲ့ကြပါတယ်။

အဲဒီအဖြစ်အပျက်ပြီးတော့ ရခိုင်ပြည်နယ်မှာအကြမ်းဖက်ဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းလောက်က ရသေ့တောင်နဲ့မောင်တောမြို့နယ်မှာ အစွန်းရောက်အကြမ်းဖက်သမားတွေက ရဲစခန်းတွေနဲ့ ရခိုင်ကျေးရွာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာလည်းအင်းဒင်ကျေးရွာက ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။

ယခုတော့အဲဒီရွာကလေးရဲ့ငြိမ်းချမ်းမှုဟာ ကွန်ဂရစ်ကြမ်းခင်းပေါ် ဖန်ခွက်တစ်လုံးကျကွဲသလို တစ်စစီပြိုကွဲလို့သွားခဲ့ပါပြီ။

သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းကစတင်ပြီးArakanRohingya Salvation Army – ARSA (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခေါ် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၊ အစိုးရအခေါ် ARSA အစွန်းရောက် အကြမ်းဖက်သမားများ) က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက တပ်ဌာနချုပ်တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ ကို လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများ၊ တုတ်၊ ဓား၊ လှံတွေနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက် ညနေကသတင်းထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်၂၅ မှ ၃၀ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲအကြိမ် ၉၀ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တပ်မတော်မှစစ်သည်နှစ်ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ နိုင်ငံ့ဝန်ထမ်းနှစ်ဦး စုစုပေါင်း ၁၅ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ စစ်သည်ငါးဦးနဲ့ ရဲတပ်ဖွ့ဲဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သည်တစ်ဦးပျောက်ဆုံးလျက်ရှိပါတယ်။ အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၃၇၀ နဲ့ အရှင်ဖမ်းမိသူ ကိုးဦးရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ အဆိုပါသတင်းမှာဖော်ပြခဲ့ပါတယ်။

အရပ်သားပြည်သူသေဆုံးစာရင်းတွေမှာ ဟိန္ဒူတိုင်းရင်းသား ခုနစ်ဦး၊ ဒိုင်းနက်တိုင်းရင်းသားသုံးဦး၊ ရခိုင်တိုင်းရင်းသားလေးဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား နှစ်ဦးဒဏ်ရာရရှိခဲ့ကာ နှစ်ဦးပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကြမ်းဖက်သမားတွေမီးရှို့ဖျက်စီးမှုကြောင့်လည်း ဘူးသီးတောင်၊ မောင်တောနဲ့ဲ ရသေ့တောင်မြို့နယ်တွေအတွင်းက ကျေးရွာပေါင်း ၃၂ ရွာနဲ့ဲ မောင်တောမြို့ပေါ်က ရပ်ကွက်နှစ်ခုရှိ အိမ်ခြေပေါင်း ၂,၆၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လည်းထုတ်ပြန်ထားပါတယ်။

ဒီလိုဖြစ်ပျက်နေတဲ့ အကြမ်းဖက်မီးတွေကအခုတစ်ခါမှာတော့ အင်းဒင်ရွာကလေးကိုကူးစက်ခဲ့ပါပြီ။

ရွာပြင်မထွက်ဝံ့

သြဂုတ် ၂၅ ရက် ညနေမှာ ဘင်္ဂါလီတွေရှိတဲ့ အင်းဒင်ရွာဘက်အခြမ်းကနေ‘သတ်’ ‘သတ်’ဆိုပြီး ဘင်္ဂါလီဘာသာနဲ့ အော်သံတွေ စကြားရတယ်လို့ အင်းဒင်ကျေးရွာကအသက် ၃၀အရွယ် ကိုမောင်ဆန်းမြင့်က သြဂုတ် ၃၀ ရက်က တယ်လီဖုန်းမှတစ်ဆင့် မော်ကွန်းကိုပြောပြပါတယ်။

ကံကောင်းတာက အဲဒီအချိန်မှာ အင်းဒင်ရဲစခန်းကလည်း လုံခြုံရေးယူပေးသလို တပ်မတော်စစ်ကြောင်းတစ်ခုကလည်း ဖြတ်သွားတဲ့အချိန်နဲ့ကြုံတာကြောင့် အကြမ်းဖက်သမားတွေ ရွာထဲကိုဝင်မလာခဲ့ပါဘူး။

ပထဝီအနေအထားအရ အင်းဒင်ကျေးရွာရဲ့ အရှေ့ဘက်မှာ မေယုတောင်တန်းနဲ့ အနောက်ဘက်မှာပင်လယ်ကြီးရှိပါတယ်။ တောင်နဲ့မြောက်မှာက ဘင်္ဂါလီရွာတွေပါ။ ပင်လယ်ဘက်ကမ်းခြေနဲ့ မေယုတောင်ကြောမှာလည်း ဘင်္ဂါလီရွာတွေရှိပြီး အလယ်မှာဘင်္ဂလီရွာတွေ ဝိုင်းရံခံနေရတဲ့အနေအထားဖြစ်ပါတယ်။

အင်းဒင်ကျေးရွာထဲက ရခိုင်တိုင်းရင်းသားတွေဟာစိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကြောက်ရွှံ့တာတွေကြောင့် ရွာထဲမှာမနေရဲတော့ဘဲ ရွာအနောက်ဘက်မှာအုတ်ခြံစည်းရိုးတွေနဲ့ အခိုင်အမာကာရံထားတဲ့ ဘုန်းကြီးကျောင်းထဲကို ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပြောင်းရွှေ့နေထိုင်ကြတာဟာအခုအချိန်ထိပါပဲ။

ယောက်ျားသားတွေကတော့ အဖွဲ့တွေခွဲကာ ရွာထဲမှာနေ့ညမပြတ် ကင်းစောင့်နေရပါတယ်။ ရွာကိုလည်း အကြမ်းဖက်သမားတွေ မကြာခဏလက်နက်တွေနဲ့ လာရောက်ဝိုင်းရံကြပါတယ်။ ဒါကြောင့် ရွာထဲမှာပိတ်မိနေသလိုဖြစ်ပြီး ရွာရဲ့အပြင်ဘက်ကို ဘယ်သူမှမထွက်ဝံ့ကြပါဘူး။ နေ့လယ်ခင်းဆိုရင် မိမိအိမ်တွေရှိရာပြန်ပြီး ထမင်းဟင်းချက်ပြုတ် ခဏတဖြုတ်နေပြီး ညနေဆိုရင် ဘုန်းကြီးကျောင်းထဲမှာ ပြန်အိပ်ကြရတယ်လို့ ကိုမောင်ဆန်းမြင့်က သူ့နေအိမ်ကိုထမင်းချက်ဖို့ ပြန်ရောက်နေတုန်း တယ်လီဖုန်းကတစ်ဆင့်ပြောပါတယ်။

ကိုမောင်ဆန်းမြင့် စိုးရိမ်နေတာတစ်ခုလည်းရှိပါတယ်။ အဲ့ဒါက ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးဖြစ်သူနဲ့ ခြောက်နှစ်အရွယ် သမီးတစ်ဦးအတွက်ပါ။ ဒါ့အပြင် ရွာထဲကကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ကင်းတဲ့နေရာအထိ လုံခြုံရေးတွေနဲ့ ပို့ဆောင်ပေးစေလိုပါတယ်။ ဒီတိုင်းဆက်နေရင် အသက်အန္တရယ် ထိခိုက်လာမှာကိုသူကစိုးရိမ်နေတာပါ။

 

မိတ်ဆွေမှရန်သူ

ကိုမောင်ဆန်းမြင့်က ဒီလိုပြဿနာတွေဖြစ်တော့မယ်ဆိုတာကို ကြိုတင်ရိပ်စားမိခဲ့တယ်လို့လည်းဆိုပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီဖြစ်စဉ်မဖြစ်ပွားခင် သုံးလေးလအလိုကတည်းက ဘင်္ဂါလီတွေရဲ့အမူအယာတွေ ပြောင်းလဲနေခဲ့တယ်လို့ ဆိုပါတယ်။ ယခင်ကဘင်္ဂါလီမိတ်ဆွေတွေဆိုရင် လမ်းမှာတွေ့ရင်တောင် သူတို့ကိုစကားမပြောတော့ပါဘူး။

ဒါ့အပြင် ဘင်္ဂါလီတွေကရခိုင်တွေဘက်ကိုအရင်လို အရောင်းအဝယ်မလုပ်တော့သလို လယ်ယာလုပ်ငန်းတွေမှာလည်း ဘင်္ဂါလီတွေကိုငှားရမ်းလုပ်ကိုင်ခိုင်းလို့မရတော့ပါဘူး။ ပြောရမယ်ဆိုရင် အဆက်အသွယ်ဖြတ်ပစ်လိုက်တဲ့ သဘောလို့ သူကဆိုပါတယ်။

နောက်မှ ပြန်ကြားရတာကတော့ ရခိုင်နဲ့အဆက်အသွယ်လုပ်တဲ့ ဘင်္ဂါလီတွေကို အကြမ်းဖက်သမားတွေက ရိုက်နှက်တာတွေ သတ်ပစ်မယ်လို့ခြိမ်းခြောက်တာတွေ ပြုလုပ်တယ်လို့ စီးဖွားဖက်ဘင်္ဂါလီမိတ်ဆွေအချို့က ခိုးကြောင်ခိုးဝှက် လာတွေ့ကြတဲ့အခါပြောပြကြတယ်လို့ ကိုမောင်ဆန်းမြင့်က ပြောပြပါတယ်။

ကျွန်တော်တို့ အင်းဒင်ကျေးရွာကိုရောက်ခဲ့စဉ်က အင်တာဗျူးခဲ့တဲ့ ဘင်္ဂါလီဘက်က ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူးလည်းဖြစ်တဲ့ ဦးဆွေယောတူဆောင်လည်း လက်ရှိပဋိပက္ခမဖြစ်ပွားခင် ၁၀ ရက်လောက်ကတည်းက ပျောက်ဆုံးသွားတဲ့သတင်းကို ကြားရတယ်လို့ ကိုမောင်ဆန်းမြင့်က ပြောပြပါတယ်။

သူကရခိုင်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်သလို ရဲစခန်း၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့လည်း အဆက်အသွယ်ရှိတာကြောင့် သူ့ကို အစွန်းရောက်အကြမ်းဖက်သမားတွေက ကြည့်မရခဲ့ပါဘူး။ ဒါကြောင့် အင်းဒင်ရွာကနေ မောင်တောကိုသွားတဲ့လမ်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ကိုမောင်ဆန်းမြင့်ကဆိုပါတယ်။ သူသေသလား၊ ရှင်သလားဆိုတာတော့ ဘယ်သူမှမသိကြသေးပါဘူး။

၂၀၁၂ ပဋိပက္ခဖြစ်တုန်းက လူနည်းစုရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဘင်္ဂါလီလူများစုက လာရောက်အကြမ်းဖက်မှာကို စိုးရိမ်ထိတ်လန့်ပြီး ရခိုင်တိုင်းရင်းသားအချို့ ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီအချိန် ဦးဆွေယောတူဆောင်က ထွက်မပြေးကြဖို့နဲ့ သူတို့ဘက်ကထိန်းထိန်းသိမ်းသိမ်းရှိကြောင်း အားပေးခဲ့သူပါ။

အဲဒီ့သတင်းကိုအတည်ပြုနိုင်ဖို့နဲ့ အင်းဒင်ရွာဘင်္ဂါလီဖက်မှ ဖြစ်စဉ်များကိုသိရှိနိုင်ဖို့ အင်းဒင်ကျေးရွာ ဘင်္ဂလီဖက်အခြမ်းကို မော်ကွန်းကတယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပါတယ်။ ယခင်သွားရောက်ခဲ့စဉ်က တောင်းယူခဲ့တဲ့ ဖုန်းနံပါတ်သုံးခုမှာ နှစ်ခုကစက်ပိတ်ထားပြီး တစ်လုံးကတော့ ဆက်သွယ်လို့မရပါဘူး။

အကြမ်းဖက်ခံရပြီ

သြဂုတ် ၂၅ ရက်နေ့မှာ ရွာထဲကရခိုင်တိုင်းရင်းသားနှစ်ဦးဖြစ်တဲ့ ဦးမောင်နီနဲ့ ဦးမောင်ဖြူသီးတို့နှစ်ယောက် ရွာအပြင်ဘက်မှာ ကျွဲနွားတွေကိုလိုက်ရှာရင်းအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းချေက သြဂုတ် ၃၀ ရက်က မော်ကွန်းကို တယ်လီဖုန်းကတစ်ဆင့် ပြောပြပါတယ်။  ဦးမောင်ဖြူသီးက လွတ်မြောက်လာခဲ့ပေမယ့် ဦးမောင်နီကိုတော့ ရှာမတွေ့တော့ဘူးလို့ သူကဆိုပါတယ်။

၂၉ ရက်နေ့ကလည်း ရွာထိပ်ကသောက်ရေကန်ကို သွားရောက်စစ်ဆေးကြည့်တဲ့ ရခိုင်တိုင်းရင်းသားကင်းသမားတွေ ဘင်္ဂါလီတွေနဲ့တွေ့ပြီး ဓားနဲ့အခုတ်ခံရကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဦးမောင်သိန်းချေကဆိုပါတယ်။ ခုတ်တဲ့သူတွေကထဲမှာ မျက်နှာသိဘင်္ဂါလီရွာသားတွေ တစ်ဦးစ၊ နှစ်ဦးစလည်းပါတယ်လို့ဆိုပါတယ်။ အကြမ်းဖက်သမားတွေနဲ့ နဂိုရှိရင်းစွဲဒေသခံဘင်္ဂါလီတွေ ပူးပေါင်းသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ သူ့သက်တမ်းတစ်လျှောက် ဒီဖြစ်စဉ်ကအဆိုးရွားဆုံးလို့ ဦးမောင်သိန်းချေကဆိုပါတယ်။ အရင်ပဋိပက္ခ ဖြစ်စဉ်တွေတုန်းကဆိုရင် ဘင်္ဂါလီမိတ်ဆွေတွေနဲ့ အခင်အမင်မပြတ်ရှိခဲ့ပေမယ့် ဒီဖြစ်စဉ်မှာတော့ လုံးဝအဆက်အသွယ် ပြတ်တောက်သွားခဲ့ပါပြီ။

“ အရင်တုန်းကဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး သတ်တာ၊ ရိုက်တာမရှိခဲ့ဘူး။ အခုကတွေ့ရင်အကုန်ဆွဲသတ်တာ။ အခုကတော်တော် အခြေအနေဆိုးပါတယ်” လို့ သူကပြောတယ်။

လက်ရှိအခြေအနေမှာတော့ အင်းဒင်ကျေးရွာကို ရဲနဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပေးထားကြပါတယ်။ ဦးမောင်သိန်းချေ အဆိုအရလုံခြုံရေးအင်အားတစ်ရာခန့်ရှိတယ်လို့ဆိုပါတယ်။

စက်တင်ဘာ ၁ရက်ကရတဲ့သတင်းအရ သြဂုတ် ၃၁ ရက် မနက် ၄ နာရီလောက်မှာတော့ အင်းဒင်ကျေးရွာ ဘင်္ဂါလီတွေဘက်အခြမ်းက လူနေအိမ်တွေမီးရှို့ပြီး မေယုတောင်ကြောဘက်နဲ့ ပင်လယ်ဘက်ကိုထွက်ပြေးကြတယ်လို့ ဦးမောင်သိန်းချေကပြောပြပါတယ်။

ဒါပေမဲ့ ရွာရဲ့အပြင်ဘက်ကို မထွက်ဝံ့သေးပါဘူး။ ရွာအပြင်ပတ်လည်မှာထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေရှိနေဆဲပဲလို့ သူတို့ကထင်နေကြပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မိုင်းတွေလည်းရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကမိုင်းတွေ ရှင်းလင်းရေးလုပ်နေရတယ်လို့လည်းဆိုပါတယ်။

အဲဒီ ၃၁ရက်မွန်းလွဲပိုင်းမှာပဲဘင်္ဂါလီတွေနေထိုင်တဲ့ အင်းဒင်ရွာဘက်အခြမ်းမှာနယ်မြေရှင်းလင်းတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သမားတွေ ထိပ်တိုက်တွေ့ဆုံပြီးတိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အကြမ်းဖက်သမားတစ်ဦး အသေဖမ်းမိတယ်လို့ ဦးမောင်သိန်းချေကပြောပြပါတယ်။

မွေးရပ်မြေကိုစွန့်ခွာရတော့မည်

ဒီလိုပဋိပက္ခဖြစ်စဉ်တွေကြောင့် အင်းဒင်ကျေးရွာက ဒေသခံရခိုင်တိုင်းရင်းသားတွေအနေနဲ့ကတော့ အင်းဒင်ရွာမှာဆက်နေဖို့ ကြောက်လန့်ကုန်ပါပြီ။ အခြားလုံခြုံစိတ်ချရတဲ့ နေရာသစ်တစ်ခုကိုပြောင်းရွှေ့ဖို့လည်း ဆန္ဒရှိနေကြတယ်လို့ ဦးမောင်သိန်းချေကပြောပြပါတယ်။

“ ဆက်နေလို့မဖြစ်တော့ဘူး၊ ဆက်နေလို့ရှိရင် တိုင်းရင်းသားတွေ စားဝတ်နေရေး၊ စီးပွားရေးဘာမှလုပ်လို့မရတော့ဘူး။ အရင်တုန်းကတောင်ပေါ်ထင်းခုတ်ဘာညာသွားလို့ရတယ် အခုသွားရင်သေဖို့ရှိတယ်”

လက်ရှိလုံခြုံရေးတွေရှိနေလို့သာရွာမှာနေထိုင်လို့ အဆင်ပြေပေမယ့် လုံခြုံရေးတွေမရှိတဲ့အချိန် သူတို့ကိုအကြမ်းဖက်သမားတွေ လာရောက်အန္တရာယ်ပြုမှာကို ဦးမောင်သိန်းချေအပါအဝင် အင်းဒင်ရွာသားတွေက စိုးရိမ်ထိတ်လန့်နေကြတာပါ။

မတတ်သာတဲ့အတွက်ကြောင့်သာ အခုလိုဆုံးဖြတ်ကြရပေမယ့် သူ့အနေနဲ့ကတော့ မွေးရပ်မြေကိုမစွန့်ခွာချင်တဲ့အကြောင်း ဦးမောင်သိန်းချေကယခုလိုပြောပါတယ်။

“ကိုယ့်ဒေသပဲကိုယ်နေချင်တာ၊ ကိုယ့်ဒေသပဲချစ်တာ”

သမိုင်းတစ်လျှောက်ရခိုင်တွေနဲ့ ဘင်္ဂါလီတွေကြားထူးထူးခြားခြားယုံကြည်မှုတည်ဆောက်နိုင်ခဲ့တဲ့ စံနမူနာယူဖွယ် ငြိမ်းချမ်းတဲ့ အင်းဒင်ရွာကလေးဟာလက်ရှိအခြေနေမှာတော့ ပဋိပက္ခမီးကူးစက်မှုကြောင့် နှစ်ဖက်အသိုင်းအဝိုင်းရဲ့ ခင်မင်ရင်းနှီးမှု ၊ ယုံကြည်မှုတွေဟာတစ်စစီပြိုကွဲလို့သွားခဲ့ရပါပြီ။

ယခင်ကတစ်အိမ်နဲ့တစ်အိမ် တစ်ရွာနဲ့တစ်ရွာစီးပွားရေးအရရော ခင်မင်ရင်းနှီးမူအရပါ ကူးသန်းသွားလာခဲ့ကြပြီး ညအိပ်ညနေအထိပါ နေထိုင်ခဲ့တာတွေ၊ သာရေးနာရေးသာမကအားကစားပွဲတွေကိုပါ မတူညီတာတွေအသာထားလို့ အတူယှဉ်တွဲ နွှဲပျော်ခဲ့တာတွေဟာ အကြမ်းဖက်ပဋိပက္ခရဲ့မီးခိုးငွေ့တွေနဲ့အတူ လေထဲမှာလွင့်ပါးပျောက်ကွယ်သွားပါတော့တယ်။        ။

သက်ဦးမွန် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."