ကြုံရဆုံရ စက်ခေါင်းမောင်းဘဝ အပိုင်း(၂)

ကြုံရဆုံရ စက်ခေါင်းမောင်းဘဝ အပိုင်း(၂)

ဝမ်းနည်းစရာဖြစ်ရပ်များ

ထိုသို့ပျော်ရွှင်ကြည်နူးရသည့်အဖြစ်အပျက်များရှိသလို စက်ခေါင်းမောင်းလောကတွင် စိတ်ပျက်စရာနှင့် စိတ်မကောင်း ဖြစ်ရသည့် ကိစ္စတစ်ခုလည်းရှိသည်။ အခြား စက်ခေါင်းမောင်းသူ များနည်းတူ ဦးအောင်စန်းဝင်းလည်း ထိုကိစ္စမျိုးကို ကြုံရသည်။ အဲဒီတုန်းက ဦးအောင်စန်းဝင်းက သင်တန်းဆင်းခါစ လုပ်သက် နှစ်နှစ်ပဲရှိသေးသည်။ ခရီးတိုလေးတွေ မောင်းနေရချိန်ဖြစ်သည်။

အချိန်က ၈၈ အရေးအခင်းပြီးခါစ။ ညမထွက်ရအမိန့် ထုတ်ထားသည့်အချိန်။ ပတ်ဝန်းကျင်က မှောင်မည်းတိတ်ဆိတ် နေသည်။ ည ၁၁ နာရီဝန်းကျင်လောက်မှာ ဆည်တော်ဘူတာသို့ ကုန်ပစ္စည်းသွားပို့ပြီး မန္တလေးသို့ စက်ခေါင်းတစ်လုံးတည်း မောင်းကာ သူတစ်ယောက်တည်းပြန်လာခဲ့သည်။ မန္တလေး ရောက်ခါနီး ရှမ်းစုဘူတာကိုကျော်လာသည်။ ထိုနေရာတွင် လမ်း က အကွေ့ဖြစ်နေသည်။

ကွေ့လိုက်သည့်အခါ ရထားမီးရောင်အောက် သံလမ်းပေါ် တွင် အသက် ၅ဝ အရွယ်အမျိုးသားတစ်ဦး အိပ်နေသည်ကို ဘွား ခနဲလှမ်းတွေ့လိုက်ရတော့သည်။ အလွန်နီးကပ်သွားပြီ၊ သူဘာမှ မတတ်နိုင်တော့။ ဘရိတ်ဆွဲလို့လည်းမရ။ သူ့စက်ခေါင်းသည် ထိုလူအားကြိတ်ပစ်လိုက်သည်။ ရထားဘီးက လူ့အရိုးများကို ကြိတ်လိုက်သည့်အခါ တဒိုင်းဒိုင်းနှင့် ကျယ်လောင်သည့် အသံ ထွက်လာသည်။ စက်ခေါင်းပင် အနည်းငယ်ခုန်သွားသည်ဟု ဦးအောင်စန်းဝင်း ခံစားလိုက်ရသည်။

”သြင်္ဂိုဟ်စက်ကလို အနံ့မျိုးရတယ်။ ဒိုင်းဆို အနံ့ကြီးက စူးတက်လာတာ။ အဲဒီအနံ့ကို ခုနစ်ရက်လောက်ရတယ်။ လုံးဝ ဖျောက်လို့မရဘူး”ဟုဆိုသည်။ ရထားသံဘီးများတွင်လည်း အပူ ချိန်ရှိသောကြောင့် မီးတိုက်လိုက်သကဲ့သို့ ညှော်နံ့ ထွက်လာခြင်း ဖြစ်သည်ဟု သူက ဆိုပါသည်။

ထိုအချိန် သူလည်းတော်တော်တုန်လှုပ်သွားသည်။ ပထမ ဆုံးအကြိမ် လူတိုက်မိခြင်းဖြစ်သည်။ ထိုအချိန်တွင် တိုင်းပြည်အခြေ အနေကလည်းမကောင်း။ သေပြီဆိုတာ သိနေသည့်အတွက် ဆင်းမကြည့်ဖြစ်တော့။ ဘူတာကိုသာ မောင်းလာခဲ့လိုက်သည်။

ထိုနေ့ညက တစ်ညလုံးအိပ်လို့မပျော်ခဲ့။ လူတစ်ယောက်ကို သတ် မိပြီဟူသောအတွေးက သူ့ကိုနှိပ်စက်နေသည်။ ဝမ်းနည်းသလိုလို လည်းဖြစ်မိသည်။ နောက်တော့ သူဖြေတွေးသည်။ ရထားဆိုတာ သူ့လမ်းသူ မောင်းခြင်းဖြစ်သည်။

မီးရထားဥပဒေအရလည်း ရထားလမ်းတွေပေါ် လူအိပ်ဖို့ မဆိုထားနှင့်။ ကျွဲ၊ နွားတိရ္ဆာန်များပင် ဖြတ်ခွင့်မရှိ။ သူအိပ်နေ လို့သာ တိုက်မိခြင်းဖြစ်သည်ဟု ဖြေတွေးလိုက်သည်။ နောက်ပိုင်း ရထားမောင်းသက်တမ်းရလာသည်နှင့်အမျှ စိတ်ကိုထား တတ် လာသည်။ လူကြိတ်မိသည့် အကြိမ်ရေလည်းများလာသည်။ ယခု အချိန်ထိ ကြိတ်မိသောအရေအတွက်မှာ ကိုးယောက်ဝန်းကျင် ခန့်ရှိနေပြီဟုဆိုသည်။

ကြာတော့ သူလည်းသိပ်မခံစားရတော့။ စိတ်မကောင်း တော့ဖြစ်မိသည်ဟုဆိုသည်။ တခြားသူတွေဆို လူသုံးဆယ်ကျော် တိုက်ဖူးသည့် စက်ခေါင်းမောင်းများပင်ရှိသည်ဟု သူကပြော ပြသည်။

”လူတစ်ယောက်သေသွားအောင် ဘယ်တိုက်ချင်မလဲ။ တိုက်မိတော့လည်း သူ့ကုသိုလ်ကံပေါ့”ဟု သူ့ခံယူထားချက်ကို ပြောပြသည်။

သံလမ်းပေါ်က နှစ်ယောက်တွဲ

ဆက်ပြီး သူက ဒုတိယအကြိမ် တိုက်မိသည့် ထူးထူးဆန်း ဆန်းအဖြစ်အပျက်ကိုလည်း ပြောပြသည်။ တိုက်မိသည်က တစ် ယောက်တည်းမဟုတ်။ နှစ်ယောက်တွဲဖြစ်သည်။

မြစ်ကြီးနားကနေ မ္တလေးအပြန် စစ်ကိုင်းတံတားအဆင်း တွင်ဖြစ်သည်။ အဲဒီနေရာမှာလည်း လမ်းက အကွေ့ဖြစ်နေသည်။ အဆင်းဆိုတော့ အရှိန်ကပါသည်။ အကွေ့မှာ သူ ရုတ်တရက်တွေ့ လိုက်ရသည်က စုံတွဲတစ်တွဲ စိတ်လွတ်ကိုယ်လွတ် ချစ်တင်းနှော နေကြခြင်းဖြစ်သည်။

ဟွန်းတီးလိုက်သေးသည်။ သို့သော် သူတို့ကြားဟန်မတူ။ မတတ်နိုင်။ နှစ်ယောက်ပူးကို ဖြတ်ကြိတ်လိုက်ရတော့သည်။ ထို သူနှစ်ယောက်ကတော့ ရထားဖြတ်ကြိတ်သွားတာကိုပင် သိမည် မဟုတ်ဟု သူက မှန်းဆသည်။

နောက်ဘူတာရောက်တော့ အလောင်းကောက်ရန် ဘူ တာရဲကိုအကြောင်းကြားလိုက်သည်။ လူ့အသက်နှစ်ချောင်းဖြစ် သည့်အတွက် စိတ်တော့မကောင်းဖြစ်မိသည်ဟု ဦးအောင်စန်း ဝင်းက ဆိုသည်။

မီးရထားလမ်းများပေါ် လူတွေက ဖြတ်ရုံတင်မက အိပ်ပါ အိပ်နေကြသဖြင့် မတော်တဆမှုတွေများလာရသည်ဟု သူကဆို သည်။ သူကတော့ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် လမ်းပေါ်တွေ့ သည့်အခါ ကာကွယ်နိုင်သလောက် ကာကွယ်သည်ဟု ဆိုသည်။

တိရစ္ဆာန်တိုက်မိတော့လည်း စိတ်မကောင်းဖြစ်ရသည်။ နွားကို တစ်ခါတိုက်မိသေးသည်။ တိုက်ပြီး ဆယ်နှစ်လောက် အမဲ သားကိုမစားဖြစ်တော့။ နောက်တစ်ခါ ဝက်သားအမိတစ်အုပ်ကို တိုက်မိတော့လည်း အတော်ကြာသည်အထိ ဝက်သားမစားတော့ ဟု သူကပြောပြသည်။

မီးရထားတစ်စီးအနေနှင့်ကလည်း ဘရိတ်ဆွဲလိုက်သည် နှင့်ချက်ချင်းရပ်သည့်မျိုးမဟုတ်။ သံလမ်းပေါ် သံဘီးတွေနှင့် ပြေးနေရသည့် သဘောသဘာဝအရ တစ်နာရီ မိုင် ၄ဝ နှုန်း မောင်းနေသော မီးရထားတစ်စီးရပ်ဖို့ ပေလေးရာခန့်လိုသည်ဟု ဦးအောင်စန်းဝင်းက ရှင်းပြသည်။

လူတိုက်မိ၊ မတော်တဆမှုဖြစ်လျှင် သူတို့လည်း စိတ်ညစ် ရသည်။ အချိန်လည်းကြန့်ကြာ စိတ်လည်းမကောင်း။ ထို့ကြောင့် ဖြစ်နိုင်လျှင် လူတွေအနေနှင့် ရထားလမ်းပေါ်ကို တက်မနေရန်နှင့် လမ်းကူးသည့်အခါ ဂရုစိုက်ကြဖို့ သူက အကြံပြုသည်။

”လွတ်မယ်ထင်ပြီးဖြတ်တာတွေအများကြီးပဲ။ တိုက်တော့ မှ တိုက်တယ်ပြောတယ်။ တအားလောနေတာ။ ခဏလေး စောင့် လိုက်ရင် ဒီရထားဖြတ်သွားရင် တစ်မိနစ်လောက်ပဲကြာမယ်။ တကယ် တစ်မိနစ်ပဲ။ အဲဒါကို မစောင့်ချင်ဘူး”ဟု ကရုဏာ ဒေါသောနှင့်ပြောပါသည်။

လိုအပ်မှုတွေရှိ

ယခုလိုမိုးတွင်းဘက်ရောက်လာသည့်အခါ စက်ခေါင်း မောင်းတွေအတွက် စိတ်ညစ်ရသည့် အကြောင်းအရာတစ်ခု လည်း ရှိသည်။ ရထားခဏခဏ လမ်းချော်ခြင်းဖြစ်သည်။ ရထား လမ်းချော်တော့ ခရီးစဉ်နှောင့်နှေးရသည်။

လမ်းချော်သည့်အခါ ခရီးသည်တွေအတွက် အန္တရာယ် တော့ သိပ်မရှိ။ ရထားက မှောက်ဖို့ခဲယဉ်းသည်ဟု ဦးအောင် စန်းဝင်းက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ရထားအောက်ပိုင်း ဖြစ်သော ဘီးနှင့်အစိတ်အပိုင်းများ၊ ကြမ်းခင်းများသည် ရထား အပေါ်ပိုင်းထက် လေးလံသောကြောင့် တော်ရုံနှင့် မမှောက်တတ် ဟု သူကရှင်းပြသည်။

တောင်ပေါ်လမ်းတွေဆိုလျှင် လမ်းချော်သည့်အပြင် တောင်ပြိုခြင်းနှင့် တောင်ကျရေတိုက်စားမှုကြောင့် ရထားလမ်း ပျက်စီးမှုတွေလည်းရှိသည်။ ထို့ကြောင့် ”ဘယ်လောက်ပဲ တွဲ တွေ၊ စက်ခေါင်းတွေ ကောင်းအောင်လုပ်လုပ် လမ်းမကောင်း ရင်တော့ အလကားပဲ”ဟုဆိုသည်။

ထိုသို့လမ်းချော်ရခြင်းမှာ ရထားလမ်းများကိုပြုပြင်ထိန်းသိမ်းမှု အားနည်းသောကြောင့်ဟု စက်ခေါင်းကြီးကြပ်ရေးမှူး ဦးအောင်ထွန်းဦးက ဆိုသည်။ သူကဦးအောင်စန်းဝင်းနှင့် သင် တန်းတစ်ပတ်စဉ်တည်းဆင်းသည့် သူငယ်ချင်းလည်းဖြစ်သည်။

လမ်းပိုင်းပြုပြင်မှုအားနည်းရခြင်းမှာလည်း အကြောင်း ရင်းရှိသည်။  အင်္ဂလိပ်လက်ထက်က လမ်းပိုင်းပြုပြင်သည့် အောက်ခြေဝန်ထမ်းကို ဖွဲ့စည်းပုံ(လူအင်အား)တွင် ခရီးတစ်မိုင် ကိုးယောက်ထားပေးသည်။ လက်ရှိလည်ပတ်နေရသည့် ပြောင်း လဲလိုက်သော ဖွဲ့စည်းပုံတွင်တော့ လေးယောက်သာရှိတော့သည်။ ထိုလေးယောက်ပင် တစ်ခါတစ်ရံ အပြည့်မရှိဟု ဦးအောင်ထွန်းဦး ကဆိုသည်။ ဝန်ထမ်းဘက်ကကြည့်လျှင်လည်း ရသည့်လစာနှင့် မလုံလောက်သောကြောင့် အလုပ်ထွက်ကုန်ကြတာလည်းပါသည်။

သူက ဝန်ထမ်းဖွဲ့စည်းပုံကိုလည်းထောက်ပြသည်။ ယခင် က တြိဂံပုံစံရှိပြီး အပေါ်ဆုံးတွင် အရာရှိနည်းနည်းနှင့် အောက်ခြေ ဝန်ထမ်းများများရှိပြီး ယခုအခါ တြိဂံက ဇောက်ထိုးဖြစ်နေသည် ဟုဆိုပါသည်။ မီးရထားတွင် အရှုံးပေါ်နေသည့်အတွက် ဝန်ထမ်း တစ်ယောက်ခန့်ဖို့ အဆင်မပြေဖြစ်သည့်အထဲ လုပ်ငန်းဆွဲ ဆောင်နိုင်မှုကလည်း နည်းပါးသည့်အခါ အဆင်ပြေသလိုပင် လည်ပတ်နေကြရပါသည်။

ဆဋ္ဌမအာရုံကို အားကိုးကြ

စက်ခေါင်းမောင်းများအနေနှင့် စက်ပိုင်းဆိုင်ရာလည်း ကြည့်ရသေးသည်။ လမ်းများကိုလည်း ဂရုစိုက်ရပါသည်။ လုပ် သက် နှစ်သုံးဆယ်နီးပါးရှိပြီဖြစ်သည့် ဦးအောင်စန်းဝင်းကတော့ လမ်းကြောင်းကို ကျွမ်းကျင်သည်။ ဘယ်လမ်း၊ ဘယ်နေရာတွင် ဘယ်အချိန်ဘာဖြစ်တတ်သည်ကို အတွေ့အကြုံအရ သိနေတတ် သည်။ ရထားစက်သံ၊ မောင်းနေသည့်ရထား လှုပ်ရှားမှုကို ကြည့် ရုံနှင့် ဘာဖြစ်သည်ကိုသိသည်ဟု သူက ဆိုသည်။

ထို့အပြင် ထူးဆန်းသည်က ရထားမောင်းသမားများတွင် ထူးခြားသည့် အာရုံခံစားမှုတစ်ခုလည်းရှိသည်။ ခရီးစဉ်တစ်ခုကို သွားဖို့ပြင်ဆင်သည်နှင့် လမ်းခရီးတွင်တစ်စုံတစ်ခုဖြစ်မည်ကို အတိအကျမသိလင့်ကစား စိတ်ထဲတွင်တော့ လေးနေပြီး ရထား မောင်းရသည့်အခါ လမိုင်းမကပ်ဖြစ်နေတတ်သည်ဟု ယခင်က လည်း ရထားမောင်းခဲ့သူ ဦးအောင်ထွန်းဦးက ဆိုပါသည်။

သူ့အတွေ့အကြုံတစ်ခုကိုလည်းပြောပြသည်။ ၂ဝဝ၂ နိုဝင် ဘာ ၁၂ ရက်။ သူကထိုအချိန် မန္တလေး-လားရှိုးရထားလမ်း ကြောင်းကို မောင်းနှင်နေရချိန် ဖြစ်သည်။ မန္တလေးက လားရှိုး သို့အတက် သီပေါကိုကျော်ပြီး တံတားတစ်စင်းနားကို ရောက် လာသည့်အခါ သူ့စိတ်ထဲတွင် တထင့်ထင့်ဖြစ်နေသည်ဟု ဆိုသည်။

ထိုတံတားအမှတ်က ၄၂၈ ဖြစ်သည်။ ထိုတံတားကိုပြီးခဲ့ သည့်ရက်ပိုင်းကမှ သူဖြတ်လာခဲ့သေးသည်။ ထိုနေ့တော့ ထိုတံ တားကိုဖြတ်ဖို့ သူစိတ်ထင့်နေသည်။ ထို့ကြောင့် တံထားထိပ်ကို ရောက်သည့်အခါ မီးရထားကိုရပ်ပြီး ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက် သည်။ အချိန်ကညနေလေးနာရီ မိုးတွင်းဖြစ်သည့်အတွက် စိုစွတ် စွတ်ဖြစ်နေသည်။  တံတားအောက်ခြေထိ ချုံနွယ်များကိုတိုးကာ ခက်ခက်ခဲခဲဆင်းပြီးသည့်နောက် သူတွေ့လိုက်သည့် အရာ ကြောင့် ‘ဟာ’ဆိုပြီးထိတ်လန့်သွားတော့သည်။

သူတွေ့လိုက်ရသည်က တံတားအလယ်လောက်ရှိ တိုင် တစ်တိုင်မှာ ရေတိုက်စားမှုကြောင့် လေးပေပတ်လည် အပေါက် ကြီး ဖြစ်နေပြီး ရေတွေက အပေါက်ကို ဖြတ်စီးနေသည်။  သူ လည်း ရထားကို ဆက်မမောင်းရဲတော့။ သီပေါဘူတာသို့ နောက် ပြန်ဆုတ်လာခဲ့ရသည်ဟု သူ့အတွေ့အကြုံကိုပြန်ပြောပြပါသည်။ သူသာဆင်းမကြည့်မိလျှင် ခရီးသည်တစ်ထောင်လောက်ပါသည့် သူ့ရထား အန္တရာယ်ကြုံနိုင်သည်ဟု ထိုနေ့က အဖြစ်အပျက်ကို သူကပြန်ပြောပြပါသည်။

ထိုအပေါက်ကိုဖာဖို့ ကျောက်တင်ရထားကို ဦးအောင်စန်း ဝင်းမောင်းဖို့ တာဝန်ကျသည်။ ကျောက်တွဲတွေပါသည့် ရထားကို တံတားပေါ်ခပ်မှန်မှန် ဖြတ်မောင်းသည်။ ကျောက်တွဲရှစ်တွဲကို ချကာ တံတားဟိုဘက်ရောက်ချိန်မှာပင် တံတားက ပြိုကျသွား တော့သည်။  အရာရှိများနှင့် အပေါင်းအသင်းတွေက သူ့ကို တော် တော်ကံကောင်းကြသည်ဟု ပြောကြကြောင်း ဦးအောင်စန်းဝင်း ပြန်ပြောပြပါသည်။

တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းနှစ်ယောက်အတွက် နေရာတစ်ခုတည်းတွင် မှတ်မှတ်ရရ ကံကောင်းခြင်းဖြစ်သည်။ သူတို့နှစ်ဦးက မီးရထားထဲ အလုပ်စဝင်ကတည်းက သင်တန်း လည်းအတူတက်၊ သင်တန်းတွင်လည်း ဘေးချင်းကပ်အိပ်ရ သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နာမည် ‘အောင်’ဆိုသည့် ရှေ့စာလုံးချင်းတူသောကြောင့် နေရာတွဲကျခြင်းဖြစ်သည်။ ထို့ ကြောင့်တစ်ဦးနှင့် တစ်ဦး အတွင်းသိအဆင်းသိ။

ဦးအောင်စန်းဝင်းက ရထားမောင်းလည်း ကျွမ်းကျင် သည်။ အလုပ်လုပ်ကိုင်ရာတွင်လည်း စည်းစနစ်ရှိသည်။ စကား ပြောလည်း ကောင်းကာ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်း မွန်သည်ဟု နှစ်သုံးဆယ်နီးပါးရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့သော သူငယ်ချင်းဖြစ်သူ ဦးအောင်ထွန်းဦးက ဆိုသည်။ သို့ပေမဲ့ ”လေ လုံးတော့ တော်တော်ထွားတယ်” ဟု သူက ရယ်မောကာ ဆိုသည်။

ကံကောင်း၍ မသေမပျောက်ဖြစ်ခဲ့ရသော ဦးအောင်စန်း ဝင်းကတော့ ဘဝကြမ်းကြမ်းထဲ သူဝါသနာပါသည့် ရထားကြီးကို ကိုင်တွယ်မောင်းနှင်ရတာကို သဘောကျနေသည်။ ဘဝမှာ တစ် ခါတစ်ရံဒုက္ခတွေအရောင်တောက်သည့်အခါ ဇနီးဖြစ်သူက အပြင်အလုပ်ထွက်လုပ်ဖို့ ဖျောင်းဖျသေးသည်။ သို့ပေမဲ့ ရထား မောင်းလုပ်သက်နှင့် ဝါသနာကြောင့် ဒီအလုပ်ကို သူမစွန့်ပစ် နိုင်ခဲ့။

သူက ရထားလောကတွင် အန္တရာယ်ရှိပြီး ထိုနေရာတွင် မောင်းနှင်နိုင်ပါက ဆရာဟုသတ်မှတ်ကြသော တောင်ပေါ်လမ်း များတွင်လည်း ကိုးနှစ်ကြာခဲ့ပြီ။ အန္တရာယ်အမျိုးမျိုးလည်း ရင် ဆိုင်ခဲ့ရပြီးပြီ။ ဦးအောင်စန်းဝင်းကတော့ ရထားမောင်းရတာကို သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။

ဇနီးဖြစ်သူ ဒေါ်တင်စောမြိုင်ကလည်း သူ့ခင်ပွန်းကျွမ်း ကျင်မှုကိုယုံကြည်ပြီး ”သူရထားမောင်းတာတော်တယ်။ မောင်း တဲ့ပုံစံက သူများနဲ့မတူဘူး။ သူဝါသနာပါတဲ့အလုပ်လေ”ဟု ဝင် ထောက်ခံသည်။ သို့ပေမဲ့ ခရီးထွက်တိုင်း ဘုရားရှိခိုး ဆုတောင်း နေရသည်ဟု ဆိုပါသည်။

ယခုဆိုလျှင်ပင်စင်ယူရန် ရှစ်နှစ်သာလိုတော့သည့် ဦးအောင်စန်းဝင်းတစ်ယောက် စက်ခေါင်းမောင်းဘဝက အနား ယူလျှင် ဘာလုပ်ရမည်ကို မစဉ်းစားရသေး။ သေချာတာတစ်ခု တော့ရှိသည်။ ထိုအရာက သူ့ဝါသနာပါသည့် စက်ခေါင်းမောင်း အလုပ်ကို ”ပင်စင်ယူတဲ့အထိအောင် မောင်းဦးမှာပဲ”ဟု သူက ဆိုပါသည်။       ။  အပိုင်း(၁)သို့

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်ပါသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."