အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲပွဲပြီးဆုံး၊ ၁၃၅ချက်အနက် လေးချက်ပြင်ဆင်နိုင်

အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲပွဲပြီးဆုံး၊ ၁၃၅ချက်အနက် လေးချက်ပြင်ဆင်နိုင်

ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ မတ် ၂၀ (မော်ကွန်း)

အခြေခံဥပဒေကိုပြင်ဆင်ဖို့ တင်ပြထားတဲ့အချက် ၁၃၅ ချက်အနက် လိုအပ်တဲ့ ထောက်ခံမဲရရှိတဲ့ လေးချက်ကို ပြင်ဆင်သွားမယ်လို့ ဒီနေ့ပြီးဆုံးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒမဲခွဲပွဲအပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့ပါတယ်။

၇၅ ရာခိုင်နှုန်းကျော် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ ရခဲ့တဲ့ အခြေခံဥပဒေပါ ဒီပုဒ်မလေးခုကို အခြေခံ ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်မယ်လို့လည်း သူက ပြော ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က) မှာ အကျုံးဝင်တဲ့ ပြင်ဆင်ချက် ၅၅ ခုအနက် လိုအပ်တဲ့ ထောက်ခံ ဆန္ဒမဲ ရခဲ့တဲ့ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွေထဲက “အိုမင်းမစွမ်းသူများ”၊ “မသန်မစွမ်းသူများ” ဆိုတဲ့ ပြဌာန်းချက် တွေအစား “ သက်ကြီးရွယ်အိုများ”၊ “မသန်စွမ်းသူများ” ဆိုတဲ့စကားရပ်တွေနဲ့ အစားထိုးမှာဖြစ်ပါတယ်။

ဒါအပြင် ပုဒ်မ ၃၂၊ ပုဒ်မခွဲ(ခ) ပါ ပြဌာန်းချက်တွေထဲက “မသန်မစွမ်း” ဆိုတဲ့ စကားရပ်ကို “မသန်စွမ်း”လို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ) မှာ အကျုံးဝင်တဲ့ ပြင်ဆင်ချက် ၈၀ ခုအနက် လိုအပ်တဲ့ ထောက်ခံ ဆန္ဒမဲ ရခဲ့တဲ့ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(က)၊ပုဒ်မခွဲငယ်(၁)ပါ ပြဌာန်းချက်ဖြစ်တဲ့ “ သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ၊ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ် ရမည်” ဆိုတဲ့ စကားရပ်ကို “ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က) ပါ ပြဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးရမည်” လို့ အစားထိုး ပြင်ဆင်မှာ ဖြစ်ပါတယ်။

ဒါအပြင် ပုဒ်မ ၃၄၄ မှာ ပြဌာန်းပါဝင်နေတဲ့ “မသန်မစွမ်း” ဆိုတဲ့ စကားရပ်ကို “မသန်စွမ်း” လို့ အစားထိုးမှာလည်း ဖြစ်ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးအခန်းမှာ ဖော်ပြချက်အရ ပုဒ်မ၄၃၆၊ ပုဒ်မခွဲ(က) မှာ ပြဌာန်းထားတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုအပြင် ပြည်သူ့ဆန္ဒခံယူပွဲလည်း လုပ်ရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆(ခ)မှာ အကျုံးဝင်တဲ့ ပုဒ်မတွေကတော့ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုသာ လိုအပ်ပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."