အခြေခံပညာအတန်းများ မတ်လကုန်ထိစာသင်ကာလတိုးမြှင့်လိုက်သည့်အပေါ် ဆက်သွယ်မေးမြန်းခြင်း

အခြေခံပညာအတန်းများ မတ်လကုန်ထိစာသင်ကာလတိုးမြှင့်လိုက်သည့်အပေါ် ဆက်သွယ်မေးမြန်းခြင်း

” လက်ရှိပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကို လုပ်သင့်လို့ လုပ်တာဖြစ်တဲ့အတွက် သဘောထားက ဘာကိုမှ ပြောင်းလဲစရာမရှိဘူး။ ဆရာတို့ချည်းပဲ ဒါကို အောက်ကနေပြီးတော့ ပြီးစလွယ်လုပ်တာမဟုတ်ဘူး။”

ယခု ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများမတ်လကုန်အထိ ပညာရေးဝန်ကြီးဋ္ဌာနက စာသင်ကာလတိုးမြှင့်လိုက်သည့်အပေါ်တွင် ဆရာ၊ ဆရာမထုနှင့် မိဘများ၊ လူမှုကွန်ရက်၊ လူ့အသိုင်းအဝန်းကြားတွင် ဂယက်ရိုက်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၉ ရက်နေ့တွင်လည်း ပြည်နယ်နှင့်တိုင်းပညာရေးမှူးများကို နေပြည်တော်ရှိ အခြေခံပညာဦးစီးဋ္ဌာနရုံးချုပ်သို့ အစည်းအဝေးခေါ်ယူထားသည်ဟုသိရှိရပြီး လတ်တလောအခြေအနေများအပေါ် မော်ကွန်းမဂ္ဂဇင်းက ပညာရေးဝန်ကြီးဋ္ဌာန၊ အခြေခံပညာဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းထံ ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ရပါသည်။

သဇင်လတ်မေးသည်။

မော်ကွန်း – အခြေခံပညာအတန်းတွေအတွက် စာမေးပွဲကာလသတ်မှတ်ရေးနဲ့ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်ပညာရေးမှူးတွေကို အစည်းအဝေးခေါ်တာ ဘာအတွက်လဲ။

ဦးကိုလေးဝင်း – ဒီလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်လိုဖြေရှင်းပေးရမယ်ဆိုတာ သူတို့မှာ ဒီလုပ်ငန်းဆောင်ရွက်ဖို့အတွက် အချက်အလက်တွေ အင်ဖော်မေးရှင်းတွေ အကုန်စုလာပြီးတော့ အကျေအလည် ဆွေးနွေးကြမှာ။ ဆွေးနွေးဖို့အတွက်ခေါ်တာ။

မော်ကွန်း – ဒါဆို ဒီတစ်လတာ အတွင်းမှာ ဘာတွေလုပ်မလဲဆိုတဲ့ အစီအမံတွေကို ဆွေးနွေးမှာပေ့ါ။

ဦးကိုလေးဝင်း – ဘယ်လိုအခက်အခဲတွေရှိလဲ။ အခြေခံပညာဦးစီးဋ္ဌာန၊ ပညာရေးဝန်ကြီးဋ္ဌာနက ဘာအထောက်အပံ့တွေ ဘာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမလဲဆိုတာ သိချင်လို့ခေါ်တာ။

မော်ကွန်း – ဒီတစ်လတာ စီမံချက်ကို ထုတ်ခဲ့တာ အရင်လကပေါ့။ ဒီလို မထုတ်ခင်မှာ တစ်လတာ စီမံချက်အတွက် ကြိုတင်စီမံခဲ့တာတွေရှိလား။

ဦးကိုလေးဝင်း – ကြိုတင်စီမံချက်တွေ ရှိလည်း ရှိပြီးသား။ ကျောင်းမဖွင့်ခင် မေလကတည်းက စပြီးတော့ ကြိုတင်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချပြီးသား။ အဲ့ဒီတုန်းကတည်းက ကြေညာခဲ့တာ ခုမှ လုပ်တာမဟုတ်ဘူး။ မေလ နောက်ဆုံးအပတ်ကျောင်းအပ်နိုင်ရေး သီတင်းပတ်မှာပဲ ဆရာတို့ အဲ့ဒါကြေညာပြီးသား။ မတ်လ ၃၁ ထိ ကျောင်းတက်ရမယ်။ ဒါပေမဲ့ စာမေးပွဲ ပုံစံလေးပဲ ပြောင်းသွားတာ အခုက။ စာမေးပွဲပုံစံက ရှေ့က အစိုးရစစ်စာမေးပွဲတွေကို လေးတန်း၊ ရှစ်တန်းတွေရှိမယ်။ နောက်ဆုံးကတော့ ၁၀တန်းစာမေးပွဲရှိမယ်။ ပြီးရင် ကျန်တာက ကျောင်းတွင်းစစ်စာမေးပွဲတွေပေါ့။ Grade I, II, III ဒါတွေလည်းပါတယ်။ ဒါက စာမေးပွဲမရှိလို့ ကျောင်းမတက်ရဘူးမဟုတ်ဘူး။ အဲ့ကလေးတွေပါ တက်ရမှာ။ တက်နေတဲ့အချိန်မှာ ဥပမာ-ဆယ်တန်းစစ်တာက အရေအတွက် ဘယ်လောက်ရှိမလဲ။ ဒီမှာသုံးမယ့် လက်ထောက်ကြီးကြပ်ရေးမှူးတွေ၊ ကြီးကြပ်ရေးမှူးတွေ အရေအတွက်က ဘယ်လောက်ရှိမလဲ။ အဲ့လို စင်တာတွေနဲ့ အစိုးရစစ် စာမေးပွဲတွေ စစ်နေတဲ့အချိန်မှာ စင်တာမဟုတ်တဲ့ကျောင်းတွေ ရှိပါတယ်။ ဒီရှိသမျှကျောင်းတွေက စင်တာလုပ်ထားတာမဟုတ်ဘူး။ ကျောင်းပေါင်း လေးသောင်းနဲ့ ခုနှစ်ထောင်ရှိနေတဲ့အထဲမှာ ဒီအထဲမှာ လွတ်နေတဲ့ ကျောင်းတွေရှိမယ်။ အဲ့ဒီကျောင်းတွေမှာရှိနေတဲ့ ကလေးတွေကတော့ ပုံမှန်အတိုင်းပဲ ကျောင်းတက်ရမှာပေါ့။ စင်တာရှိတဲ့ ကျောင်းက ကလေးတွေကိုတော့ Private Study ခေါ်မှာပေါ့နော် ကိုယ်ပိုင်စာကြည့်ချိန်အဖြစ်ကို သတ်မှတ်တဲ့အခါမှာ ဒီတိုင်း “မင်းတို့ကျောင်းပိတ်တယ်ဟေ့ ပြန်ကြ၊ အိမ်မှာပဲ အေးဆေးနားပြီး ဘယ်နေ့ပြန်လာခဲ့လို့ ”အဲ့လို လွှတ်လိုက်မှာ မဟုတ်ဘူး။ သူတို့ကို ပညာရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လို အဆိုင်းမန့်တွေ ပေးလို့ရမလဲ။ ဒါလည်း ကြည့်မယ်။ ဥပမာဆိုကြပါစို့ လွယ်လွယ်ကူကူလေးပြောမယ်ဆိုရင် မြန်မာစာအရေးဆိုရင်၊ အင်္ဂလိပ်စာအရေးဆိုရင် စာစီစာကုံးလေးတွေကို ဘယ်လိုရေးမလဲ။ ဘယ်နှစ်ခုလောက် ရေးခဲ့ကြဆိုတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ နောက်တခြားဘာသာရပ်နဲ့ ပတ်သက်ရင်လည်း ဘယ်အကြောင်းအရာလေးတွေကို လေ့လာပြီးတော့မှ ကျောင်းဖွင့်တဲ့ရက်မှာ ဘယ်လိုပြန်ပြရမလဲဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမျိုးတွေက ဆရာတို့ အသေးစိတ် ဆွေးနွေးရမှာ ပြည်နယ်နဲ့ တိုင်းပညာရေးမှူးတွေနဲ့။ ဒီဟာကို မထုတ်ခင်က မဆွေးနွေးဘူးလားလို့ တချို့မေးစရာရှိတယ်။ ဆွေးနွေးပြီးသားပါ အဲ့ဒါတွေ အကုန်လုံးက ဒါပေမဲ့ အခုမှ ဒါကို အများစုအောက်ကနေပြီးတော့မှ ဆရာ၊ ဆရာမတွေက ကွန်ပလိန်းတွေ မျိုးစုံပေါ့နော်။ ကွန်ပလိန်းလို့လည်း ပြောဖို့ခက်ပါတယ်။ တွေ့ကြုံရတဲ့ အခက်အခဲမျိုးစုံကို တင်ပြကြတာပေါ့နော်။ အထူးသဖြင့်တော့ ဘယ်ကတင်ပြကြလဲဆိုတော့ Facebook တို့ Social Media တို့ကတဆင့် တင်ပြကြတော့ အဲ့ဒါတွေလည်း ကျွန်တော်တို့ အကုန်လုံးလိုက်ပြီးတော့ ကြည့်ပြီးပြီ။ ဘယ်လိုတွေ အခက်အခဲတွေ ရှိနိုင်လဲ။ ရှိနိုင်ရင် ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို အခု ၉ ရက်နေ့မှာ ခေါ်ထားတယ်။ ဆရာတို့ နေပြည်တော်မှာ။ သူတို့နဲ့ အကျေအလည် ညှိရမယ်။ ညှိပြီးတော့ ဥပမာ-လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်းဆိုရင် စာမေးပွဲပြီးသွားရင် သူတို့ကို နွေရာသီကျောင်းပိတ်ရက်အပြီးခံ
စားခွင့်ပေးလိုက်ရမှာ။ သူတို့ဖိုင်နယ်စာမေးပွဲပြီးသွားပြီပေါ့။ သူတို့ကို ဆက်ပြီးတော့ အစဉ်အလာအရလည်း စာသင်တဲ့ အစီအစဉ်မရှိဘူး။ တချို့ကပြောနေကြတယ်။ ဇန်နဝါရီလမှာ သင်ရိုးကုန်ဖို့ အပြီးဆွဲထားတယ်။ ဖေဖော်ဝါရီလကတော့ ပြန်လည်သင်ကြားခြင်း။ မတ်လ သင်စရာမရှိတော့ဘူးလို့ ပြောတယ်။ သင်ကြားရေးအပိုင်းမှာ ပညာရေးမှာ သင်စရာမရှိတောဘူးဆိုတာ မရှိဘူး။ သင်ထားတဲ့ကလေးတွေ အကုန်လုံးက အတန်းတစ်တန်းမှာ လူငါးဆယ်ရှိရင် ငါးဆယ်စလုံး ဘယ်တတ်မလဲ။ တချို့က ကောင်းကောင်းတတ်တယ်။ တချို့က အလယ်အလတ်တတ်တယ်။ တချို့က ညံ့တယ်။ အဲ့ဒီ ညံ့တဲ့ ကလေးတွေရော အလယ်အလတ်တတ်တဲ့ကလေးတွေရော တော်တဲ့ကလေးတွေရောကို ဒီကာလအတွင်းမှာ တတ်နေရတဲ့ ကျောင်းတွေက ဘယ်လို အဆိုင်းမန့်တွေ ပေးမလဲ။ ဘယ်လို Activity တွေနဲ့ သူတို့ကို ပိုတတ်အောင် လုပ်မလဲဆိုတာ ဆရာတို့က အသေးစိတ်ဆွေးနွေးပြီးတော့ ညွှန်ကြားချက်တွေ တခါတည်းပေးလိုက်မှာ ပြည်နယ်နဲ့တိုင်းပညာရေးမှူးတွေကို။ တချို့က ပြောနေကြတယ် ဒီဟာကို ပြန်ဆွေးနွေးပြီးတော့မှ ဒီဟာကို ဖျက်ပစ်နိုင်တယ်။ ဖျက်ဖို့ဆိုတဲ့အစီအစဉ်မရှိဘူး။ ဒီဆုံးဖြတ်ချက်တွေဟာ ဆရာတို့ မြန်မာနိုင်ငံစာစစ်ဦးစီးဋ္ဌာန၊ အခြေခံပညာဦးစီးဋ္ဌာန၊ ပညာရေးဝန်ကြီးဋ္ဌာနရဲ့ ပြည်ထောင်စုဝန်ကြီးရုံးရဲ့ လမ်းညွှန်ချက်နဲ့ ဒါကိုသေသေချာချာလုပ်ထားတာ။ ဘယ်အထိတင်ထားလဲဆိုရင် ပညာရေးဝန်ကြီးဋ္ဌာန စီမံခန့်ခွဲမှုကော်မတီ နောက်အဲဒီတဆင့်ဒီစာမေးပွဲအချိန်ဇယားတွေဟာ ပြည်ထောင်စုအစိုးရအဖွဲ့အထိတင်ပြီးတော့ ဆရာတို့ကဒါ သမ္မတရုံးအထိတင်ပြီးတော့ ဒါကိုအတည်ပြုချက် ယူထားတာဖြစ်တဲ့အတွက် ဒါကတော့ လုံးဝကြီးပြောင်းလဲသွားဖို့ဆိုတာတော့မဖြစ်နိုင်ဘူး။ အဲ့တော့ဒါကို ဒီတက်တဲ့အချိန်မှာဆိုကြပါစို့ တချို့ကျောင်းတွေက လုံးဝတက်လို့မရတဲ့အခြေအနေတွေမျိုးဆိုရင်တော့ အဲ့ဒီကျောင်းတွေကို ဆရာတို့ အထူးအစီအစဉ်အနေနဲ့ သူတို့ကို ပိတ်သင့်ရင် ပိတ်ပေးမယ်။ ကလေးတွေလည်း အန္တရာယ်ရှိတယ်။ ဆရာ၊ ဆရာမတွေလည်း အန္တရာယ်ရှိတယ်ဆိုရင်တော့ ပိတ်သင့်ရင် ပိတ်မှာပေါ့။ ဒါလည်းပဲ တစ်နိုင်ငံလုံးရဲ့ ကျောင်းတွေ အကုန်ပိတ်ပစ်မှာ မဟုတ်ဘူး။ လိုတဲ့ကျောင်းပဲ Special Program အနေနဲ့ ပိတ်ပေးမှာ။ ဒါတောင်မှ ဆရာတို့ဘာသာ ပိတ်လို့မရဘူး။ ဝန်ကြီးဋ္ဌာနရဲ့ ခွင့်ပြုချက်ကို ယူပြီးမှ ပိတ်ပေးမှာဖြစ်တယ်။
(စင်တာဆိုသည်မှာ အစိုးရစစ် စာဖြေဋ္ဌာနရှိသောကျောင်း)

မော်ကွန်း – အခုဆိုရင် ဆရာ၊ ဆရာမတွေ ကြားထဲမှာ အငြင်းပွားနေတဲ့အပေါ် …

ဦးကိုလေးဝင်း – ဆရာ၊ ဆရာမက လေးသိန်းခွဲလောက်ရှိတယ်။ လေးသိန်းခွဲရဲ့ ဆန္ဒကို တညီတည်းတော့ ဘယ်ရမလဲ။ လေးသိန်းခွဲမှာ အမြင်အမျိုးမျိုးနဲ့ ဒါကို ကွန်ပလိန်းတက်တဲ့ဆရာမတွေ သို့မဟုတ် ကိုယ့်ရဲ့ခံစားချက်ကို သေသေချာချာဘာတွေဖြစ်နိုင်လဲဆိုတာ တင်ပြတဲ့ ဆရာမတွေလည်း ရှိတာပေါ့။ ဆရာတို့လည်း အဲ့ဒါတွေကြည့်နေပါတယ်။ သူတို့တွေ ဘာတွေပြောကြလဲ။ ဘာတွေ ခံစားနေရလဲ။ ဒါကိုဘယ်လိုလုပ်ရမလဲပေါ့။ ဒါက ဆရာတို့ဘက်က ဖြေရှင်းပေးဖို့ အဆင်သင့်ရှိတယ်။

မော်ကွန်း – ဒီတစ်လတာ ပညာရေး စီမံချက်ကို ဖျက်သိမ်းဖို့လည်း မရှိဘူးပေါ့နော်။

ဦးကိုလေးဝင်း – ဒါကပညာရေးပြုပြင်ပြောင်းလဲမှုကို အခုလောလောဆယ် အခု ၂၀၂၂ ဆို K+12 အတွဲပြီးပြီ။ ဒီ K+12 အတွဲပြီးရင် နိုင်ငံတကာနဲ့ စာသင်ချိန်တွေကို အကုန်လိုက်ညှိရမှာ။ အခုမှ ဒါတွေစပြီးတော့မှ ပထမဦးဆုံး ပါးပါးလေးလုပ်တာ။ တနည်းအားဖြင့် မတ်လကျောင်းတက်တယ်ဆိုတာ အရင်ကတည်းကပဲ။ အခုမှ အသစ်တိုးလာတာမဟုတ်ဘူး။ စာမေးပွဲပုံစံလေးကိုပဲ နည်းနည်းရွှေ့ကြည့်တာ။ ဖေဖော်ဝါရီလမှာ ကျောင်းတွင်းစစ်တွေအကုန် အတန်းရှစ်တန်းလောက်ရှိတယ်ပေါ့။ အားလုံး ဆယ့်နှစ်တန်းဆိုရင် တစ်တန်းကပျောက်နေတဲ့ဒီနှစ်။ တစ်တန်းကပျောက်နေတော့ ဒီဆယ့်တစ်တန်းမှာဆိုရင် သုံးတန်းကတော့ သူတို့သတ်မှတ်တဲ့ အစိုးရစစ်စာမေးပွဲတွေပြီးရင် ပိတ်မှာ။ ကျန်တဲ့အတန်းရှစ်တန်းကတော့ ပုံမှန် မတ်လ ၃၁ ရက်နေ့အထိ တက်ရမှာ။ တချို့ စင်တာရှိတဲ့ကျောင်းတွေမှာတော့ ပိတ်ထားရမှာပေ့ါ။
(K အတွဲဆိုသည်မှာ လက်ရှိအစိုးရ၏ ပညာရေးစနစ်သစ် KG + 12 ကိုခေါ်သည်။ သူငယ်တန်းအပြင် အတန်း ၁၂ တန်း Grade I to XII )

မော်ကွန်း – ဆရာ၊ ဆရာမထုဘက်က လက်မခံဘူးဆိုရင် ဘာလုပ်သွားဖို့ရှိလဲ။

ဦးကိုလေးဝင်း – ဆရာ၊ ဆရာမလေးသိန်းခွဲရှိတယ်။ အားလုံးက လက်မခံဘူးပြောတာမဟုတ်ပါဘူး။ ဒါကတော့ ရှိမှာပေါ့။ ပြုပြင်ပြောင်းလဲမှုရှိရင် ဒီလိုပဲ။ Resistant ဆိုတာရှိတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ မူလအတိုင်းပဲ ကြိုက်တယ်ပေါ့။ ပြောင်းတာကို မကြိုက်ဘူးဆိုတဲ့သူက အများကြီးပါ။ မိဘတွေထဲမှာလည်း ရှိနိုင်ပါတယ်။ တချို့ကကြိုက်တယ်။ တချို့ ကမကြိုက်ဘူး။ မကြိုက်တဲ့သူမှာလည်း မကြိုက်တဲ့အကြောင်းပြချက်တွေ ရှိမှာပေါ့။

မော်ကွန်း – မကြိုက်တဲ့သူတွေအတွက် ဆရာတို့ဘက်က လုပ်ဆောင်ပေးဖို့ မရှိဘူးပေါ့။

ဦးကိုလေးဝင်း – ရှိသမျှ တစ်ရာရာခိုင်နှုန်းတော့ ဘယ်သူမှ ကျေနပ်မှုရရှိနိုင်မှာမဟုတ်ဘူး။ ဒါ ဒီမိုကရေစီနိုင်ငံမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတဲ့အတွက်ကြောင့် မကြိုက်တဲ့သူလည်း ရှိမယ်။ ကြိုက်တဲ့သူလည်းရှိမယ်။ ဒါပေမဲ့ တိုင်းပြည်ပြောင်းလဲမှုအတွက် လိုအပ်တယ်ဆိုရင်တော့ ဒါပြည်ထောင်စုပညာရေးဝန်ကြီးဋ္ဌာနတို့၊ ဦးစီးဋ္ဌာနတို့တွေ အနေနဲ့တင်လုပ်တာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရ တနည်းအားဖြင့် သက်ဆိုင်ရာမူဝါဒရေးရာကို စီမံလမ်းညွှန်ပေးနေတဲ့ အပေါ်ပိုင်းက အစိုးရပိုင်းကလည်းရှိတယ်။ အဲ့ဒီအတွက် ဆရာဘာသာ ထွင်ပြီးတော့ လုပ်နေတာမဟုတ်ဘူး။ ဆရာတို့ကတော့ တစ်ရာမှာ တစ်ရာလုံးကျေနပ်ရင်တော့ ကောင်းတာပေါ့ဗျာ။ ၂၅ % သို့ ၅% က သို့မဟုတ် ၁၀ % မကျေနပ်ဘူးဆိုရင် အများသဘောတူတာကို လုပ်ရမှာပေါ့။ ဒါသဘာဝပဲဟာကို။ အခုက ရှိသမျှ ကွန်ပလိန်းတွေ ကြေညာချက်တွေထုတ်တဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ အဲ့လိုအဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာရော ဘယ်လောက်များ သူတို့ကို ကိုယ်စားပြုပြီးတော့မှ ဘယ်နှစ်ယောက်လောက်ကများရှိနေလဲဆိုတာ ကြည့်ရမှာပေါ့။

မော်ကွန်း – တစ်လတိုးတဲ့စနစ်အပေါ် ဝန်ကြီးဋ္ဌာနရဲ့ ဆန္ဒကရော ဘယ်လိုရှိလဲ။

ဦးကိုလေးဝင်း – လက်ရှိပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကို လုပ်သင့်လို့ လုပ်တာဖြစ်တဲ့အတွက် သဘောထားက ဘာကိုမှ ပြောင်းလဲစရာမရှိဘူး။ ဆရာတို့ချည်းပဲ ဒါကို အောက်ကနေပြီးတော့ ပြီးစလွယ်လုပ်တာမဟုတ်ဘူး။ အဆင့်ဆင့်တင်ပြီး သဘောတူညီချက်ယူပြီးတော့မှ လမ်းညွှန်ချက်အရလုပ်နေတာဖြစ်တဲ့အတွက် ဆက်ပြီးတော့ လုပ်ဖို့အတွက် ပြဿနာတွေရှိနိုင်တယ်။ ဒါကို ဆရာတို့ဘက်က ကြိုးစားပြီး ဖြေရှင်းရမှာပေါ့။

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."