” ပြည်ထောင်စုအဆင့်ကလုပ်သည်ဖြစ်စေ။ ဘယ်အဆင့်ကလုပ်သည်ဖြစ်စေပါ။ အဓိကက အလုပ်လုပ်ရတာ အောက်ခြေကပါ။ အောက်ခြေကဆရာ၊ ဆရာမတွေကိုယ်တိုင်အလုပ်လုပ်ရတာပါ။ Stakeholder တွေက အဆင်မပြေဘူးလို့ပြောရင် ပြည်ထောင်စုအဆင့်ကလည်း ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံလို ပြင်ဆင်စရာခက်ခက်ခဲခဲမှ မဟုတ်တာ။”
ယခု ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများမတ်လကုန်အထိ ပညာရေးဝန်ကြီးဋ္ဌာနက စာသင်ကာလတိုးမြှင့်လိုက်သည့်အပေါ်တွင် ဆရာ၊ ဆရာမထုနှင့် မိဘများ၊ လူမှုကွန်ရက်၊ လူ့အသိုင်းအဝန်းကြားတွင် ဂယက်ရိုက်ခဲ့သည်။
လတ်တလောအခြေအနေများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်နှစ်စောင်ထုတ်ထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (Myanmar Teacher’s Federation)၏အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်ကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားသည်ကိုဖော်ပြလိုက်ရပါသည်။
သဇင်လတ်မေးသည်။
မော်ကွန်း – တစ်လထပ်တိုးလိုက်တဲ့ ပညာရေးဝန်ကြီးဋ္ဌာနရဲ့ စနစ်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ်က ဘယ်လို ယူဆလဲ။
ဦးဇော်မျိုးလှိုင် – စာသင်ဖို့ သင်ရိုးရေးဆွဲထားတာက ကျွန်တော်တို့ သိထားသလောက်က ၃၆ ပတ်စာ သင်ရိုးရေးဆွဲတယ်။ ဒီဖေဖော်ဝါရီလကုန်မှာပဲ ၃၆ ပတ်ပြည့်တယ်။ သင်ရိုးက လက်ရှိသင်ရိုးအရဆိုရင် လုံလောက်နေပြီ။ လုံလောက်နေတဲ့အခါမှာ အစဉ်အလာအရတော့ စာမေးပွဲကို Level နဲ့ကြည့်တယ်။ ကျောင်းစစ်၊ မြို့နယ်စစ်၊ ခရိုင်စစ် နောက်တခါ အစိုးရစစ်ဆိုပြီးရှိတယ်။ အဲ့တော့ အဲ့အစဉ်အလာမှာ ကျောင်းစစ်တွေကို အရင်ပြီးအောင် ဖေဖော်ဝါရီလကုန်မှာစစ်တယ်။ အဲ့ဒါပြီးတော့မှ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ အစိုးရအဆင့်တွေကို ကျင်းပကြတယ်။ အခုကျတော့ ခရိုင်စစ်၊ တိုင်းစစ်နဲ့ အစိုးရစစ်တွေက အရင်ကျင်းပမယ်။ လေးတန်း၊ ရှစ်တန်းနဲ့ တက္ကသိုလ်ဝင်တန်းပေါ့နော် ကျန်တဲ့သူငယ်တန်းကနေ ကိုးတန်းအထိ ကျန်တဲ့အတန်းတွေကို မတ်လနောက်ဆုံးအပတ်ကျမှ စာမေးပွဲစစ်မယ်ပေါ့။ အဲ့လိုလုပ်လိုက်တဲ့အခါကျတော့ သူတို့ကတော့ စာသင်ကာလကို မတ်လကုန်အထိ လုပ်တယ်လို့ ဝန်ကြီးဋ္ဌာနက ကြေညာထားတာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်တွေ့မြေပြင်မှာကျတော့ ပြဿနာက ဒီ ၄၊ ၈၊ ၁၀ စာမေးပွဲတွေ လုပ်နေတဲ့ကာလတွေမှာလည်း တကယ်တမ်းကျတော့ ကျန်တဲ့အတန်းအားလုံးက ပိတ်ထားရမယ့်အနေအထားရှိတယ်။ စာမေးပွဲရက်မှာ ကျန်တဲ့ကျောင်းသားတွေ ဝင်ခွင့်မရှိဘူး။ အဲ့လိုဆိုတော့ ကျောင်းသားတွေက မတ်လတစ်လလုံးတိုးလိုက်တော့လည်းပဲ တကယ်တမ်းကျတော့ စာသင်ရက်က ငါးရက်ပဲရှိတဲ့အတွက် ထူးပြီးတော့ တိုးတာမဟုတ်ဘဲနဲ့ စာမေးပွဲကို နောက်ရွှေ့ထားတာဖြစ်သွားတယ်။ အဲ့လိုလုပ်လိုက်တဲ့အခါကျတော့ ဘာတွေပြဿနာလာတက်လဲဆိုတော့ ကျွန်တော်တို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က MTF Page မှာ ပထမကြေညာချက်တင်ထားပါတယ်။ ၆/၂၀၁၉ အဲ့ဒီမှာ ကျွန်တော်တို့က မြေပြင်မှာ အဓိက အခက်အခဲဖြစ်နိုင်တဲ့ အချက် (၇) ချက်ကို ထောက်ပြ အကြံပြုထားပါတယ်။ အဓိကက အဲ့အထဲမှာ ထောက်ပြတဲ့အချက် (၃) နဲ့ (၅)ပေါ့နော်။ (၃) ကဘာဖြစ်လို့လဲဆိုတော့ အဲ့လိုတပြိုင်နက်တည်း ကျင်းပလိုက်တဲ့အတွက် ကျောင်းသားရဲ့ ပညာအရည်အသွေးကတော့ ထူးခြားစွာတိုးတက်လာတာမျိုးမဟုတ်ဘဲနဲ့ စာသင်ရက် ငါးရက်တိုးပြီးတော့ စာမေးပွဲနောက်ဆုတ်တာဘဲ ရှိတယ်။ စာမေးပွဲတွေက တပြိုင်နက် အတွဲလိုက်ကြီး တောက်လျှောက်ကျင်းပတဲ့အခါကျတော့ ဆရာ၊ ဆရာမတွေမှာက ဒီတစ်လအတွင်းမှာ ဝန်ထုပ်ဝန်ပိုး အရမ်းပိပါတယ်။ အရမ်းပိတဲ့အတွက် မြေပြင်အနေအထားတွေမှာ တချို့ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာအချိုးမမျှပါဘူး။ အလယ်တန်းကျောင်းတစ်ကျောင်းဆိုရင် ဆရာက လေးယောက်တို့ ငါးယောက်တို့လောက်ပဲရှိတယ်။ အဲ့တော့ ဒီဆရာ၊ ဆရာမတွေက စာမေးပွဲတွေအကုန်လုံးမှာလည်း အလှည့်ကျတာဝန်ထမ်းဆောင်ရသလို စာမေးပွဲအားလုံးမှာ တာဝန်ထမ်းဆောင်ရတော့ ဒီတစ်လလုံးမှာ တာဝန်အရမ်းပိပါတယ်။
နောက်တစ်ချက်ကျတော့ ရာသီဥတုအခြေအနေပါ။ မတ်လအထိဆွဲသွားမယ်ဆိုရင် အဲ့ဒီ့မတ်လထိခေါ်သွားတဲ့ အတန်းတွေက အရေးကြီးပါတယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်းတောင် သူ့အရှေ့ကပြီးပြီးတော့ ဥပမာ KG လိုမျိုး Grade I / Grade II လို လူမမယ်ကလေးတွေက မတ်လကုန်အထိကျောင်းလာတက်နေရမယ်ဆိုတာတွေက ရာသီဥတုဒဏ်အတွက် သူတို့အတွက် စိုးရိမ်ရပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အို ဆရာကြီး၊ ဆရာမကြီးတွေ အသက် ၅၈ ၊ ၅၉ ထိရှိပါတယ်။ သူတို့တွေကလည်း ဒီရာသီမှာ ဆက်ပြီး ထမ်းဆောင်ရမယ်ဆိုတာတွေက မသင့်တော်ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့တွေက အကျိုးနဲ့ပြန်နှိုင်းယှဉ်လိုက်ရင် ဒီမတ်လအထိ စာသင်ကာလလို့ သတ်မှတ်လိုက်ပြီးတော့ သွားသော်လည်းပဲ ကျောင်းသားတွေအတွက် ထူးပြီးတော့ အကျိုးမရှိပါဘူး။ ဆရာ၊ ဆရာမတွေအတွက်က ပိုပြီး ဝန်ပိတယ်။
နောက်တစ်ချက်က ဒီလိုမတ်လကုန်အထိလုပ်တာဟာ တချို့တွေက ကျွန်တော်တို့ကို စွပ်စွဲနေတာရှိတယ်။ ဒီဆရာ၊ ဆရာမတွေက ဖေဖော်ဝါရီလကုန်မှာ စောစောနားချင်လို့ ဒါမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ အစိုးရဝန်ထမ်းတွေဟာ ကျောင်းသားတွေ ဖေဖော်ဝါရီလ ကျောင်းပိတ်သွားသည့်တိုင်အောင် သူတို့ဖြေခဲ့တဲ့ အဖြေလွှာတွေ စစ်ဆေးရေးတွေ၊ အောင်စာရင်းပြုစုရေးတွေ၊ အတန်းအကူးအပြောင်းတွေ၊ ကျောင်းအကူးအပြောင်းတွေ ဒီလိုမျိုးကိစ္စတွေအတွက် ရုံးလုပ်ငန်းတွေ ဆက်လုပ်ပြီးတော့ ကျန်ခဲ့တာပါ။ မတ်လတစ်လလုံးလည်း လုပ်ရပါတယ်။ ဧပြီလ ၁ ရက်နေ့ဆိုရင်လည်း တက္ကသိုလ်ဝင်တန်းစစ်ဆေးရေးအတွက် တာဝန်တွေ သွားရောက်ထမ်းဆောင်ရပါတယ်။ နောက်ပြီးတော့ နှစ်ဆန်းနှစ်ရက်နေ့ဆိုရင်လည်း နှစ်စဉ်အောင်စာရင်းတွေ ကြေညာထုတ်ပြန်တဲ့အလုပ်တွေ အောင်စာရင်းကပ်ရတဲ့အလုပ်တွေ ဆက်လုပ်ရပါတယ်။ မေလကလည်း မေလတစ်လလုံး ကျွန်တော်တို့က သင်ရိုးအသစ်သင်တန်းတွေအတွက် တက်ရပါတယ်။ ဆရာ၊ ဆရာမတွေက နားချင်လို့ပြောနေတာမဟုတ်ဘူး။ တစ်လတည်းမှာ စုပြုံကျမယ့် ဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန်ဖြေရှင်းရမှာ။ ဒါကိုသာ ကျွန်တော်တို့က ထောက်ပြတာပါ။ ဒါကတော့ ဒီဘက်က ဆရာ၊ဆရာမတွေရဲ့ အခက်အခဲ။ ကျောင်းသားတွေဘက်က ထူးခြားတဲ့အနေအထားရှိလားဆိုတော့ ကျောင်းသားအတွက်က ထူးတဲ့အနေအထားရှာမတွေ့ပါဘူး။ ဝန်ကြီးဋ္ဌာနကို သတင်းမီဒီယာတွေက မေးတဲ့အခါမှာလည်း ဝန်ကြီးဋ္ဌာနဘက်ကတာဝန်ရှိသူတွေ ဖြေတာကလည်း Policy Maker တွေက ညွှန်ကြားလို့လို့ ပြောတယ်။ ဘယ်သူ့ကိုဆိုလိုတာလဲ ကျွန်တော်တို့မသိဘူး။ မရှင်းလင်းပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံလား၊ နိုင်ငံတော်သမ္မတာလား ဒါမှမဟုတ်ရင် အမျိုးသားပညာရေးမူဝါဒကော်မရှင်ကလား။ အဲ့အချက်တွေ မရှင်းလင်းပါဘူး။ နောက်ဆုံးဖြေသွားတာကတော့ ဝန်ကြီးက အဓိက နံပါတ်တစ်ပါတဲ့။ သူပဲ နံပါတ်တစ်တပ်သွားတယ်။ နံပါတ်တစ်အချက်က ကျောင်းသားမိဘတွေရဲ့ စီးပွားရေးပိုပြီးတော့ ကောင်းမွန်အောင်ပေါ့။ ကျောင်းမှာ ကျောင်းသားတွေကို တစ်လခေါ်ထားလိုက်တဲ့အတွက် မိဘတွေရဲ့စီးပွားရေးကို အာရုံစိုက်ပြီးတော့ ပိုပြီးလုပ်နိုင်ပါတယ်တဲ့။ နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုအောင်ပါဆိုပြီးတော့ ပြောသွားတယ်။ ဒါဟာ ပညာရေးဆိုင်ရာအယူအဆမဟုတ်ပါဘူး။ ကျွန်တော်တို့ နားလည်တာက ကျောင်းသားအတွက် မတ်လကုန်အထိခေါ်ထားလို့ ကျောင်းသားတွေ ပညာရေးတိုးတက်မယ်ဆိုရင် ဒါကအကျိုးအကြောင်းခိုင်လုံပါတယ်။ အဲ့လိုမျိုးခိုင်လုံတဲ့ အကျိုးအကြောင်းပြချက်မျိုး မဖြေကြားဘဲနဲ့ မဆိုင်တဲ့အချက်တွေ ဖြေကြားနေတာကတော့ သိပ်သဘာဝမကျဘူးပေါ့။ အဲ့ဒီအတွက် ကျွန်တော်တို့က ဒီဇင်ဘာ ၂၂ ရက်က တစ်ကြိမ်ထုတ်တယ်။ အခုတစ်ကြိမ်ထပ်ထုတ်တယ်။
မော်ကွန်း – MTF က ကိုယ်စားပြုနေတဲ့ ဆရာ၊ ဆရာမ ဘယ်လောက်ရှိနေလဲ။
ဦးဇော်မျိုးလှိုင် – ကျွန်တော်တို့ ကိုယ်စားပြုအနေနဲ့ အလွှာလေးလွှာမှာ သိန်းဂဏန်းရှိပါတယ်။ ဆရာ၊ ဆရာမတွေက အပြောင်းအရွှေ့ပါသွားတာမျိုးရှိတယ်။ ဟိုဘက်မြို့နယ်ရောက်တယ်။ ပြန်မဝင်ရသေးတာလည်းရှိတယ်။ ပြန်မဝင်ရသေးတာရော ဝင်တာရောရှိတဲ့အတွက်ကြောင့် စာရင်းက အမြဲတမ်းမငြိမ်ပါဘူး။
မော်ကွန်း – ပြည်ထောင်စုအဆင့်ကနေပြီးတော့ ဒီဆုံးဖြတ်ချက်ကို ချတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီစနစ်ကို ပြင်ဖို့မရှိဘူးလို့ပြောတယ်။ အဲ့ဒီအပေါ် MTF က ဘယ်လိုမြင်လဲ။
ဦးဇော်မျိုးလှိုင် – ပြည်ထောင်စုအဆင့်ကလုပ်သည်ဖြစ်စေ။ ဘယ်အဆင့်ကလုပ်သည်ဖြစ်စေပါ။ အဓိကက အလုပ်လုပ်ရတာ အောက်ခြေကပါ။ အောက်ခြေကဆရာ၊ ဆရာမတွေကိုယ်တိုင်အလုပ်လုပ်ရတာပါ။ Stakeholder တွေက အဆင်မပြေဘူးလို့ပြောရင် ပြည်ထောင်စုအဆင့်ကလည်း ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံလို ပြင်ဆင်စရာခက်ခက်ခဲခဲမှ မဟုတ်တာ။ ပြန်လည်သုံးသပ်ဖို့လွယ်လွယ်လေးပါ။ ပြည်ထောင်စုအဆင့်ကလုပ်လုပ် ဘယ်အဆင့်က လုပ်လုပ်ပါ။ အရေးကြီးတာက တကယ်အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေလား မပြေလား သူတို့ဒါကို သုံးသပ်ရမှာပါ။
မော်ကွန်း – သူတို့ဘက်ကပြောတာကတော့ ဒီစနစ်ကို ဖျက်ဖို့မရှိဘူး။ ဒီဟာပေါ်မှာ ဖြစ်လာတဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ပဲ ရှိတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ချင်လဲ။
ဦးဇော်မျိုးလှိုင် – ဒါဆိုလည်း သူတို့လုပ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ လက်တွေ့မြေပြင်အခက်အခဲတွေ ဖြစ်လာပြီးမှ ရလာဒ်ဆိုးတွေ ရပြီးမှ ပြန်နောက်ဆုတ်ရတယ်ဆိုတာမျိုးက အဆင်မပြေပါဘူး။ အစကတည်းက ဉာဏ်ပညာနဲ့ယှဉ်ပြီး သုံးသပ်ဖို့လိုတာပါ။ သူတို့လက်တွေ့မြေပြင်အခြေအနေတွေကို ကွင်းဆင်းပြီးတော့ လုပ်တာမျိုးတော့ ဖြစ်သင့်ပါတယ်။ အခုတော့ ကျွန်တော်တို့ လာမယ့် (၉)ရက်နေ့မှာ ပညာရေးမှူးတွေခေါ်ထားတယ်။ ပညာရေးမှူးတွေကို ခေါ်ထားရမှာ မဟုတ်ဘူးဗျ။ မြေပြင်ကို တကယ်ကွင်းဆင်းပြီးတော့ စစ်ရမှာ။ ပညာရေးမှူးဆိုတာတွေက အစဉ်အလာအရ အာဏာရှင်လက်အောက်ကထွက်လာတာ။ လူကြီးရှေ့ဆိုရင် အဆင်ပြေပါတယ်ပဲ ပြောသွားမှာပေါ့။ အောက်ကျမှ မနိုင်မနင်းနဲ့ ပြဿနာတွေ လာဖြစ်မှာ။ ခံစားရတာကျတော့ အောက်ခြေကဆရာ၊ဆရာမတွေပဲ ဒီဒဏ်ကိုဖိစီးပြီးတော့ ခံစားရတာ။
မော်ကွန်း – မနေ့ကထုတ်ပြန်ချက်မှာ ဝန်ကြီးဋ္ဌာနကို မဲရုံစောင့်တာမျိုး တာဝန်မျိုးတွေမှာ မပူးပေါင်းတော့ဘူးဆိုတဲ့ သဘောထားမှာဆိုရင် ဆရာ၊ ဆရာမတွေက ဘယ်လောက်ပါဝင်သွားမှာလဲ။ ဘယ်သူတွေက MTF နဲ့ပူးပေါင်းမှာလဲ။
ဦးဇော်မျိုးလှိုင် – ဒီဟာလတ်တလော ကျွန်တော်တို့ ဖြေလို့မရသေးဘူး။ ဖြေစရာလည်းမလိုသေးဘူး။ ဘာလို့လဲဆိုတော့ မဲရုံကအဝေးကြီးကျန်သေးတယ်။ ကျွန်တော်တို့က အဲ့ဒါနမူနာတစ်ခုပြောတာပါ။ ကဲ့သို့လို့ ဥပမာပေးခဲ့တာပါ။ မဲရုံကို အဓိကထားတာလည်းမဟုတ်ဘူး။ ဥပမာ ကျွန်တော်တို့မှာ အပိုအလုပ်တွေ လုပ်နေရတယ်။ ကိုယ့်မူလတာဝန်တွေကို ကျွန်တော်တို့ရေးထားတဲ့အထဲမှာ မခိုမကပ်၊ နိုင်ငံ့တာဝန်ကို အပြည့်အဝ ကြိုးစားပမ်းစားထမ်းဆောင်မှာပါ။ ကျန်တဲ့ကိစ္စမှာ မတ်လကုန်ထိဆိုလည်း ကျွန်တော်တို့ မငြင်းပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အစိုးရဝန်ထမ်းဆိုတာ ညွှန်ကြားချက်ပါရင်လုပ်ရမှာ။ သို့သော် ကျွန်တော်တို့ မူလတာဝန်မဟုတ်တဲ့ သင်ကြားရေးလို၊ စစ်ဆေးရေးလို တာဝန်မဟုတ်ဘဲနဲ့ ကျွန်တော်တို့ မဆိုင်တဲ့ ရွေးကောက်ပွဲတွေ၊ အထွေထွေရွေးကောက်ပွဲတွေ ကျွန်တော်တို့လုပ်ရတယ်။ ကြားဖြတ်ရွေးကောက်ပွဲလုပ်ရတယ်။ သန်းခေါင်စာရင်းကောက်ရတယ်။ ကျေးလတ်ကျန်းမာရေးတွေမှာ ကာကွယ်ဆေးပေးတဲ့လုပ်ငန်းတွေလုပ်ရတယ်။ နောက်စည်ပင်ရွေးကောက်ပွဲတွေမှာ လုပ်ရတယ်။ ဒါတွေက ကျွန်တော်တို့ မူလတာဝန်တွေမဟုတ်ဘူး။ အဲ့တော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လုပ်ရမယ့် တာဝန်တွေကို ပြီးအောင်လုပ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ မဆိုင်တဲ့ လုပ်ငန်းကို ဒီတစ်ခါတော့ ငြင်းပယ်ဖို့ ကြိုးစားကြမယ်။
#dailynews