ရန်ကုန်၊ ၂၀၂၃ မတ် ၃(မော်ကွန်း)
CDMကျောင်းသားတွေတက်ရောက်နေတဲ့ နာမည်ကြီးကြားကာလအွန်လိုင်းစာသင်ကျောင်းအချို့ လုံခြုံရေးအချက်အလက် ပေါက်ကြားမှုတွေကြောင့် လာမယ့်ကျောင်းဖွင့်ရာသီအွန်လိုင်းကနေပညာသင်ကြားရေးနဲ့ပတ်သက်လို့ ပြန်လည်စဉ်းစားရတော့မယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။
အခြေခံပညာကျောင်းသားသုံးသောင်းကျော်ပညာသင်ကြားနေတဲ့ FOEIMအွန်လိုင်းအခြေပြုကြားကာလ စာသင်ကျောင်းဟာငွေကြေးအငြင်းပွားမှု၊ကျောင်းသားအချို့ရဲ့အချက်လက်ပေါက်ကြားမှုတွေဖြစ်ပေါ် ပြီးနောက်လုံခြုံရေးအခြေနေအရ ကျောင်းကိုအပြီးပိတ်သိမ်းကြောင်း အခုလ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလဲ နာမည်ကြီးအွန်လိုင်းစာသင်ကြောင်းတစ်ခုဖြစ်တဲ့ K4Uမှာတက်ရောက်နေတဲ့ ကျောင်းသားတွေနဲ့သင်ကြားပေးတဲ့ CDMဆရာ၊ဆရာမတွေရဲ့အချက်လက်တွေ ပေါက်ကြားပြီး ကျောင်းတည်ထောင်သူနဲ့ဆရာဆရာမအချို့ ဖမ်းဆီးခံခဲ့ရကာကျောင်းပိတ်သိမ်းခဲ့တဲ့ဖြစ်စဉ်ကြုံတွေ့ခဲ့ရပါတယ်။
ဒီလိုဖြစ်စဉ်တွေကြောင့် လာမယ့်နှစ်ဖွင့်လှစ်မယ့်ကြားကာလအွန်လိုင်းစာသင်ကျောင်းတွေမှာထားရှိဖို့ကို ပြန်လည်စဉ်းစားသွားတော့မယ်လို့ ကျောင်းသားမိဘတွေဘက်ကပြောဆိုလာတာပါ။
ကြားကာလပညာရေးစနစ်ကိုအားကိုးပြီးကလေးတွေကိုအွန်လိုင်းကနေစာသင်ဖို့ရွေးချယ်ခဲ့ပေမယ့် အငြင်းပွားဖွယ်အချက်အလက်ပေါက်ကြားမှုတွေနဲ့ကျောင်းပိတ်သိမ်းတာတွေက ကလေးတွေအတွက် အခက်ခဲဖြစ်စေလို့ အခုလိုစဥ်စားတာဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ်က ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
“အချက်အလက်တွေအခုလိုပေါက်ကြားလာတော့ ကလေးအတွက်ရော မိဘအတွက်ရောအဆင်မပြေဘူး။ ဒီရက်ပိုင်းထဲဖုန်းနံပါတ်အစိမ်းလာရင်တောင် မကိုင်ရဲဘူးဖြစ်နေတယ်။ အစကတော့ အဆင်ပြေရင် နောက်နှစ်တွေပါဆက်ထားမယ်ဆိုပြီးစဥ်းစားထားတာ အခုကသူတို့ပြန်ဖွင့်မယ်ဆိုရင်တောင် ပြန်ထားဖို့ကခက်နေပြီ”လို့ ၎င်းကဆိုပါတယ်။
လက်ရှိမှာတော့ FOEIM မှာတက်ရောက်နေတဲ့ မူလတန်းကျောင်းသားတွေအတွက် သင်ရိုးမပြီးပြတ်သေးတဲ့ ဘာသာရပ်အချို့ကို ဆရာမတွေကပုံစံပြောင်းကာဆက်လက်သင်ကြားပေးနေတယ်လို့ မူလတန်းကျောင်းသား မိဘတစ်ဦးကပြောပါတယ်။ ကျောင်းရဲ့စာသင်ကြားမှုအပိုင်းကအဆင်ပြေတာကြောင့် ကလေးကိုနောက်နှစ်ဆက်ထားဖို့စဥ်စားထားပေမယ့် လုံခြုံရေးပေါက်ကြားပြီးကျောင်းပိတ်လိုက်ရတာကိုစိတ်မကောင်းဖြစ်မိတယ်လို့သူကဆိုပါတယ်။
“စာသင်ပေးတာကဆင်ပြေတယ်၊သင်ပေးတဲ့ဆရာမတွေကလည်း စေတနာပါကြပါတယ်။ ကလေးကလည်း အွန်လိုင်းကနေသင်ရတာအသားကျနေပြီ၊ အခုလိုတွေဖြစ်တော့ နောက်နှစ်အပြင်ကျောင်းပဲထားတော့မယ်ပြောတာ ကလေးကမတက်ချင်ဘူးဆိုပြီးတောင်ဂျီကျသေးတယ်။ကျောင်းအပြီးပိတ်တာကိုသူက နားမလည်သေးဘူးလေ”လို့ ၎င်းကပြောပါတယ်။
လက်ရှိမှာ NUG အစိုးရပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒ ၁၁ ချက်နဲ့အညီ လိုက်နာဆောင်ရွက်မယ်လို့ ဝန်ခံကတိပြုထားတဲ့ ကြားကာလအခြေခံပညာပြည်သူ့ကျောင်း၊အွန်လိုင်းစာသင်ကျောင်း ၁၁ ကျောင်းရှိပြီး စိစစ်ဆဲကျောင်းတွေလဲရှိတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Dailynews