အကြမ်းဖက်စစ်တပ်ရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းဝင်စီးနင်းခံရပြီး အရာရှိနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းဝင်စီးနင်းခံရပြီး အရာရှိနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံး

ပခုက္ကူ – ၂၀၂၃ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမှာရှိတဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းကို ဒီနေ့မနက် အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အာဏာသိမ်းစစ်တပ်က အရာရှိနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖက တာဝန်ရှိသူ ဗိုလ် Cross က မော်ကွန်းကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဒီနေ့မနက် ၆း၀၀ နာရီကနေ ၈း၀၀ နာရီကျော်အထိ အနီးကပ်ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဗိုလ် Cross ကပြောပါတယ်။

“ကျွန်တော်တို့အနီးကပ်ဝင်စီးတာပါ၊အဆောင်တွေလည်း တော်တော်မီးရှို့ခဲ့တယ်၊အဆောင်တွေတော့ပြာကျသွားတယ်၊ မြင်းတွေကိုလည်းသယ်ဖို့အဆင်မပြေတော့ လွှတ်ပေးလိုက်တယ်၊မြင်းကအကောင်၂၀လောက်ရှိပါတယ်”လို့ ဗိုလ် Cross ကပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အာဏာသိမ်းစစ်တပ်စခန်းမှာ စစ်သားနဲ့ရဲ ၅၀
ဝန်းကျင်ရှိပြိီး နေထိုင်တဲ့မိသားစုဝင် ၁၀၀ ဝန်းကျင်ရှိကာ ထိတွေ့တိုက်ပွဲကြောင့် အရပ်သားတွေကိုထိခိုက်တာမရှိဘူးလို့ သူကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးနဲ့ တပ်သားငါးဦး သေဆုံးခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦး၊ တပ်သားနှစ်ဦးကို စစ်သုံ့ပန်းအနေနဲ့ဖမ်းဆီးမိခဲ့ရတယ်လို့ သူကပြောပါတယ်။

လက်နက်ငယ် MA 1 သုံးလက်၊ကျည်ဘောက်ခြောက်ခု၊ အူစီကျည်ဘောက် ၁၅ခု သိမ်းဆည်းရမိခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က Mi 35 လေယာဥ်နဲ့ အချက်ရေ ၁၀၀ ခန့်လာရောက်ပစ်ခတ်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားတာကြောင့် အနီးနားကျေးရွာနှစ်ရွာက ဒေသခံရွာသား ၁၀၀၀ ကျော်ထွက်ပြေးတိမ်း​ရှောင်နေရပါတယ်။

ပုံစာ – ဝင်ရောက်တိုက်ခိုက်ရာမှာသေဆုံးသော အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သားများ
ဓါတ်ပုံ – မြိုင်ပကဖ


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."